Monday, May 19, 2008

ဒုက္ခသည်များ ကားလမ်းဘေးတွင် အကူညီကို မျှော်ရဆဲ

NEJ/ မေ ၁၉ ၂၀၀၈


စစ်အာဏာပိုင်များက ကူညီကယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် လုပ်ဆောင်နေပါသည်ဟု ပြောဆိုနေသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခသည်များပင်လျှင် အကူညီရရှိရေးအတွက် ကားလမ်းဘေးဝဲယာတလျှောက် စောင့်ဆိုင်းနေကြရသည်။


မုန်တိုင်းဒဏ်ခံရပြီး (၂) ပတ်ကျော်သည့်အထိ ဂျပန်သံရုံးမှ ဆန်တကြိမ် ဝေငှခဲ့သည်မှလွဲ၍ အကူညီမရသေးသဖြင့် ကားလမ်းဘေးတွင် စောင့်ဆိုင်းနေကြသော ရန်ကုန်တိုင်း၊ ကွမ်းခြံ ကုန်းမြို့နယ် ခလောက်သည်နှင့် ကျွန်းချောင်းကျေးရွာများမှ ဒုက္ခသည်များက ပြောသည်။

ခလောက်သည်ကျေးရွာမှ ဒုက္ခသည်တဦးက “ကျမတို့ဆိုရင် မိခင်နဲ့ကလေးက အဖွဲ့ဝင်တွေပါ၊ ဈေးလည်းရောင်းတယ်လေ။ ခုဆိုရင် ရွာထဲမှာ ဘာမှ စားသုံးစရာလည်း မရှိကြဘူး၊ ၀ယ်လို့
လည်းမရ၊ ပဲတွေ အာလူးတွေ ၀ယ်ထားတာလည်းကုန်ပြီ။ ခုလည်း တညလုံး မအိပ်ရ၊ ရေဒဏ် မိုးဒဏ်တွေခံထားရတော့ လူတွေမှာလေ၊ စားလည်းမစားချင်ဘူး၊ စားစရာဆိုလည်းဘာမှမရှိဘူး။ နွားတွေသေလို့ စိတ်မကောင်းတာကတမျိုး။ ရွာထဲမှာတော့ အသေပျောက်မရှိပေမယ့် ကွင်းထဲ ထွက်တဲ့လူတွေကတော့ အသေများတယ်။ ခလောက်သည် ကဆို (၃၀၀) ကျော် လောက် သေတယ်” ဟု ပြောသည်။

စစ်အစိုးရက ပြည်ပမှ လှူဒါန်းသော ယာယီနေထိုင်စရာများ ဝေငှသည်ဟုဆိုသော်လည်း အဆိုပါ ကျေးရွာများသို့ မရောက်သေး၍ ဒုက္ခသည်အများစုမှာ ဖြစ်သလို ဆောက်လုပ်ထားသော အမိုး အကာအောက်တွင်ပင် နေထိုင်ကြရသည်။

အခြားဒုက္ခသည်တဦးကလည်း “အလောင်းတွေဆို ဒီနားတွေမှာ အများကြီးပဲ။ ညဘက်ကျလည်း ကလေးတွေရဲ့ ကယ်ပါဦး၊ ကူပါဦး အော်သံတွေလည်း ကြားနေရတော့ ရွာထဲမှာ အကုန်လုံး ချောက်ချားနေကြတယ်။ နောက် လေထပ်လာမှာ ကြောက်တယ်။ အရင်တုန်းက မိခင်နဲ့ကလေးက ဆိုတော့ ကွမ်းခြံကုန်းကို အစည်းဝေးတွေသွား၊ သူတို့ဆီကလည်းလာ၊ အခုကျတော့ ဘယ်အဖွဲ့ အစည်းကမှလည်း လာကူညီမယ့်လူမရှိဘူး” ဟု ပြောသည်။

ကျွန်းချောင်းကျေးရွာမှ ဒုက္ခသည်တဦးကလည်း “ဒီနေ့ ရန်ကုန်ဘက်က လာဝေမယ်လို့ သတင်း ရလို့ လာစောင့်နေကြတာ။ ပြောတော့ပြောတာပဲ၊ လာဝေမယ်ဆိုလို့လာတာလေ။ ဒီနေ့တော့ ဒီမှာ လာထွက်စောင့်ပါလို့ပြောတယ်၊ အဖွဲ့တဖွဲ့လာမယ်လို့ ပြောတယ်။ ဒီလိုပဲ အဖွဲ့တွေလာပေးတာ နဲ့ပဲစားနေကြရတာ။ သက်ဆိုင်ရာကလည်း ဆန်လာပေးတာ သုံးလေးခါရှိပြီ၊ တခါ ပေးရင် တအိမ် ထောင်ကို ဆန်လေးလုံးစီ” ဟု ပြောသည်။

ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအနေဖြင့် ကူညီလိုသူများကို စစ်အစိုးရက ၎င်းတို့၏ လူမှုရေး အသင်း အဖွဲ့အမည်ခံများမှတဆင့် လှူဒါန်းကြရန် တိုက်တွန်းထားပြီး သီးခြားသွားရောက်လှူဒါန်းမှုများကို ကန့်သတ်လျက်ရှိသည်။

Source

No comments: