Wednesday, June 25, 2008

နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသူု ၈၄၅၃၇-ဦးရှိသည်ဟု နအဖမှ တရားဝင် ထုတ်ဖော် ပြောကြား

Narinjara News


မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန် မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ယခင် စစ်အစိုးရ ထုတ်ပြန်ထားသည့် စာရင်းဇယားများထက် ပိုမိုများပြားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် မေလ ၁၇-ရက်နေ့က ထုတ်ပြန်ခဲ့သည့် နအဖ စစ်အစိုးရ၏ စာရင်းတွင် မုန်တိုင်း ကြောင်းသေဆုံးသူ ၇၇၀၀၀-ကျော်သာရှိသည်ဟု ထုတ်ပြန် ကြေငြာခဲ့သော်လည်း ယခုအခါ သေဆုံးသူ ၈၄၅၃၇-ဦးရှိကြောင်း နအဖ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူမှ ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့တွင် တရားဝင် ထုတ်ဖော် ပြောကြားလိုက်သည်။

ယခုကဲ့သို့ နအဖစစ်အစိုးရမှ သေဆုံးသူ အရေအတွက်ကို တိုးမြှင့် ထုတ်ပြန်လိုက်သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့စည်းများမှ ထုတ်ပြန်သည့် အရေအတွက်နှင့် ကွာခြားနေဆဲ ဖြစ်သည်။

မေလ ၁၆-ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂမှ ခန့်မှန်းချက်အရ သေဆုံးသူ တသိန်းကျော်ရှိ သည်ဟု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများက သေဆုံးသူ အရေအတွက်မှာ ၁၂၀၀၀၀-ကျော် ရှိသည်ဟု ထုတ်ပြန် ခဲ့သည်။

ယခုကဲ့သို့ သေဆုံးသူစာရင်းဇယားကို တိုးမြှင့်ထုတ်ပြန်လိုက်ခြင်းမှာ အာစီယံ ကိုယ်စား လှယ်များ၊ ကုလကိုယ်စားလှယ်များနှင့် နအဖကိုယ်လှယ်များဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့မှ လေဘေးကြောင့် အပျက်အစီးနှင့် လိုအပ်ချက်အစီ ရင်ခံစာကို ဇူလိုင်လ ၁၈-ရက်နေ့တွင် ထုတ်ပြန်ရန် ပြင်ဆင်နေခြင်းကြောင်း ဖြစ်နိုင်သည်ဟု လေ့လာ သူများက ယုံကြည်နေကြသည်။

ယခုအခါ အဆိုပါ သုံးပွင့်ဆိုင်အဖွဲ့မှ ကိုယ်စားလှယ် ၂၅၀-ကျော်မှာ မြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာ နေကြဆဲ ဖြစ်ကြောင်း သိရှိရသည်။

စစ်အစိုးရသည် လေဘေးဒုက္ခသည်များနှင့် ပတ်သတ်သည့် သတင်း အချက်လက်နှင့် သေဆုံး သူနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူများ၏ စာရင်း အတိအကျကို အမြဲဖုံးကွယ်ထားခဲ့သည် သာမက နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့နှင့် ပြည်တွင်းမှ ပုဂ္ဂလိက အလှူရှင်များ လေဘေး သင့်ဒေသများသို့ သွားရောက် ကူညီနေမှုများကိုလည်း ကန့်သတ် နှောင့်ချက် တားဆီးမှုများ ပြုလုပ် နေဆဲဖြစ်သည်။

Source

No comments: