Saturday, August 9, 2008

ပြည်သူ့လယ်မြေ နအဖစစ်တပ်အဓ္ဓမသိမ်းယူပြီး တရုတ်ထံရောင်းစား

သျှမ်းသံတော်ဆင့် သတင်း

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းဒေသခံများ၏ ဘိုးဘွားအစဉ်အဆက် လယ်ယာမြေများကို မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်က မြို့သစ်တည်ရန်ဟုဆိုကာ အဓမ္မ သိမ်းယူပြီး တရုပ်လူမျိုးများထံ အကွက်ချ ရောင်းစားသဖြင့် လယ်ပိုင်ရှင်များမှာ စားဝတ်နေရေး အခက်အခဲကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း နယ်စပ်ရောက် ဒေသခံထံမှ သိရသည်။

မိုင်းပြင်းမြို့ပိုင် ဦးခင်ထွဋ်ဟု လူသိများသော မယက ဥက္ကဌသည် မိုင်းပြင်းအခြေစိုက် ခလရ ၄၃၊ ခမရ ၅၂၈ စစ်တပ်နှင့် ပူးပေါင်း၍ မိုင်းပြင်းမြို့အထွက် မိုင်းပြင်း-ကျိုင်းတုံအသွား ကားလမ်းဘေးနှစ်ဘက် (၁ ဘက်လျှင် ၁ မိုင်ပတ်လည်) ဒေသခံများ၏ လယ်ယာမြေများ သိမ်းယူခြင်း ဖြစ်သည်။

“၂၀၀၇ ခုနှစ်ကတည်းက လယ်မြေတွေ နဲနဲချင်းစီ သိမ်းယူတာ အခုဆိုရင် လယ်ကွက်တွေ မရှိတော့ဘူး။ အလကား သိမ်းယူပြီး တရုပ်တွေကို ပြန်ရောင်းပေးတာ၊ မြို့မကွက်သစ်ဆိုပြီး အိမ်တွေ ဆောက်နေကြပြီ၊ လယ်မြေ အသိမ်းခံရတဲ့လူတွေ လျော်ကြေးမရ၊ အလုပ်အကိုင် မရှိတော့ ထိုင်းကိုသွား အလုပ်လုပ်ကြတာ အများကြီးဘဲ” ဟု ၎င်းက ပြောပြသည်။

မိုင်းပြင်း-ကျိုင်းတုံကားလမ်းဘေး ပိန်းဆန်းရပ်ကွက်မှ ကျူဝိန်းစိုင်း ဆေးရုံအထိ၊ ထိုမှ နမ့်ပြင်းချောင်း မြောက်ဘက်ကမ်းမှ မိုင်းပြင်း-ကျိုင်းတုံ ကားလမ်းတောင်ဘက် ကွန်ဟီးနိုးရွာအထိ လယ်မြေများ ဖြစ်ပြီး (အမည်မသိရသော လယ်သမားများ၏ လယ်ဧကပေါင်း မြောက်များစွာ အပြင်) လယ်ပိုင်ရှင် ၆ ဦးထံမှ လယ်မြေ ၃၁ ဧကကို သိမ်းယူသည်ဟု ဆို၏။

နအဖစစ်တပ်သည် လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း ဤကဲ့သို့ မိုင်းပြင်း ပြည်သူ့လယ်မြေ ၁၄ ကွက်ကို လေယာဉ်ကွင်းလုပ်ရန် အဓမ္မ သိမ်းယူခဲ့သည်။ သို့သော် လေယာဉ်ပြေးလမ်း အတွက် တစ်ဝက်သာ ကတ္တရာခင်းနိုင်ပြီး ကျန်တ၀က်မှာ သဲ၊ ကျောက်များသာ ခင်းထားသဖြင့် လေယာဉ် မပြေးနိုင်၊ လေယာဉ်ကွင်း ဆောက်ပြီးခါစက ၂ လ ၃ လ တစ်ခေါက်လောက်သာ လေယာဉ်ဆင်းသော်လည်း နောက်ပိုင်း လုံးဝမဆင်းနိုင်တော့ဘဲ လေယာဉ်ကွင်း တဖြစ်လဲ ပြည်သူ့လယ်မြေမှာ ယနေ့တိုင် ဖွတ်မရ ဓါးမ ဆုံး ဖြစ်ခဲ့ရသည်ဟု အဆိုပါ မိုင်းပြင်းဒေသခံက ဆက်လက် ပြောပြသည်

Source

No comments: