Monday, June 30, 2008

ဘင်္ဂလာဒေခ်ျ့နိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းတခုတွင် ၀မ်းရောဂါ ဖြစ်ပွားနေ

Narinjara News 6/30/2008


မောင်သစ်အောင်၊ မောင်ကျော်နိုင် (နိရဉ္စရာ) မြန်မာနိုင်ငံမှ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင်တည်ရှိသော တက်ကနက်မြို့အနီး ကားလမ်းမဘေးတွင် ရွက်ဖျင်တဲထိုးပြီး နေထိုင်နေသော ဒေါင်ဒေါင်မီယာ မြန်မာ့မူဆလင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါအကြီးအကျယ် ဖြစ်ပွားနေကြောင်း စခန်းတွင်းမှလာသော သတင်းများအရ သိရှိရသည်။

အဆိုပါစခန်းတွင် ယမန်နေ့က ၀မ်းရောဂါဖြစ်ပွားသူ ၁၀၀ခန့်ကို ဆေးဝါးကုသ ပေးနေရကြောင်း MSF တာဝန်ရှိသူတဦးက ပြောသည်။

အမည်မဖေါ်လိုသူ ဒုက္ခသည်တဦးက အဆိုပါစခန်းတွင် စနေနေ့ ညနေ ၅ နာရီက အမျိုးသမီး တဦး ၀မ်းရောဂါကြောင့် သေဆုံးသွားပြီး အဆိုပါနေ့ထက် အရင်သောကြာနေ့ကလည်း လူကြီးနှစ်ဦး ၀မ်းရောဂါကြောင့် သေဆုံးသွားခဲ့သည်ဟု ပြောသည်။

၎င်းပြင် ကလေးငယ်နှစ်ဦးထက် မနည်းသေဆုံးသွားခဲ့ကြောင်းသူက အတည်ပြု ပြောကြားသည်။

အဆိုပါ စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေသူ ၂၀၀ နီးပါးထိ ရှိနေပြီး ယခုလ ၂၀ ရက်နေ့ စတင်ပြီး ပျံ့နှံ့ ဖြစ်ပွားလာခဲ့ကာ ယခုအခါ စခန်းတခုလုံးသို့ ကူစက် ပျံ့နှံ့ လာခဲ့ကြောင်း သတင်း ရရှိသည်။

ယခုအခါ စခန်းပြင်ပရှိ အရပ်သားများ အကြားတွင်လည်း ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းများ အရ သိရှိရသည်။

ယခုအခါ MSF နှင့် Islamic Relief အဖွဲ့မှ ၀မ်းရောဂါ ဖြစ်ပွား နေသူများ အထဲက ၈၈ ဦးကို တက်ကနက်မြို့နှင့် တခြား နီးစပ်ရာမြို့ ဆေးရုံများသို့ ယူဆောင်ပြီး ဆေးကုသမှုများ ပြုလုပ်နေရကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ၀မ်းရောဂါ ဖြစ်ပွားရခြင်းမှာ စခန်းအတွင်း သောက်သုံးရေ ပြတ်လပ်မှု နှင့် မသန့်ရှင်းသော ရေများကို သောက်သုံးရာမှ ၀မ်းရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း စခန်းတွင်းမှ ကျန်းမာရေး စောင့်ရှောက်သူ တဦးက ပြောသည်။

Source

No comments: