Wednesday, August 6, 2008

ကချင်အမျိုးသမီးများ တရုတ်ပြည်တွင် မယားကျွန်အဖြစ်ရောင်းစားခံနေရ

ခွန်အောင်မြတ်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အမျိုးသမီးများ တရုတ်ပြည်သို့ မယားကျွန် အဖြစ် ပို့ဆောင်ခံရမှု ပိုများလာသည်ဟု ကချင်အမျိုးသမီးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့် “အရှေ့ခြမ်းမှ တည်းနှောင်ခံရမှု” အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံက၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ် နှစ်လယ်အထိ တ ရုတ်ပြည်သို့ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၆၃ ဦးတို့၏ အဖြစ်အပျက်ကို အချက် အလက်ကောက်ယူ စုဆောင်း ထုတ်ပြန် ခြင်းဖြစ်သည်။

အစီရင်ခံစာကို ပြုစုသည့် ကချင်အမျိုးသမီးတဦးက “ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိခင်ကိုယ်နှိုက် မိခင်သို့မဟုတ် ဖခင် သို့မဟုတ် သူတို့ဆွေမျိုးတွေက လာပြီးတော့ အားကိုးတကြီး ဟာ လုပ်ပါဦး ကျမတို့ရဲ့ ကျနော်တို့ရဲ့ သမီးလေးကတော့ ပျောက်ဆုံး သွားပါပြီ။ အဲဒီနေ့က လိုင်ဇာသွားမယ် ဆိုပြီး သွားလိုက်တာ ခုထိပြန်မလာတော့ဘူး။ သူ့ကို ခေါ်သွားတဲ့လူလည်း မရှိတော့ဘူး။ ကျေးဇုးပြု ပြီး ကူညီရှာဖွေပေးပါဦး ဆိုတဲ့ အမှုတွေက များနေတယ်။”

အရောင်းစားခံရပြီးနောက် ပြန်လည်ရောက်ရှိလာသော အမျိုးသမီးများအဆိုအရလည်း လူကုန်ကူးခံရမှုမှာ တိုးပွားလာနေကြောင်း ကောက်ချက်ချနိုင်သည်ဟု ၎င်းက ပြောသည်။

“ပြီးလို့ရှိရင် ပြန်လာတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ သူတို့ပြောပြကြတယ်။ အစတုန်း က ဆိုလို့ ရှိရင် တချို့ဆိုလို့ရှိရင်နော် နှစ်ကြာကြာ ဆယ်နှစ်လောက် ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့ကတော့ ပြောကြတယ်။ အစတုန်းက သူတို့နေတဲ့ နေရာ တွေမှာဆိုလို့ရှိရင် သိပ်မမြင်သာနိုင် ဘူးပေါ့နော်။ ဒါပေမယ့် အခု နောက် ပိုင်းမှာဆိုလို့ရှိရင် အမျိုးသမီးက မြန်မာပြည်က မြန်မာစကား တတ်ကြတယ်။ တချို့က ကျတော့ ဘာစကား ပြောကြလဲ မသိဘူးတဲ့။ အများကြီးရောက်ရောက်လာ တယ်တဲ့။ အဲလိုမျိုးတွေ ပြောပြကြ တယ်လေ။ အဲဒါကို ကြည့်ခြင်းအားဖြင့်တော့ ဒီလူကုန်ကူးမှုက တနှစ်ထက် တနှစ် ပိုပိုပြီး တော့ တိုးတက်လာတယ်လို့ ပြောလို့ရတာပေါ့။” ဟု ပြောသည်။

ကချင်အမျိုးသမီးများမှာ အိမ်နီးချင်း ယူနန်ပြည်နယ်မှ စကာ တရုတ်နိုင်ငံ အရှေ့မြောက် ပိုင်း တရုတ်-မြောက် ကိုရီးယားနယ်စပ်အထိပင် ပို့ဆောင်ရောင်းချခံရခြင်းများ ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အမျိုးသမီးတဦးလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်ဖြင့် အများစုမှာ တရုတ်လယ် သမားများထံ ရောင်း စားခံရပြီး အမျိုးသမီးအချို့မှာ အိမ်ဖော်လုပ်ငန်း၊ ကာရာအိုကေဆိုင် နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်း ခံရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သည် လူကုန်ကူးမှု ဆန့်ကျင်ရေး ဥပဒေ အသစ် တွင် လူတစ်ဦးတစ်ယောက်သည် အခြားသူတဦး တယောက် ကို ထိုသူ၏သဘောတူညီချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်ခြင်း ပြုရန် အတွက် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း (သို့မဟုတ်) အခြားနည်း ဖြင့် အနိုင်အထက် ပြုခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ (သို့မဟုတ်) ဘ၀ရပ်တည်ရန် ခက်ခဲနေ သော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တဦးတယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး (သို့မဟုတ်) အကျိုးအမြတ်ပေးခြင်း တရပ်ရပ်ပြုလုပ်ပြီး လူအများကို သိမ်းသွင်းစုဆောင်းခြင်း၊ လွှဲ ပြောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ (သို့မဟုတ်) လက်ခံခြင်းတို့သည် လူကုန်ကူးမှု မြောက်ကြောင်းကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၃(က)(၁)(၂)(၃) (၄)(၅)(၆) တွင် တွေ့ရသည်။

ယင်းဥပဒေအသစ်သည် လူကုန်ကူးမှုများကို မတားဆီးနိုင်သည့်အပြင် လူကုန်ကူးခံရ သူ များ၏ အခွင့်အရေး ကိုလည်း မပေးနိုင်ကြောင်း ကချင်အမျိုးသမီးအဖွဲ့က ပြောသည်။ လူကုန်ကူးခံရသူ အမျိုးသမီးအချို့မှာ အခွင့် အရေးမရသည့် အပြင် နိုင်ငံခြားကို တရားမ၀င် ထွက်ခွာမှုဖြင့် တရားစွဲဆိုခံရသူများပင်ရှိသည်ဟု ယနေ့သတင်း စာ ရှင်းလင်းပွဲတွင် ကချင်အမျိုးသမီးအဖွဲ့က ပြောသည်။

မြန်မာပြည်တွင် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ ဆိုးရွားစွာ နိမ့်ကျလာနေမှုကြောင့် ကချင်အမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ပိုမိုခံနေရသည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

“ဘာကြောင့်များသလဲဆိုတော့ ကောက်ခံတဲ့ သတင်းအချက်အလက်ကို ကျနော်တို့က သူတို့ကို ဘာ ကြောင့် မင်းတို့က ပြောင်းရွေ့သလဲလို့ မေးကြည့်တော့ သူတို့ အိမ်မှာ မိဘ တွေက ဒါမှမဟုတ် ခင်ပွန်းသည်တွေက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူဖြစ်တယ်။ ပြီးလို့ရှိရင် သူတို့နေရာမှာလည်း အလုပ်က အရမ်းရှာရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေး ချို့တဲ့တာက တကြောင်း၊ သူတို့ရဲ့ အရည် အချင်း လုပ်ကိုင်စားသောက်နိုင်မယ့် အရင်းအနှီး မရှိတာက တကြောင်း၊ အဲဒါကြောင့် အလွယ်တကူ အလုပ်ရနိုင်မယ်ထင်တဲ့ တရုတ်နယ်စပ် ကို လာကြတာ ဖြစ်ပါတယ်ဆိုပြီး ပြောကြတယ်။” ဟု သတင်း စာရှင်းလင်းပွဲပြုလုပ်ရာတွင် ပါသည့် အချက်အလက်ကောက်ယူသူ အမျိုးသမီးက ပြောသည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) က တွန်းပို့ခံရခြင်း အမည်ဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အစီ ရင်ခံစာတစောင်ကို ၂၀၀၅ ခုနှစ်တွင် တကြိမ်ထုတ်ဝေခဲ့သည်။ ယင်းနောက်ပိုင်းတွင် အမျိုးသမီးအဖွဲ့အနေဖြင့် လုပ်ဆောင်နိုင်မှုပိုမိုလာသော်လည်း လူကုန်ကူးခံရမှုအခြေအနေများမှာမူ ဆိုးရွားနေဆဲဖြစ်သည်ဟု ကချင်အမျိုး သမီးအဖွဲ့က ပြောသည်။

ဇွန်လ ၄ ရက်နေ့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု အစီရင်ခံစာ၌ ကမ္ဘာပေါ် လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံ ၁၄ နိုင်ငံ ထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

No comments: