Tuesday, May 20, 2008

ဂျပန်ရောက် ရခိုင်လူငယ်များက ရွှေဝါရောင်တော်လှန်ရေး ငွေလှူ

Narinjara News 5/20/2008

ဂျပန်ရောက် ရခိုင်လူငယ်များက ရွှေဝါရောင်တော်လှန်ရေး အပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ရောက်ရှိလာသော ရခိုင်ရဟန်းတော်များနှင့် အန်ဒမန်ကျွန်းတွင် ဖမ်းဆီးခံခဲ့ရသော ရဲဘော်များ၏ ဇနီးသားသမီးများသို့ ငွေလှူ


ဂျပန်ရောက် ရခိုင်လူငယ်များက စုပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာသော ရခိုင်ရဟန်းတော်များနှင့် အန်ဒမန်ကျွန်းတွင် ဖမ်းဆီးခံခဲ့ရသော ရဲဘော်များ၏ ဇနီးသားသမီးများသို့ ငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ငွေများအား နိရဉ္စရာ သတင်းဌာနမှ တဆင့်ပေးအပ်လှူဒါန်းရာ ရွှေဝါရောင်တော်လှန်ရေး အပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ရောက်ရှိလာသော ရခိုင်ရဟန်းတော်များအတွက် တာကာငွေ ၁၁၂၀၀ နှင့် အန်ဒမန်ကျွန်းတွင် ဖမ်းဆီးခံခဲ့ရသော ဗိုလ်မှူး သိန်းကျန်အောင်၏ ဇနီးသို့ တာကာငွေ ၆၈၀၀ အား နိရဉ္စရာ သတင်းဌာန တာဝန်ရှိသူများက အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။

ရခိုင်ရဟန်းတော်များသို့ မေလ ၁၈ ရက်နေ့ကလည်းကောင်း ဗိုလ်မှူးသိန်းကျန်အောင်၏ ဇနီး မဦးလှမေထံသို့ မေလ ၁၉ ရက်နေ့ကလည်းကောင်း အဆိုပါ ငွေများကို လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဂျပန် နိုင်ငံမှ ပေးပို့သော သတင်းအရ အဆိုပါ လှူဒါန်းငွေများမှာ ရက္ခိတ လူမှုရေး အဖွဲ့ (Arakan Rakhita Group) မှ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ကူညီလှူဒါန်းသူများမှာ ဂျပန်နိုင်ငံရောက် မလှလှဝေ၊ မအေးမေ၊ ကိုကျော်စိုးနိုင်၊ ကိုမောင်မောင်ကျော်နှင့် ကိုအောင်ထွန်းလင်းတို့ ဖြစ်ကြသည်။

အဆိုပါ ဂျပန်ရောက် ရခိုင်လူငယ်များအနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံရှိ ရဟန်းတော်များနှင့် အန်ဒမန်ကျွန်းတွင် ဖမ်းဆီးခံခဲ့ရသော ဗိုလ်မှူးသိန်းကျန်အောင် ဇနီးအတွက်သာမက ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်ရဟန်းတော်များနှင့် အိန္ဒိယစစ်တပ်၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော ဗိုလ်ရာဇာ၏ ဇနီးအပါအ၀င် တခြားမိသားစုများသို့လည်း ငွေကြေးများ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ထပ်လည်း အကူအညီများ ပေးကမ်းနိုင်ရန် ဆက်လက်ငွေကြေးများ ရှာဖွေ စုဆောင်းနေကြသည်ဟု သတင်းရရှိသည်။

ငွေကြေးများ ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ကိုကျော်ဥာဏ်စိုးမှ တဆင့် ဖေါ်ပြပါ ဖုံးနံပတ် ( ၈၁-၀- ၈၀၃၂-၀၈၀-၆၂၉) မှ ဆက်သွယ်လှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

Source

No comments: