Wednesday, August 6, 2008

ဖွံ့ဖြိုးပြီး ဒေသခံ အန်ဂျီအိုများအတွင်း ကြံ့ဖွံ့အသင်းဝင်များ ၀င်ရောက်ရန် အားထုတ်

မင်းနိုင်သူ/ ၆ သြဂုတ် ၂၀၀၈

မုံရွာမြို့ပေါ်ရှိ လမ်းအချို့ကို ပုဂ္ဂလိက ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရပြီး ထိုကဲ့သို့ ပြုပြင်ပေးနေ ကြသည့် အဖွဲ့များအတွင်းသို့ ကြံ့ဖွံ့အသင်းဝင်များက အတင်းဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း မုံရွာဒေသခံများက ပြောသည်။

မုံရွာလယ်တီကျောင်းတိုက်မှ သံဃာတော်တပါးက “ ကျောင်းရှေ့က လယ်တီနဲ့ ရတနာပုံရပ်ကွက် ကို ဆက်သွယ်တဲ့ မြေသားလမ်းကို နှစ်တိုင်းပဲ ကိုယ်ထူကိုယ်ထ ပြင်နေကြရတယ်။ ရပ်ကွက်က လူတွေနဲ့ ကော်မတီလေးဖွဲ့ပြီး ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေက စေတနာရှိသလောက် ထည့်ဝင်တဲ့ အလှူငွေနဲ့ လမ်းကို ပြင်ကြရတာပါ၊ အခု ကြံ့ဖွံ့ဝင်တွေက သူတို့ပါ ကော်မတီထဲပါ မယ်ဆိုတော့ အလှူရှင်တောင် ရှိပါတော့မလားမသိဘူး။ လက်ရှိလုပ်ကိုင်နေကြတဲ့ ကော်မတီဝင် တွေလည်း စိတ်ပျက်နေကြရတာပေါ့” ဟု ဆက်သွယ်မိန့်ကြားသည်။

အဆိုပါ လယ်တီ-ရတနာပုံလမ်းသည် မြေသားလမ်းဖြစ်ကာ မိုးတွင်းပိုင်းတွင် လမ်းများပျက်စီးမှု များသဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရသည်မှာ (၅) နှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။ ကိုက် (၆၀၀) ကျော် ရှည်လျားသည့် ယင်းလမ်းအား နှစ်စဉ်မြေသားဖို့ခြင်း ဆောင်ရွက်ပေးနေရသည်ဟု လမ်းကော်မတီဝင်များက ပြောသည်။

မုံရွာမြို့ရှိ အခြားလမ်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကော်မတီများဖွဲ့၍ ကိုယ် ထူကိုယ်ထ ပြုပြင်နေကြရပြီး ယခုအခါ ယင်းကော်မတီများအတွင်းသို့ကြံ့ဖွံ့အသင်းဝင်များက ၀င်
ရောက်ရန် ကြိုးပမ်းမှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း နန္ဒ၀န်နှင့် စက်မှုကုန်သွားလမ်းမကြီးကို ပြုပြင်ပေးနေသည့် ထန်းတောရပ်ကွက်မှ ဦးချစ်လှက ထုတ်ဖော်ပြောဆိုသည်။

“ကျနော်တို့ကော်မတီက အောင်မင်္ဂလာရပ်ကွက်က ပွဲစားဦးဝ မတည်တဲ့ ငွေကျပ် (၁) သိန်းနဲ့ မော်တော်ယာဉ်တွေက စေတနာအလျောက် ထည့်ဝင်ငွေနဲ့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကတည်းက စက်မှုကုန်သွားလမ်းကို ပြုပြင်ပေးနေကြတာ။ အခုကြံ့ဖွံ့က လူငယ်တွေလာပြီး ကော်မတီထဲကို သူတို့လည်းပါမယ် ပြောနေကြတယ်။ သူတို့သာပါရင်တော့ အလှူရှင် ရှိမှာမဟုတ်ဘူး။ အဲဒါ သေချာတယ်” ဟု ၎င်းက ဆိုသည်။

မော်တော်ယာဉ်ပိုင်ရှင်တဦးက ၎င်းတို့အနေဖြင့် နှစ်စဉ်မြို့နယ်စည်ပင်သို့ ဘီးခွန်ပေးဆောင်ကြရ ကြောင်း၊ သို့ရာတွင် စည်ပင်က လူကြီးအသွားအလာများသည့် လမ်းမကြီးများကိုသာ ပြုပြင် ကြောင်း၊ ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ပေးနေသည့် ကော်မတီများကိုလည်း အလှူငွေ ထည့်ဝင်ဖြစ် သော်လည်း ကြံ့ဖွံ့အသင်းဝင်များပါလာပါက ထည့်ဝင်နိုင်မည်မဟုတ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရ လက်ကိုင်တုတ်အသင်းဖြစ်သည့် ကြံ့ဖွံ့အသင်းဝင်များသည် ဖွံ့ဖြိုးပြီး အန်ဂျီအိုအဖွဲ့ များ၏ လုပ်ငန်းများအား အသင့်လွှဲပြောင်းရယူခြင်း၊ နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည် လူသိများသော နှောင့်ယှက်မှုများမှာ ရုပ်ရှင်မင်းသားကျော်သူ၊ ဇာဂနာနှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ ပါဝင်သော ရန်ကုန်နာရေးကူညီမှုအသင်းအား လွှဲပြောင်းရယူလိုမှုမှာ ထင်ရှားသည့်သာဓက ဖြစ်သည်။

Source

No comments: