နေသွင် Thursday, 01 May 2008
ချင်းမိုင်။ ။ အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် ဖော်ထုတ်ဆန္ဒပြသော ယနေ့နံနက်က ဘန်ကောက်မြို့ လမ်းလျှောက် ချီတက်ပွဲတွင် ရာပေါင်းများစွာသော ထိုင်း အလုပ်သမားများနှင့် အတူ ဒါဇင်နှင့် ချီသော မြန်မာများလည်း သွားရောက် ပူးပေါင်းကြသည်။
ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့မှ ဦးဆောင်သော အလုပ်သမားနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ကရင်အလုပ်သမားအဖွဲ့၊ ရခိုင် အလုပ်သမားများအဖွဲ့ တို့မှ မြန်မာအလုပ်သမား (၅၀) ခန့်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးအတွက် ချီတက်ကြသည်။
အလုပ်သမားထုကြီးသည် နံနက် (၈) နာရီတွင် ဘန်ကောက်မြို့ ဒီမိုကရေစီ အထိမ်းအမှတ် မှတ်တိုင်ရှေ့တွင် စုဝေးကြပြီး ထိုင်းအလုပ်သမား ၀န်ကြီးဌာနရုံးသို့ ဦးတည် လမ်းလျှောက်ခဲ့ကြသည်။
ဆန္ဒပြသူများသည် အလုပ်သမား အခွင့်အရေးများကို တောင်းဆိုသောစာကို ထိုင်း အလုပ်သမား ၀န်ကြီးသို့ ပေးရန် ကြိုးစားရာ လက်ခံမည့်သူ မရှိသဖြင့် လေယာဉ်ပုံများ ခေါက်ချိုးပြီး ရုံးဝင်းအတွင်းသို့ ပစ်လွှတ်ခဲ့ကြသည်။
အလုပ်သမားအဖွဲ့များ၏ ယနေ့ တောင်းဆိုချက်တွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ် ပေးရန်၊ ၀င်ငွေနှင့် စားစရိတ်ကို အချိုးမျှအောင် စီစဉ်ပေးရန်။ ရေနှင့်မီးကို ပုဂ္ဂလိကပိုင် လုပ်ထားသည့်စနစ်ကို ဖျက်သိမ်းပေးရန် စသော အချက်များ ပါဝင်သည်၊
၎င်းအပြင် တရားမ၀င် အလုပ်သမားများကို သတင်းပေးသူကို အလုပ်သမားထံမှ ရရှိသော ဒဏ်ငွေ၏ (၁၀) ရာခိုင်နှုန်း ပေးမည်ဆိုသော ပြဌာန်းချက်ကို လျှော့ပေးရန်၊ တရားမ၀င် အလုပ်သမားများကို အလုပ်သမားလက်မှတ် ပြုလုပ်ပေးရန်၊ တနေရာမှ တနေရာသို့ လွတ်လွတ်လပ်လပ် ပြောင်းရွှေ့ခွင့်ပေးရန်၊ စသောအချက်များလည်း ထည့်သွင်း တောင်းဆိုထားသည်။
ချီတက်ရာ လမ်းတလျှောက်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားသော်လည်း ပြဿနာ တစုံတရာ မရှိခဲ့ဘဲ နေ့လည် (၁) နာရီခန့်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားသည်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း မြန်မာအလုပ်သမားများ သမဂအဖွဲ့ချုပ် (FTUB)၊ ရောင်ခြည်ဦး၊ အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့ (BLSO)၊ မြန်မာအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JAC) စသော မြန်မာ အလုပ်သမား အဖွဲ့အစည်းများနှင့် နယ်စပ်အခြေစိုက် မြန်မာရှေ့နေများ ကောင်စီ (BLC) တို့သည် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေရာခွဲ၍ ကျင်းပခဲ့ရာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာ တက်ရောက်ခဲ့သည်။
ထူးခြားချက်မှာ ဘီအယ်လ်အက်စ်အိုက ပြုလုပ်သော အခမ်းအနားတွင် ဖွဲ့စည်းပုံအပေါ် ဆန္ဒခံယူပွဲသည် မဲပုံးထားရှိရာ ကန့်ကွက်မဲ (၂၅၁) နှင့် ပယ်မဲ (၃) မဲ ရရှိသည်ဟု အဖွဲ့၏ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။
"အဓိကတော့ မကြာခင်မှာ အလှည့်အပြောင်းတခု ဖြစ်တော့မယ် ဆိုတာကို ရွှေပြောင်း အလုပ်သမားတွေကအစ မြန်မာပြည်မှာ ကိုယ်တိုင် သွားရောက် မဲမထည့်နိုင်ပေမဲ့ သူတို့စိတ်ဓါတ်က ဆန့်ကျင် ကန့်ကွက်မဲ ထည့်မှ သာလျှင် တိုင်းပြည် အပြောင်းအလဲ ဖြစ်မယ်ဆိုတာကို သူတို့ တက်တက် ကြွကြွနဲ့ ပါဝင် ဆွေးနွေးခဲ့ကြတယ်။ ဟောပြောကြတယ်။ နောက်တချက်က မြန်မာပြည်မှာ နေကြတဲ့ သက်ဆိုင်ရာ ကိုယ့်မိဘ ဆွေမျိုး များကို သူတို့မှ တဆင့် ကန့်ကွက်မဲ ထည့်ဖို့ ကန့်ကွက် ဆန့်ကျင် ဆန္ဒမဲ ပေးကြဖို့ လှုံ့ဆော်မှာ ဖြစ်တဲ့အကြောင်း သိရတဲ့အတွက် အလွန်မှ ၀မ်းမြောက်စရာ ကောင်းပါတယ်" ဟု ကိုသံဒုတ်က ပြောသည်။
အိန္ဒိယနိုင်ငံတွင်လည်း အလားတူ အလုပ်သမားနေ့ အထိမ်းအမှတ် အလုပ်သမား လှုပ်ရှားမှုကို မြန်မာအသိုင်းအ၀ိုင်းက ကျင်းပခဲ့ကြသည်။
ပြည်တွင်း၌ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယနေ့ သ၀ဏ်လွှာတွင် အလုပ်သမားထု အနေဖြင့် လမ်းပြမြေပုံ (၇) ချက် အကောင်အထည် ဖော်လာရေးအတွက် ကျသည့်နေရာမှ တာဝန်ကျေကြရန် တိုက်တွန်းထားသည်။
Source
No comments:
Post a Comment