Thursday, May 1, 2008

ကြက်ဆူ စီမံကိန်းကြောင့် ကပ်ဘေးသင့်ခြင်း အစီရင်ခံစာ ထုတ်ဝေ

ကျော်ထင်/ ၁ မေ ၂၀၀၈

မြန်မာနိုင်ငံအ၀န်းတွင် (၃) နှစ် စီမံကိန်းဖြင့် ကြက်ဆူပင် စိုက်ပျိုးနေကြရသည့်အတွက် ပြည်သူ များ ကပ်ဘေးသင့်နေသော အခြေအနေကို သုတေသန ပြုထားသည့် အစီရင်ခံစာတစောင်ကို ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လူထုဖွံ့ဖြိုးရေး လှုပ်ရှားသူများက ယနေ့ ထုတ်ဝေလိုက်သည်။

တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (ECDF) ၏ အစီရင်ခံစာအရ ၀န်ထမ်းများ၊ ကျောင်း သူကျောင်းသားများ အပါအ၀င် လူထုတရပ်လုံးက ခွဲတမ်းစနစ်ဖြင့် မဖြစ်မနေ လုပ်ဆောင်ရသော ကြောင့် အတင်းအဓမ္မ လုပ်အားစေခိုင်းမှု အပါအ၀င် မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်ခြင်း၊ လယ်ယာမြေ သိမ်းခံရခြင်းနှင့် ထွက်ရှိသော ကြက်ဆူသီးများကို ရောင်းချရန် ဈေးကွက်မရှိခြင်းတို့ကြောင့် အခက်အခဲ ကြုံနေရကြောင်း သိရသည်။

ECDF ဒါရိုက်တာ စိုင်းခွန်(မ်)းဆိုင်က “စစ်တိုင်း (၁၃) တိုင်းစလုံး တိုင်းတတိုင်းစီကို ကြက်ဆူဧက (၅) သိန်းစိုက်ရမယ်၊ စိုက်လို့ မပြီးဘူးဆိုရင် အရေးယူမယ်၊ နောက် စိုက်ပျိုးရေး ၀န်ကြီးဌာနက တနိုင်ငံလုံး ဧက (၈) သန်း စိုက်ပျိုးဖို့ သတ်မှတ်ထားပါတယ်။ အဲလိုမျိုးဆိုရင် လက်ရှိ မြန်မာနိုင်ငံ လူဦးရေနဲ့ တွက်ချက်ရင် လူတယောက်ကို ကြက်ဆူပင် (၁၇၇) ပင် စိုက်ပျိုးရပါလိမ့်မယ်” ဟု ပြောသည်။

နအဖစစ်ဆောင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဇီဝလောင်စာဆီ ထုတ်ယူရန် ရည်ရွယ်ပြီး ကြက်ဆူပင် စိုက်ပျိုးရန် ၂၀၀၅ ခုနှစ် ဒီဇင်ဘာက အမိန့်ပေး ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

စိုင်းခွန်(မ်)းဆိုင်ကဆက်၍ “ကျနော်တို့ အစီရင်ခံစာထဲမှာ တွေ့ရှိချက်တွေအရဆိုရင် ဒီစီမံ ကိန်းတခုတည်းနဲ့ကို ပြည်သူလူထုတွေ ဒီလောက်ခံစားရတာဆိုတော့ မြန်မာနိုင်ငံရေးဟာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ၊ နောက်ပြီး စိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒတွေဟာ မြန်မာ စစ်ဗိုလ်ချုပ်များ ချမှတ်တဲ့ မူဝါဒတွေ မဖြစ်သင့်တော့ပါဘူး။ ပြည်သူလူထုက ပူးပေါင်းပါဝင် တဲ့ဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲနိုင်တဲ့ အခြေနေတွေရယ်နဲ့ လုံခြုံစွာ အသက်မွေးဝမ်းကျောင်းခွင့်တွေ ရှိဖို့သင့်ပါပြီ” ဟု ပြောသည်။

"အမိန့်အာဏာဖြင့် ဇီဝလောင်စာ ထုတ်လုပ်ခြင်း" ဟု အမည်ပေးထားသော အစီရင်ခံစာကို ပြည်တွင်းမှ သုတေသီ (၁၅) ဦးတို့က ပြည်နယ်(၇) ပြည်နယ်ရှိ မြို့နယ်ပေါင်း(၃၂) မြို့နယ်တွင် လူတွေ့မေးမြန်းမှုများ၊ အချက်အလက်စုဆောင်းမှုများကို (၁) နှစ်ခွဲအ ချိန်ယူပြီး ပြုစုထား ခြင်းဖြစ်သည်။

Source

No comments: