သန်ထိုက်ဦး တနင်္လာနေ့၊ သြဂုတ်လ 11 2008
နယူးဒေလီ။ ။ တနင်္သာရီတိုင်း မြိတ်ခရိုင် ပဲချောင်းကျေးရွာတွင် ယခုလ ၉ ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွားရာ ကျေးရွာသား ၇ဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်။
ပဲချောင်းကျေးရွာမှ ဦးကျားမောင် ပိုင်ဆိုင်သည့် လောင်စာဆီ သိုလှောင်ရာ ဂိုထောင်မှ စတင်၍ မီးလောင်ရာ အိမ်ခြေ ၁ဝဝ ကျော် ကူးစက် လောင်ကျွမ်းပြီး ရွာသား ၇ဝဝ ခန့် အိုးအိမ်မဲ့သွားခြင်း ဖြစ်သည်။
“ဂိုထောင်ကနေ စလောင်တယ်လို့ ပြောတာပဲ။ လောင်တာကတော့ ည ၁၂ နာရီလောက်က စလောင်တယ်။ မနက်မိုးလင်းအထိပဲ။ ဒီမှာ ရေလုပ်ငန်းနဲ့ ပတ်သက်တာတွေ တော်တော်များများ ကုန်သွားတာပေါ့။ အစိုးရနဲ့ ပတ်သက်တဲ့ ဟာတွေပေါ့ အကိုရယ်။ ဦးကျားမောင်ဆိုတာက အစိုးရနဲ့ ဆက်နွယ်ပြီး လုပ်နေတဲ့ သူဌေး တယောက်ပေါ့။ သူတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဟာတော့ တော်တော်များများ ကုန်သွားပါတယ်” ဟု ဒေသခံ ကိုနိုင်ဦးက မဇ္ဈိမကို ပြောသည်။
အခြား ဒေသခံတဦးကလည်း “ဒီမှာကတော့ ပစ္စည်းတွေ စုံတယ်ဆိုတော့ ဓာတ်ဆီတွေ များတယ်။ လောင်စာဆီတွေပေါ့ဗျာ။ လောင်စာဆီတွေ များတဲ့အခါကျတော့ တော်ယုံတန်ယုံ မီးငြှိမ်းသတ်လို့ မနိုင်ဘူး။ တရွာလုံးနီးပါး ကုန်သလောက် ဖြစ်သွားတယ်” ဟု ပြောသည်။
မီးဘေး ဒုက္ခသည်များသည် နီးစပ်ရာ ကျေးရွာများရှိ ဆွေမျိုးသားချင်းများထံ ယာယီရွှေ့ပြောင်းနေထိုင်ရာတွင် ကန်တောင်ကျေးရွာ၌ အများဆုံး ဖြစ်သည်ဟု ကိုနိုင်ဦးက ပြောသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် မြိတ်မြို့မီးသတ်ဌာနသို့ ဆက်သွယ် မေးမြန်းကြည့်ရာတွင် တာဝန်ကျ ဝန်ထမ်းတဦးက “ဟုတ်ကဲ့ခင်ဗျာ၊ အဲဒါ ကျနော်တို့ သတင်းမရသေးဘူး ခင်ဗျာ။ ကျနော်တို့ဆီက ဆင်းသွားတဲ့လူက ပြန်မလာသေးဘူးဗျာ။ မီးလောင်တာကတော့ ဘေးစကား ပြောအရတော့ အိမ်ခြေ ၁၂၆ အိမ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ အဲဒါ ဘေးပတ်ဝန်ကျင်က ပြောတဲ့ စကားအရပေါ့။ ပြောတာကတော့ ဆီဂိုထောင်ကနေ စလောင်တယ်လို့တော့ ပြောကြတာပဲ” ဟု ပြောသည်။
မီးလောင်မှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမှု မသိရှိရသေးပေ။
ယခုနှစ် လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့တွင် အိမ်ခြေပေါင်း ၁ဝဝ ခန့် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
Source
No comments:
Post a Comment