Wednesday, August 13, 2008

လမ်းပျောက်ရင်း ကြွေလွင့်ရသူများ(၂)

မျိုးစစ်( ခေတ္တ- ဘန်ကောက် )

တိုင်းဗဟိုလေ့ကျင့်ရေး (၃) တွင်စစ်သင်တန်း စသည်နှင့် သတိ၊သက်သာအေးစေ၊ လက်နက်ငယ်ဖြုတ်ခြင်း တပ်ခြင်း၊ တိုက်ချွတ်ခြင်း။ ပုံဖျက်ခြင်း၊ ခွါစစါ ချီစစ်၊စသည်တို့ အားဟုတ်တိ ပတ်တိ တလခွဲခန့် သင်ပြီး နောက်တွင်၊ တပ်စု တိုက်ပွဲ၊တပ်စိပ်တိုက်ပွဲတို့အား ကျေညက်အောင် သင်ရမည့် အစား တပ်စုတပ်စိတ်လိုက် ပြောင်းဖူးချိုး၊ပန်းနှမ်းခူး၊အုတ်ရိုက်၊ ကျောက်ထုတို့ဖြင့် မကြာ မကြာ လုပ်ရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲသည်မှာ ဆိုဖွယ်ရာမရှိ။

အအေးပိုင်းဒေသဖြစ်သဖြင့် စစ်သင်တန်းတွင် လးလှိမ့်အော်ဟစ်လိုက်၊ ဖက်ထိပ်လုပ်လိုက်ဖြင့် ညနေပိုင်း တခါသာ ရေချိုးဆိပ်တွင် ကျွဲအုပ်၊နွား အုပ်လို မောင်းသွားကာ အချိန်အကန့် အသတ်ဖြင့် ရေချိုးရသည်၊ အပြစ်လုပ်မိလျှင်လည်း မြေကြီးပေါ်တွင် အမှောက်ခိုင်းကာ တုတ်ဖြင့်ကျွဲရိုက် နွားရိုက်သလို ဒဏ်ပေးသည်၊ တခါတ၇ံ အချင်းချင်း အလှည့်ကျ တပ်စုမှူးအား အရိုက်ခိုင်းတတ်သည်၊ ကိုယ်က သနား၍ ဖြေးဖြေး ရိုက်မိလျှင် နည်းပြမှ ကိုယ့်အား အမှောက်ခိုင်းပြီး နမူနာ ရိုက်ခံထိ၍ ညှာ၍ မရိုက်ရဲ၊ ကိုယ်ခန္ဒာတွင် ၀ဲများ။ သန်းများ စွဲကပ်ကြသည်၊ သွေးဝမ်းကိုက်သူများ မှာလည်းဒုနှင့်ဒေး။ နည်းပြများမှာ အပြစ်ရှာတော်သူများပင်၊


သင်တန်းကာလ အပြစ်လွတ်သူတယောက်မျှမရှိပါ၊ ပါးရိုက်နားရိုက်တတ်ရုံမက သတိဆွဲ၍ စစ်ဖိနပ်ဖြင့် ညိုသကြီး အား လူတိုင်းကန်ခံထိဖူးသည်၊ သန်းလွင်ခမျာအရာရာတွင်သူများထက်နာက်ကျတတ်ပြီး တန်းစီနောက်ကျခြင်း၊သတ်မာမာ မဆွဲတတ်ခြင်း၊ကစ်ခေါက်မညီခြင်းစသည်တို့ဖြင့် အပြစ်မျိုးစုံ မလွတ်သူ ပင်၊ ဆရာများ အရိုက်ကြမ်း၍ ကလေးလိုငိုသောကြောင့် နောက်ပိုင်းတွင် သူ့အား ဂျွမ်းထိုး၊ ဖားခုန်ဖြင့်သာ အပြစ်ပေး တော့သည်။ ခိုင်းလိုက်သည်မှာလည်း ထောင်သားများနှင့်မခြား၊ ကျွန်တော်တို့  အပတ်စဉ်တွင် မကွေးဘက်မှ အညာသားတယောက် ကျောက်ထူ ရင်း မျက်စိ ကျောကာက်စမှန်၍ မျက်လုံး တိမ်စွဲသဖြင့် သင်တန်းသားဘ၀မှထွက်ခွင့်ရသွားသော်လည်း ဘာခံစားခွင့်မှ ကြီးကြီးကျယ်ကျယ် ရမ သွား ရှာပေ။ တပတ်စဉ်တွင် လူ ၂၀၀ ဖြင့် သင်တန်းစသော်လည်း အစစအရာရာ ပင်ပန်း ဆင်းရဲ လွန်းသဖြင့် အပြေးများကာ သင်တန်းဆင်းချိန် တွင် လူ ၁၅၀ ပင် မပြည့်ချင်။
တပ်ပြေးဖမ်းမိလျှင် သင်တန်းအချုပ်ခံထိရုံမက ပြန်ဖမ်းမိသူအား တပ်စုအားလုံးတန်းစီကာ နမူနာ အနေဖြင့် နောက်ထပ်မပြေးရဲအောင် တယောက် တချက်စီ ရိုက်ခိုင်း၏၊ အရိုက်ခံရသူမှာ အယောက် ၄၀ ခန် ပတပ်စု မကုန်ခင် ဖင်မှ ချေးစိမ်း များထွက်၍ မခံနိုင်တော့။၎င်းမှာ ဖင်တွင်အညိုအမည်း သွေးခြေဥ ၍ ရက်တော် တော်ကြာ ဖင်ချ မထိုင်နိုင်၊ စိတ်ဓါတ်တို့ အား အကြောက်တရား၊ အမိန့်တို့ ဖြင့် စိုးမိုးကာ ချိုးပြစ်၏၊ ကိုယ်ချင်းစာတရား လည်း သိပ်မရှိ၊ ကျွန်တော်နှင့်တွဲဖက် သန်းလွင်တို့ ၊ ကိုချင်းကြီးတို့လို လူသား အခွင့် အရေးဆိုတာလည်း မကြားဖူး၊ ရိက္ခာဘယ်လောက်ရတယ်၊ လခ ဘယ်လောက်ရတယ်ဆိုတာလည်း မသိ၊ကျွေးတာစား၊ခိုင်းတာလုပ်၊ တပ်သားသစ် လခသည်လည်း သင်တန်း ဆင်းသွားသည်အထိ ယူနီ ဖောင်းဖိုး၊ သေတ္တာဖိုး၊ ဘာဖိုး ဘာဖိုးတွေ ဖြတ် ၍ မပြီးနိုင်။

သင်တန်းဆင်း ၍ တပ်ရင်းများခွဲသောအခါ ရှမ်းပြည်နယ်ရှိ ခလရ (၂၄၈) မိုးနဲသို့  သန်းလွင်နှင့် ကျွန်တော် အတူကျ ၍ ကိုချင်းကြီးမှာ ကယား ပြည်နယ် ဘက် တာဝန်ကျသွားသည်၊သူ့ခမျာ ကိုယ် ပိုင်နံပါတ်ရ ၍ စစ်သားဖြစ်သွားသော်လည်း ကလေးစိတ် မကုန်သေး၊ ဈေးရောင်းရာတွင် သူနှင့် အမြဲပါသော ဒုက္ခိတ ညီမလေး နှင့် သူ့အမေအား သတိရကြောင်း မကြာမကြာ ပြော၏၊ အရိုက်ကြမ်း သော သူ့အဖေအား သတိ သိပ်ရပုံ မပေါ်၊ သူ့ကို အားပေါ်၍ ဖေးမတတ်သော ကျွန်တော်နှင့် တပ် စိတ် တစိတ်တည်းကျ ၍သာ သူအားရှိ၏၊ သူ့ ကိုယ်ပိုင်နံပါတ်လည်း မကြာမကြာ မေ့တတ် ၍ ဆရာ များ၏ နရင်းအရိုက်ခံထိသည်မှာ အကြိမ်ကြိမ်။

တပ်ရင်းတွင် တပ်ခွဲများ ခွဲသောအခါ ကျွန်တော်က စစ်ကြောင်းရုံးတွင် ထလရ တပ်စုတွင် တာဝန်တာဝန်ကျ ၍ သူက တပ်ခွဲ ၄တွင် တာဝန်ကျ၏၊ ရှေ့ တန်း မထွက်ခင် သူနှင့်တွေ့ သောအခါ သူ့အား ငယ်မှန်းသသိသော်လည်း ကျွန်တော်ဘာမှ မတတ်နိုင်၊ "ဟိတ်ကောင် ရှေ့ တန်း ၆ လထွက်ပြီး တပ်ပြန်ဝင် ရင် ခွင့် ပြန်လို့ ရတယ်ကွ၊ အဲဒီကျရင် မင်းအမေနဲ့ ညီမလေး ဆီပြန်လို့ ရတာပေါ့ကွာ" လို့ ကျွန်တော်ကပြောတော့ သူက " ငါအိမ်မပြန် တတ်ဘူးကွ" လို့ ပြန်ပြောပါတယ်၊ သူ့ခမျာ အတတနှင့် သူများလိုလည်း ထွက်မပြေးတတ်၊ "မပူပါနဲ့ကွာ၊ ငါခွင့်ပြန်တာနဲ့ ကြုံရင် မင်းကို ငါပြော မယ်၊ ငါမင်းတို့မြိုံဘက်က မင်းနဲ့ အတူလှည့်ပြန်ပေးမယ်၊ ကူညီမယ်" ဟုပြောတော့ သူ့မျတက်နှာပျော်နေ၏၊ ရှေ့ တန်း မိုင်းရှူးခွင်တွင် ထွက်သော အခါ သူနှင့် ကျွန်တော် သိပ်မဆုံဖြစ်တော့၊ ကျွန်တော်ဝှက်စာသွင်း၊ ၀ှက်စာ ဖော် ၊သူတို့တပ်ခွဲက လှုပ်ရှားတပ်ခွဲ ဖြစ်သဖြင့် သူ့တာဝန် ကိုယ့်တာ ၀န်ဖြင့် မဆုံဖြစ်တော့၊ နောက်ပိုင်း ကိုယ့်တာဝန်ဖြင့် မဆုံဖြစ်တော့၊ နောက်ပိုင်း မိုင်းနောင်းတွင် သူတို့ တပ်ခွဲ တပ်စွဲ ထားစဉ်၊ မနက်ပိုင်း ရေခပ် ဆင်းချိန် (In bushes) ချောင်းမြောင်းပစ်ခံထိသောအဖွဲ့ တွင် သန်းလွင် ပါသွားပြီး သူပါ တိုက်ပွဲကျ သွားသည်၊

သူ့ခမျာ စစ်သက် တနှစ်ပင်မပြည့်လိုက်သေး၊ သေသည်အထိ သူ့လစာ ဘယ်လောက်ရတယ်ဆိုတာပင် သိမသွားရှာ။ သူသသတိရလေ့ရှိသော သူ့ညီမလေး (ခြေထောက်သိပ်မသန်)ဒုက္ခိတနှင့် သူ့အမေတို့နှင့် လည်း ပြန်မတွေ့ ရတော့။

တပ်မတ်ာတွင် ကျွန်တော့် သူငယ်ချင်း သန်းလွင်လို လမ်းပျောက်ရင်း ကြွေလွင့်ခဲ့ရသော လူငယ်ပေါင်းများစွာ ရှိနေမည်ကို ကျွန်တော် အသေ အချာ သိပါသည်၊

"ကျဆုံးသွားသော သူငယ်ချင်းများ ဦးညွှတ်ရင်း"


No comments: