
ယနေ့ နံနက်၌ မဲဆောက်မြို့ရှိ တောရမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် နာဂစ်မုန်တိုင်း ဒဏ် ကြောင့် သိန်းချီ သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားများအား ရည်စူး၍ ဆွမ်းသွပ်အမျှအတန်း ပေးလှူပွဲ ကျင်းပသည်။
ဒေသခံများနှင့် ဒေသတွင်းရောက် မြန်မာများ တက်ရောက်ခဲ့ကြပြီး ကွယ်လွန်သူများအား ရည်စူး၍ မြ၀တီမြို့မှ ကြွရောက်လာသည့် မြန်မာသံဃာတော်များနှင့် သီလရှင်များ၊ မဲဆောက်ရှိ ဘုန်းတော်ကြီးများအား ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရား နာယူခြင်း၊ မေတ္တာသုတ် ရွတ်ဆိုခြင်းများ ပြုလုပ်ကြသည်။
တောရကျောင်း ဆရာတော် ဘဒ္ဒန္တမဟိန္ဒ က “သေဆုံးသွားတဲ့လူတွေ လွတ်ရာကျွတ်ရာ ရောက် စေဖို့အတွက် ဗုဒ္ဓဘာသာ ထုံးတမ်းနဲ့အညီ ကောင်းမှုကုသိုလ် ပြုလုပ်ပေးတာဖြစ်တယ်” ဟု မိန့်ကြားသည်။
ယနေ့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သောကြောင့် လေမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူများ အတွက် ဆွမ်းသွပ်အမျှဝေသည့် အလှူအပြီး မွန်းလွဲပိုင်းတွင် ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားအား ဆက်လက်ကျင်းပသည်။
ကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်အား အလုပ်ရုံ၊ စက်ရုံအသီးသီးမှ ဓမ္မစကြာအဖွဲ့များ၊ မြန်မာနိုင်ငံသားများ၊ ဒေသခံများ အပါအ၀င် ညောင်ရေသွန်းလောင်းပွဲ ကျင်းပကြသည်။
တောရကျောင်း ဆရာတော် ဘဒ္ဒန္တမဟိန္ဒက ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ပတ်သက်၍ “ဘုရား အလောင်းတော်သည် မဟာဗောဓိပင်ကို အမှီပြုကာ မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဘီစီ (၅၈၉) ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ကာ အလုံးစုံကို အကုန် သိမြင်တော်မှုသော သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ပရိဘောဂစေတီထိုက်သော မဟာဗောဓိပင်များ သေကျေပျက်စီးမှု မရှိစေရန်အတွက် မဟာ
ဗောဓိပင်ကို ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်းဖြစ်သည်” ဟု တရားဟောကြားတော်မူသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ညောင်ရေသွန်းပွဲများကို မဲဆောက်ဒေသအတွင်းရှိ အခြား မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် ထိုင်းဘုန်းတော်ကြီးကျောင်းများတွင်လည်း ကျင်းပကြ သည်။
မဲဆောက်တောရကျောင်းသည် မုန်တိုင်းဒဏ်ခံရသူများအား အကူအညီပေးနိုင်ရေးအတွက် လေဘေးကယ်ဆယ်ရေး အလှူခံဌာနကို ယခုလ (၆) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် ငွေကြေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံသို့ ဘာသာရေး အဖွဲ့အစည်းများမှတဆင့် ပေးပို့လှူဒါန်းလျက်ရှိသည်။ လှူဒါန်းလိုသူများ တောရကျောင်း ဆရာတော် ဘဒ္ဒန္တမဟိန္ဒ (၀၅၅,၅၃၂,၀၄၁) သို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်သည်။
Source
No comments:
Post a Comment