Tuesday, May 20, 2008

ရခိုင်ပြည်နယ်မှ မျိုးစပါးများ လေဘေးသင့်ဒေသများသို့ ပို့

Narinjara News 5/20/2008

ရခိုင်ပြည်နယ်မှ ကောက်ခံရရှိသော မျိုးစပါးများအား နအဖ အာဏာပိုင်များ အနေဖြင့် လေဘေးဒဏ်ခံခဲ့ကြရသည့် ဧရာဝတီတိုင်းသို့ သင်္ဘောများဖြင့် ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ စိုက်ပျိုးရေးဌာန ၀န်ထမ်းတဦးက “စုစုပေါင်း မျိုးစပါး တင်းပေါင်း ၂၇၀၀ ကို မေလ ၁၇ ရက်နေ့က စစ်တွေ ဆိပ်ကမ်းကတဆင့် ဓည၀တီ ၂ သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု ပြောသည်။

အဆိုပါ မျိုးစပါးများမှာ ဒေသခံ တောင်သူလယ်သမားများထံမှ ကောက်ယူ ထားသော စပါးများဖြစ်ပြီး နောက်ထပ်လည်း ဆက်လက်ပို့ဆောင်ရန် နအဖ အာဏာပိုင်များက စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ မျိုးစပါးများအား ရခိုင်တောင်သူလယ်သမားများမှ လေးဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ဧရာဝတီတိုင်းမှ တောင်သူလယ်သမားများအတွက် လိုလိုလားလား ကူညီသော မျိုးစပါးများ ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် နအဖ စစ်အာဏာပိုင်များက ရခိုင်ပြည်နယ်အနှံ့မှ လေးဘေးသင့် ဒုက္ခသည်များအတွက် အကူအညီများ ဆက်လက်တောင်းခံလျက်ရှိနေပြီး ရခိုင်ပြည်နယ်အနှံ့အပြားမှ အကူအညီများ ဆက်လက်ပံ့ပိုး ကူညီလျှက် ရှိနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့မှလည်း ၀ါး၊ ဓနိ အပါအ၀င် ဆန်စပါးများကို လည်း ပေးပို့လှူဒါန်းနေကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ် ခင်ဇော်မှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိ နေပြီး ရခိုင်ပြည်နယ်မှ ကူညီပေးသော အကူအညီများအား လက်ခံ ရယူနေ ကြောင်း သိရှိရသည်။

Source

No comments: