Thursday, September 4, 2008

စစ်အစိုးရ လမ်းပြမြေပုံမှလွဲ၍ ရွေးချယ်စရာမရှိဟု အန်အယ်လ်ဒီအမတ်ဟောင်းမောင်စူးစမ်းပြော

ပီတာအောင်/ ၄ စက်တင်ဘာ ၂၀၀၈

စစ်အစိုးရသွားနေသည့် လမ်းပြမြေပုံ (ရုဒ်မက်) အတိုင်း သွားရုံမှလွဲ၍ တခြားရွေးချယ်စရာ လမ်းမရှိသည့် အတွက် ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမည်ဖြစ်သည်ဟု အန်အယ်လ်ဒီ အမတ်ဟောင်းလည်းဖြစ်သည့် စာရေးဆရာ မောင်စူးစမ်းက ပြောသည့်အတွက် အတိုက်အခံ ဘက်က သဘောမတူကြောင်း ပြောဆိုသည်

သြဂုတ် (၈) ရက် ရန်ကုန်ထုတ် မော်ဒန်သတင်းဂျာနယ်ပါ ဆရာမောင်စူးစမ်း၏ “နိုင်ငံရေး သစ်ချင်း ဖျတ်ခနဲ ယှဉ်ကြည့်” ဆောင်းပါးနှင့် ပတ်သက်၍ ခေတ်ပြိုင်က သီးခြား ဆက်သွယ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါး၌ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အသစ်နှင့် အခင်းအကျင်းအသစ်ဖြစ်နေပြီဖြစ်၍ နိုင်ငံရေးအသစ်ဖြစ်မည်ဖြစ်ကြောင်း၊ အခြား ရွေးချယ်စရာ အစီအစဉ်နှင့် ဖိုရမ်တို့ ဖြစ်နိုင်ခြေမရှိ၍ ဖြစ်နိုင်ခြေ တကယ်ရှိနေသည့်အစီအစဉ်ကို မြန်မြန်ဖြစ်အောင်သာ တိုက်တွန်းရန်ရှိသည်ဟု ဆရာမောင်စူးစမ်းက ရေးထားသည်။

ဆရာ မောင်စူးစမ်းက “ဒါက No choice ဘယ်သူမှ ဒါနဲ့ယှဉ်ပြိုင်ရွေးစရာလမ်းမရှိဘူး။ No choice at all ကြိုက်သော်ရှိ မကြိုက်သော်ရှိ လက်ခံရမှာ။ စိတ္တဇဖြစ်ဖို့မလိုဘူး။ နိုင်ငံရေးသမား နိုင်ငံရေး ဆိုတာ စိတ္တဇဖြစ်ရတာမဟုတ်ဘူး။ ဒါက ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ ဒါကိုအသိအမှတ် မပြုဘူး ဆိုရင် ငါဘာလုပ်မလဲ။ (existential crisis) ခေါ်တယ်။ ဖြစ်တည်မှုအကျပ်အတည်းပဲ။ မေးကြည့် ပေါ့။ ကိုယ့်ဘာ့ကိုယ် ဒါမလုပ်ရင် ကိုယ်ဘာလုပ်မလဲဖြေပေါ့။ ဆိုလိုတာမဟုတ်ဘူး။ အဖြစ်အတိုင်း တင်ပြတာ။ အရှိအတိုင်း၊ ဒီလမ်းကလွဲလို့ မရှိဘူး” ဟု ပြောသည်။

ဆရာမောင်စူးစမ်း၏အမြင်ကို သဘောမတူကြောင်းနှင့် ရုဒ်မက်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “လူတွေမှာတော့ သီးခြားအမြင်ရှိမှာပေါ့ဗျာ။ ကျနော်တို့က ရုဒ်မက်ကို လက်မခံဘူး။ ရုဒ်မက်ကလွဲပြီး တခြားနည်းလမ်းရှိတယ်ဆိုပြီး ကျနော်တို့ ကြိုးစားနေတယ်။ သူကတော့ ဒါပဲရှိ တယ်လို့ ပြောတယ်။ မတူပါဘူး အမြင်ချင်း။ ကျနော်တို့တိုင်းပြည်က အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောပြီး လုပ်လို့ရတဲ့တိုင်းပြည်ဆိုရင် ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောပြီး အလုပ်လုပ်မှာပါ။ ဒီတိုင်းပြည်မှာ အဲဒီလိုလုပ်ခွင့်မရှိတဲ့အခါ ဘယ်လိုဘယ်ရွေ့ မပြောနိုင်ပါဘူး” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးရေးသည် အလှတန်ဆာဆင်ခြင်းသာဖြစ်ပြီး အနှစ်သာရ မဟုတ်ကြောင်း၊ အလှတန်ဆာဆင်မှုကို စွဲမက်လွန်းလျှင် ဤအလှတန်ဆာဆင်မှုထဲ ချောင်ပိတ်မိပြီး ထွက်နိုင်မည် မဟုတ်ဟုလည်း မောင်စူးစမ်းက သူ့ဆောင်းပါတွင်ပြောသည်။

“ခမ်းနားကြီးကျယ်ချင်တာပဲပြောနေတာ။ ဘာ Issue ကို ပြောမှာလဲ၊ Issue Oriented ဖြစ်မှပေါ့၊ ဒိုင်ယာလော့ဂ်ဆိုပြီး ပါးစပ်က ပြောတာပဲ ခမ်းနားကြီးကျယ်တဲ့ သဘာဝရှိတဲ့ဟာမျိုးကြီးတွေ ပြောနေတော့ လူ့အခွင့်ရေးရှိတယ်၊ constitutional affair ရှိမယ်၊ ပါဝါပြဿနာရှိမယ်၊ မဟာ ဗျူဟာ Issue တွေ မပြောဘဲနဲ့ ဘာလုပ်မလဲ။ ဖြစ်သင့်တာ မဖြစ်သင့်တာနဲ့မဆိုင်ဘူး။ နိုင်ငံရေး က ဒါနဲ့ကြည့်ရတာမဟုတ်ဘူး၊ ဖြစ်နေတာပဲကြည့်ရမယ်” ပြောသည်။

တွေ့ဆုံဆွေးနွေးမှုကို ဆရာ မောင်စူးစမ်းက မထောက်ခံသော်လည်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးကို အဖြေရှာနိုင်မည်ဟု အန်အယ်လ်ဒီက ယနေ့တိုင် ယုံကြည်ထားဆဲဖြစ်သည်။ ဆရာမောင်စူးစမ်း၏ တွေ့ဆုံဆွေးနွေးရေးသည် အလှတန်ဆာဆင်ခြင်းသာဖြစ်သည်ဆိုသည့် အယူအဆနှင့် ပတ်သက်၍ အန်အယ်လ်ဒီကို မေးမြန်းရာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့သဘော မတူပါဘူး။ အန်အယ်လ်ဒီကတော့သဘောမတူပါဘူး။ ကျနော်အသေးစိတ် တော့မပြောချင်ဘူး။ သူလွတ်လွတ်လပ်လပ်တွေးလို့ရတယ်။ ကျနော်တို့ကလည်း လွတ်လွတ် လပ်လပ်တွေးလို့ရတယ်။ သူ့ဆောင်းပါးတွေအပေါ်မှာ ကျနော်တို့အသေးစိတ်ပြောမယ်ဆိုရင် ကျနော်တို့ အဓိကလုပ်ရမယ့် အလုပ်တွေပျောက်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကိုယ့်အချင်း ချင်းကြားမှာပဲ စကားများနေကြတဲ့သဘောဖြစ်နေမယ်” ဟု အန်အယ်လ်ဒီက ပြောသည်။

စာရေးဆရာ မောင်စူးစမ်းခေါ် ဦးချမ်းအေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည်။

လက်ရှိအချိန် ဆရာမောင်စူးစမ်းသည် ဓန၊ ရနံ့သစ်၊ နွယ်နီ၊ အတွေးအမြင်၊ စံပယ်ဖြူ စသည့် မဂ္ဂဇင်းများအပြင် ဈေးကွက်၊ စာဖတ်သူ၊ ကုမုဒြာ၊ 7 Day News၊ ခေတ်ဆန်း၊ အကျိုးဆောင် စသည့် အပတ်စဉ် ဂျာနယ်များ၌ ပြည်တွင်း စီးပွားရေးနှင့် နိုင်ငံတကာရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်

Source

No comments: