Friday, June 20, 2008

အရာခံဗိုလ် ဦးဆောင်၍ ကွန်ဟိန်း၌ ကျေးလက် ရွာသူရွာသားများအား အုပ်စုလိုက် မုဒိန်းကျင့်နေ

သျှမ်းသံတော်ဆင့် သတင်း Friday, 20 June 2008

သျှမ်းပြည်အလယ်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖစစ်တပ်တစ်တပ်မှ အင်အား ၁၃ ယောက်ပါ အရာခံဗိုလ်တစ်ယောက် ဦးဆောင်အဖွဲ့တစ်ဖွဲ့သည် ယာမြေရှင်းရန်သွားသော အသက် ၂၁ နှစ်အရွယ် ဒေသခံ ကျေးလက်ရွာသူတစ်ဦးအား နေ့တစ်ဝက်ခန့် အဓမ္မပြုကျင့်လိုက်သဖြင့် ကလေးမမှာ စိတ္တဇစွဲသွားသကဲ့သို့ ဖြစ်သွားကြောင်း နယ်စပ်ရောက် ၎င်း၏ဆွေမျိုးတစ်ဦးက ပြောပြသည်။

လွန်ခဲ့သော ကဆုန်လဆုတ်က ကွန်ဟိန်းမြို့မြောက်ဘက် ဒေသခံ နမ့်မွမ်းရွာသူ အသက် ၂၁ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးသည် ၎င်းတို့ပိုင် ယာမြေသွားရှင်းရာမှ နေ့ခင်းအိမ်ပြန် ထမင်းစားစဉ်လမ်း၌ နအဖစစ်သား ၃-၄ ယောက်နှင့် တိုးပြီး သေနတ်ဖြင့် ချိန်ရွယ် ခေါ်ဆောင်သွားခြင်း ခံရသည်ဟု ဆို၏။

“နေ့ခင်းမွန်းတည့်ချိန် ကတည်းက သူတို့ခေါင်းဆောင် အရာခံဗိုလ်ဆီ ခေါ်သွားတာ ညနေ ၄ နာရီအထိ အဓမ္မပြုကျင့်ခံရတယ်တဲ့။ တစ်ဖွဲ့လုံး ၀ိုင်းလုပ်ကြတာနဲ့ တူတယ်။ တငိုထဲ ငိုနေတော့တာ။ စိတ္တဇရောဂါလိုမျိုး ဖြစ်သွားတာ။ မျက်လုံးကြောင်တောင်နဲ့ ဘာမှလဲ မေးလို့ မရဘူး။ အင်္ကျီတွေ လုံချည်တွေလည်း စုတ်ပြတ်ပေတေလို့” ဟု ၎င်း၏ ဆွေမျိုးက ပြောပြသည်။

ယာတောဆင်းချိန် နမ့်မွမ်းရွာသားအချို့က အဆိုပါ အရာခံဗိုလ်နှင့်အဖွဲ့အား လမ်း၌ တွေ့ရပြီး ကွန်အော့် နောင်ဆန်းရွာဘက်သို့ နယ်လှည့်သောအဖွဲ့ ဖြစ်ပုံရကြောင်း ပြောဆိုကြ၏။

“ကလေးမ မိဘတွေက သက်ဆိုင်ရာဆီ သွားတိုင်ပေးဖို့ ရွာသူကြီးကို သွားပြောပေမဲ့ ဘယ်သူမှ တာဝန် မယူရဲဘူး” ဟု ဆက်ပြောသည်။

ငှက်သွားပစ်သည့် အသက် ၁၀ နှစ်ကျော်အရွယ် နမ့်မွမ်းရွာသား ယောက်ကျားလေး တစ်ဦးကလည်း မုဒိန်းကျင့်ခံရသူ အမျိုးသမီးငယ်အား နအဖစစ်သား ၃-၄ ယောက် ဖမ်းဆီးသွားစဉ် တောထဲ၌ တွေ့လိုက်ကြောင်း ပြန်ပြောပြသည်ဟု ဆို၏။

ကွန်ဟိန်းမြို့မြောက်ဘက် ၀မ့်နောင်ဆန်း အနောက်ဘက်၊ ၀မ့်နမ့်အွယ့် အရှေ့ဘက် နောင်ယာ့လာရေကန်၌ စောင့်နေသော ၎င်းတို့၏ အရာခံဗိုလ်ထံ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထိုနေရာ၌ပင် အဓမ္မပြုကျင့်ခံရသည်ဟု ဆို၏။

သျှမ်းပြည်ကျေးလက်ဒေသ နေရာအတော်များများတွင် ရွာသူရွာသားများ နေ့စဉ်နှင့်အမျှ နအဖ စစ်တပ်/စစ်ကြောင်း အတွက် ပစ္စည်းထမ်း ပေါ်တာလိုက် ပေးရခြင်း၊ စစ်တပ်အတွက် ရာသီ သီးနှံစိုက်ပေးရခြင်း၊ အချိန်မရွေး အိမ်မွေး ကြက်ဝက်များ ပစ်သတ်စား သောက်ခံရခြင်း၊ ရွာသားများအား သျှမ်းသူပုန် သတင်းပေးဟု စွပ်စွဲကာ ရိုက်နှက် ပစ်သတ်ခြင်း၊ အမျိုးသမီးများ အရွယ်မရွေး အဓမ္မပြုကျင့်ခံရခြင်းတို့ကြောင့် နှစ်ပေါင်း ၃၀-၄၀ အတွင်း နေရပ်မှ စွန့်ခွါကာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တိမ်းရှောင် ခိုလှုံခဲ့ရသူ သျှမ်းပြည်သား ၂ သန်းခန့် ရှိသည်ဟု ထိုင်း ASTV က တင်ပြခဲ့ဖူးသည်။

Source

No comments: