Thursday, September 4, 2008

လာဟူးပြည်သူ့စစ် နအဖနှင့်လက်ဝါးရိုက်ပြီး စိတ်ကြွဆေးသယ်ပို့ ထိုင်းမှဆိုင်ကယ်တင်သွင်း

သျှမ်းသံတော်ဆင့် သတင်း

သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးအခြေစိုက် ဂျပီးကွယ်လားဟူ ပြည်သူ့စစ် အဖွဲ့ဝင်အချို့သည် ထိုင်းနယ်စပ် သို့ စိတ်ကြွဆေး သယ်ဆောင်ရောင်းချပြီး ဟွန်ဒါဆိုင်ကယ်များ နားကောင်းမူးသို့ ပြန်သွင်းကြောင်း၊ နအဖ ဂိတ်စောင့်များ သိသော်လည်း မသိဘာသာ လစ်လျူရှုထားကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ယခုနှစ် ဂျွန် - ဂျူလိုင်- သြဂတ်စ်လအတွင်း ပါခီး နအဖ တပ်စခန်းဂိတ်မှ နားကောင်းမူး - မိုင်းတုံဘက်သို့ ဆိုင်ကယ် အစီးရေ ၄၀၀ ခန့် ဖြတ်သန်း တင်သွင်းခဲ့သည့်အနက် ၃ ပုံ ၁ ပုံမှာ လားဟူ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ ဆိုင်ကယ်များ ဖြစ်သည်ဟု ဆို၏။


“ဂျပီးကွယ် လက်အောက် ဂျဆီရဲ့ အဖွဲ့တွေ။ ဆိုင်ကယ်ဘော်ဒီထဲ ဆေးဝှက်ထည့်ပြီး ထိုင်းဘက်ကို သွားရောင်း။ ရောင်းရ ငွေကို ဆိုင်ကယ်ဝယ် နားကောင်းမူးပြန်သွား။ သူတို့ သွားတဲ့လမ်းက လားဟူ ပြည်သူ့စစ်တွေ ယာဘစိတ်ကြွဆေး ခိုးထုတ်လေ့ရှိပြီး ဆိုင်ကယ် ခိုးသွင်းတဲ့ လမ်းတစ်လမ်းပေါ့။ ချင်းမိုင်ခရိုင် ချိုင်းပရကန်း မိုင်းဖှန်မြို့နယ်- ထိုင်းနယ်စပ်တပ်နောလဲ ဂိတ်နဲ့ကပ်ရက် မျက်နှာချင်းဆိုင် နအဖ ပါခီးစခန်း ဂိတ်စောင့်တွေလဲ သိသိကြီးနဲ့ လွှတ်ပေးတာဘဲ ” ဟု ဆိုင်ကယ်ကယ်ရီ သမား တစ်ယောက်က ပြောပြသည်။

ဖမ်းဆီးမိပါက UWSA ၁၇၁ စစ်ဒေသ အပစ်ရပ် ၀ တို့ထံမှ ယူလာသော ပစ္စည်းများဟု ပြောလေ့ ရှိကြသည်ဟု ဆို၏။

“အသစ်နီးပါး ၈၀-၉၀% တပတ်နွမ်း ဆိုင်ကယ်တစ်စီး ဘတ် ၁၈,၀၀၀ လောက် ထိုင်းဘက်က ၀ယ်ရတယ်။ နားကောင်းမူး အရောက် ကယ်ရီခ ဘတ် ၁,၀၀၀ ပေးရတယ်။ ပါခီးဂိတ်ကြေး ဘတ် ၁,၅၀၀၊ မနီးမဝေးမှာ လားဟူဂိတ် ထပ်ဖြတ်တဲ့အခါ ဘတ် ၁,၀၀၀ ။ နယ်စပ်ကနေ နားကောင်းမူး ရောက်ဖို့ ဘတ် ၃,၅၀၀ လောက် ကုန်တာပေါ့။ ပြန်ရောင်းရတာက တစ်စီး ဘတ် ၂၅,၀၀၀ ဆိုတော့ ဂိတ် ကြေး ၃,၅၀၀ နှုတ်လိုက်ရင် ကျန်တာ အမြတ်ပေါ့။ ဒါက အရပ်သား ဆိုင်ကယ်။ လားဟူ ပြည်သူ့စစ် အဖွဲ့ဝင်ဆိုင်ကယ်ဆိုရင် ဘာဂိတ် ကြေးမှ ပေးစရာ မလိုဘူး” ဟု ကယ်ရီသမားတစ်ဦးက ဆက်ပြောပြသည်။

ဂျပီးကွယ် ဦးဆောင်သော လားဟူ ပြည်သူ့စစ်အဖွဲ့ အခြေချ လှုပ်ရှားသည့် နားကောင်းမူး အုပ်စုသည် မိုင်းတုံ ပုံပါကျင် ကားလမ်း ပေါ်တွင်ရှိပြီး ပုံပါကျင်မြို့နယ်ခွဲ မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။ နားကောင်းမူး အရှေ့တောင် ဘက် ၁၀ မိုင်ခန့် အကွာ နအဖနှင့် လားဟူ ပြည်သူ့စစ် ဂိတ်များရှိရာ တပ်စခန်းမှာ ၂၀၀၂ က SSA-S မှ ရက်ပိုင်းတိုက်ခိုက် သိမ်းပိုက်ပြီး ရာဘစိတ်ကြွဆေး သိမ်းချီဖမ်းဆီးရမိသော ပါခီးတပ်စခန်း ဖြစ်၏။

ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာလက သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းဆတ်-မိုင်းတုံ အခြေစိုက် စကခမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးတို့ သည် ဂျပီးကွယ် ဦးဆောင်သော ဒေသခံ လားဟူပြည်သူ့စစ်အဖွဲ့အား မိမိတို့ ၀င်ငွေအတွက် သီးနှံပေါင်းစုံ စိုက်ပျိုးရန် မိုင်းတုံ -ဟွေ့အော့ ကားလမ်း အနောက်ဘက်ခြမ်းနှင့် ဟွေ့အော့-မိုင်းကျွတ် ကားလမ်း မြောက်ဘက်ခြမ်း နယ်မြေတစ်ခုလုံး သတ်မှတ်ပေးပြီး “ကိုယ့်အဖွဲ့အစည်းကို လုံလုံလောက်လောက် ထောက်ပံ့နိုင်အောင် အခွင့်အရေးတွေ ပေးထားပြီးပြီဘဲ၊ ကြိးစားလုပ်ကြ” ဟု မှာကြား ခဲ့ကြ၏။ ထိုစဉ် ကတည်းက လားဟူပြည်သူ့စစ်အား ဘိန်းစိုက်ပျိုးရန်လည်း နအဖတပ်မှူးများ မီးစိမ်းပေးခဲ့ကြသည်။

No comments: