Saturday, August 9, 2008

သျှမ်းအရှေ့၌ တပ်အင်အားဖြည့်ရန် နအဖစစ်ယာဉ်တန်းများ ၀င်လာ

သျှမ်းသံတော်ဆင့် သတင်း

သျှမ်းပြည်အရှေ့ပိုင်း၌ နအဖစစ်တိုင်းတစ်တိုင်း (သို့) စစ်ဌာနချုပ် ထပ်ချဲ့မည့် နောက်ဆက်တွဲသတင်း ငြိမ်နေသော်လည်း တောင်ကြီးရပခဘက်မှ စစ်သားများ၊ ပစ္စည်းများ တင်ဆောင်သည့် စစ်ယာဉ်တန်းအချို့ သံလွင်အရှေ့ဘက်ကမ်းသို့ ပို့ဆောင်နေကြကြောင်း ကျိုင်းတုံသတင်း ရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းဆတ်မြို့နယ်တွင် နအဖစစ်တိုင်း တစ်တိုင်း(သို့) စစ်ဆင်ရေးဌာနချုပ်တစ်ခု ထပ်မံတိုးချဲ့မည့်သတင်း ဂျူလိုင်လလယ်က ထွက်လာသော်လည်း ယခုချိန် အထိ မည်သည့်နေရာ၌ ထားရှိမည်၊ မည်သို့ အမည် တွင်မည်ကို ဆက်လက် မကြားသိရသေးဟု ကျိုင်းတုံကုန်သည် တဦးက ပြောပြ၏။

“ဒီလ ၁ ရက်နေ့က တရုတ်ဖြစ် တုန်းဖုန်း Dong Feng စစ်ယာဉ်တန်း ၆ စီး တောင်ကြီးဘက်က လာတယ်။ ရှေ့ပြေးလုံခြုံရေး ၉-၁၀ ယောက် လောက်ဘဲ ရှိမယ်။ တစ်မြို့ပြီးတစ်မြို့ လက်ဆင့်ကမ်း လမ်းပြ လုံခြုံရေးယူပြီး ကျိုင်းတုံရောက်တော့ မိုင်းဆတ်ဘက် သွားတယ်။ စစ်ကားပေါ်မှာ လေးလံတဲ့ပစ္စည်းတွေ တင်လာတယ်။ မိုးကာကြီးနဲ့ ဖုံးထားတော့ ဘာပစ္စည်းမှန်း မသိဘူး။ သံပိုက်လုံးကြီးတွေလား လက်နက်ကြီးတွေလား တင်လာတဲ့ပုံဘဲ” ဟု ၎င်းက ပြောပြသည်။

ယခုချိန်အထိ အဆိုပါ စစ်ယာဉ်တန်းများ ပြန်သွားခြင်း မတွေ့ရသေးဟု ကျိုင်းတုံ ဒေသခံများက ပြောကြသည်။

ထိုမတိုင်ခင် ဂျူလိုင်လနှောင်းကလဲ မိတ္တီလာမှလာသော တပ်ရင်း ၅ ရင်းခန့် မိုင်းဆတ်ဘက်သို့ ဆင်းသွားကြောင်း၊ မည်သည့်တပ်ရင်းများ ဖြစ်ကြောင်းကိုမူ အတိအကျ မသိရကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

အကယ်၍ မိုင်းဆတ်ခရိုင်၌ နအဖစစ်ဆင်ရေး ဌာနချုပ်တစ်ခု ထပ်တိုးချဲ့ပါက - မိုင်းဆတ်၊ မိုင်းပြင်း၊ မိုင်းတုံနှင့် ပုံပါကျင် မြို့နယ်ခွဲ အခြေစိုက် အပစ်ရပ် ၀တပ်ဖွဲ့ စစ်ဒေသ ၁၇၁ ထိန်းချုပ်နယ်မြေအပြင် ထိုင်းနယ်စပ် တစ်လျှောက်အခြေစိုက် SSA သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်စခန်းများအား ထိုးစစ်ဆင်ရန်နှင့် ထိုင်း-သျှမ်း နယ်စပ်ဂွင်တစ်ခုလုံး တိုက်ရိုက်ချုပ်ကိုင်ရန် ဖြစ်နိုင်သည်ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာသူများက သုံးသပ် ပြောဆိုကြသည်။

Source


No comments: