Sunday, June 8, 2008

မြေပုံမြို့နယ် ရောက်ခုံကျေးရွာမှ နောက်ထပ် လူ၅ ဦး ဖမ်းဆီးခံရ

Narinjara News 6/8/2008

မေလ ၁၀ ရက်နေ့က မြေပုံမြို့နယ် ရောက်ခုံ ကျေးရွာတွင် စာသင်ကျောင်းအား မဲရုံအဖြစ် အသုံးပြုခဲ့သဖြင့် မကျေနပ်၍ မီးရှို့သူများအား အာဏာပိုင်များက ဖမ်းဆီးနေရာ များမကြာမှီက နောက်ထပ် ၅ ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

နောက်ထပ် ဖမ်းဆီးခံရသူများမှာ ဦးခင်မောင်လှ၊ ဦးအောင်သန်းကျော်၊ ဦးဘမြင့်၊ ဦးမောင်သိန်းအောင်နှင့် ဦးငစိန်လုံးတို့ ဖြစ်ကြသည်။


သူတို့အား အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန် စီစဉ်ဆောင်ရွက်သည်ဟု စွပ်စွဲပြီး မြေပုံမြို့နယ် မယက ဥက္ကဌ၏ အမိန့် ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။

အဆိုပါ စာသင်ကျောင်းအား မဲထည့်ရန် ပြုလုပ်နေသည့်အတွင်း ရွာသားများက ထွက်လာပြီး မီးရှို့လိုက်ခြင်း ဖြစ်ကြောင်း ဒေသအတွင်းက ပေးပို့သော သတင်းအရ သိရှိရသည်။

ယခုကဲ့သို့ မီးရှို့ခြင်းမှာ ဆန္ဒခံယူပွဲ အပေါ် မကျေနပ်၍ ဖြစ်သလို တခြားတဘက်တွင်လည်း မဲရုံဆောက်ရာတွင် အသုံးပြုရန် အတွက် နအဖ စစ်အာဏာပိုင်များက ခွင့်ပြုငွေကို မယကနှင့် ရယက ဥက္ကဌများက ကိုယ်ကျိုးအတွက် အသုံးပြုလိုက်ပြီး စာသင်ကျောင်းကို မဲရုံ အဖြစ် အသုံးပြုခြင်း အပေါ် ရွာသားများက မကျေနပ်၍ မီးရှို့ခြင်းဖြစ်သည် ဟု သိရှိရသည်။

ရောက်ခုံကျေးရွာမှာ မြေပုံမြို့နယ်တွင် တည်ရှိသော ကြာအင်းတောင် ကျေးရွာ အနီးတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိကာ ရွာသားများမှာ နိုင်ငံရေး နိုးကြားသော ကျေးရွာတရွာ ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ အဆိုပါမီးရှို့မှုကြောင့် ဖမ်းဆီးခံရသူမှာ ၁၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Source

No comments: