Saturday, June 14, 2008

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန် သိန်းရာကျော် လာဘ်ထိုးရ

NEJ/ ၁၃ ဇွန် ၂၀၀၈

နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလုပ်လျှောက်သူများအနေဖြင့် ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့ကို သိန်းဆယ်ဂဏန်းမှ ရာဂဏန်းထိ လာဘ်ပေးနေရသည်ဟု နေပြည်တော် နိုင်ငံခြားရေး
ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန်အတွက် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အရာရှိ အချို့ကို သိန်း (၁၅၀) ထိ လာဘ်ပေးရသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ခြေအဆင့် ရာထူးရရန်အတွက် သိန်း (၈၀) ၀န်းကျင် လာဘ်ထိုးနေရသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ ယင်းသို့ လာဘ်ငွေအများအပြား ပေးနေရကြောင်း မြန်မာသံရုံးသတင်းရပ်ကွက်ကလည်း အတည်ပြုပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများသည် နိုင်ငံခြား မြန်မာသံရုံးအသီးသီးမှာ မကြာ ခဏ တာဝန်ထမ်းဆောင်ရသည့်အတွက် ၀န်ထမ်းလေ့ကျင့်ရေးအဖွဲ့ အရာရှိကြီးအချို့က ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ငွေကြေးယူနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် နေပြည်တော်အရာရှိ တဦးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကို ခေတ်ပြိုင် က ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ အရာရှိကို ဆက်သွယ်ခွင့်မရခဲ့ပေ။

မြန်မာစစ်အစိုးရသည် တဖက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရာထူး အတော်များများ ကို စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့သည်။ ယခုဆိုလျှင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်လာ မည့် ဒု-ဗိုလ်မှူးကြီးများ တန်းစီစောင့်နေရသည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ရပ်ကွက်က ပြောသည်။ အများအားဖြင့် ဒုတိယညွှန်ကြားရေးမှူးအထက်ကို စစ်ဘက်အရာရှိများနှင့် အစားထိုးခြင်းဖြစ်သည်။

စစ်တပ်မှ အရာခံဗိုလ်တဦး နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရောက်လာလျှင် တတိယ
အတွင်းဝန်ရာထူးပေးသည့်အတွက် ပညာကြိုးပမ်းသင်ယူခဲ့သည့် အရပ်ဘက်အရာထမ်းများ စိတ်ဓာတ်ကျပြီး မကျေမနပ်ဖြစ်နေသည်ဟု မြန်မာသံတမန်အသိုင်းအ၀န်းက ပြောသည်။

လက်ရှိ နိုင်ငံခြား မြန်မာသံရုံးများ၌ တာဝန်ထမ်းဆောင်နေသည့် စစ်ဗိုလ်သံအမတ်ကြီးများထဲတွင် အင်္ဂလိပ်စကား ကောင်းစွာမပြောတတ်သည့် သံအမတ်ကြီးများ အများအပြားရှိသည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြား မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သံမှူးဆိုသည့် ပုဂ္ဂိုလ်များမှာ ထောက်လှမ်းရေးမှလာသည့် စစ်ဘက်အရာရှိများဖြစ်သည်ဟု စုံစမ်းသိရသည်။ နိုင်ငံခြား မြန်မာသံရုံးများတွင် မည်သို့ အဂတိလိုက်စားရမည်ကို နားလည်သွားသည့် အဆိုပါစစ်သံမှူးများ မြန်မာပြည် ပြန်ပြောင်းချိန်တွင် မိခင်တပ်သို့ ပြန်မသွားတော့ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အမြဲ
တာဝန်ထမ်းနိုင်ရန် သက်ဆိုင်ရာ ဆရာသမားများကတဆင့် ကြိုးပမ်းယူခဲ့သည့် သာဓကများလည်း ရှိသည်ဟုပါ နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။

စစ်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တိုင်းပြည်မျက်နှာပန်းလှအောင် သံခင်း တမန် ခင်း ဆောင်ရွက်ရမည့်အစား နိုင်ငံခြားကို အစိုးရစရိတ်နှင့်သွားလိုသူ စစ်ဘက်အရာရှိများ၊ စစ်ခေါင်း ဆောင်များ၏သားသမီးများ စသည့် မိုးကျရွှေကိုယ်များကို နေရာချထားပေးရာ ၀န်ကြီးဌာနနှင့် တူနေသည်ဟု သံတမန်ဟောင်းတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး (၄) ဦးလုံး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေ သကဲ့သို့ အငယ်ဆုံးသမီး၏ ခင်ပွန်း ဒုတိယအတွင်းဝန်ရာထူးနှင့်လာသူ ဗိုလ်မှူးကိုလည်း လပိုင်း အတွင်း ညွှန်ကြားရေးမှူးအဆင့်သို့ ရာထူးတိုးပေးထားရသည်ဟု စုံစမ်းသိရသည်။

Source

No comments: