ရှင်းနီနီ
ကြောက်တတ် လန့်တတ်တဲ့ မိဘနှစ်ပါးလက်အောက်မှာ ကြီးပြင်းခဲ့ရလို့ပဲလား…၊ ဒါမှမဟုတ် ကျမ ကြီးပြင်းရာ ရပ်ဝန်းက ကျမကိုကြောက်စိတ်နဲ့ကြီးထွားလာအောင် သွေးလှန့်ထား ခဲ့လို့ပဲလား မသိ။ တခုခုဆိုရင် ကြောက်မယ် လန့်မယ်၊ အိမ်ထဲမှာ ပုန်းနေမယ် ဆိုတဲ့မိန်းကလေးမျိုးပါ။ ဒီလောက်တောင်မှ ကြောက်တတ်တဲ့ မိန်းကလေးကို ကြောက်သထက်ကြောက် အောင် ပုတ်ခါတပ်လှန့်လိုက်တဲ့ အဖြစ်ဆိုးတခုက သြဂုတ်လမှာ ဖြစ်ပျက်ခဲ့တယ်။
အကြောက်တရားနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးပီပီ မိမိအပေါ်တခုခု အဆိုးသက်ရောက်လာမှာကို တွေးကြောက် လေတော့ တယောက်ယောက်ကို ပြောပြလိုက်ဖို့ မ၀ံ့ရဲဘူး။ ဒါနဲ့ပဲ ကျမဟာ အနှစ် နှစ်ဆယ်ကြာတဲ့ အထိ မျိုသိပ် မှုတွေနဲ့ကြီးထွားခဲ့ တယ်။ ဒီအခါ အနှစ်နှစ်ဆယ်လုံးလုံး မျိုသိပ်ခဲ့တဲ့ပုံရိပ်တွေကို ဒီသြဂုတ်လထဲမှာပဲဖြန့်ကြဲချလိုက် မိတော့တယ်။
ရန်ကုန်မှာကျောင်းတက်ရပေမယ့် ကျမရဲ့တက္ကသိုလ်ဟာ ပျော်စရာမကောင်းခဲ့ဘူး။ ရုတ်တရက် ငွေစက္ကူအရေး အခင်း ဖြစ်လို့ နိုင်ငံရေးသိပ္ပံ တဘာသာပဲဖြေပြီး ဗရုတ်ဗရက် နယ်ပြန်ကြရတယ်။ ရုတ်တရက်ပြန်ဖွင့်လို့ ကသုတ် ကရက်နဲ့ စာမေး ပွဲကောက်ဖြေရပြန်တယ်။ လူတွေကို အထူးသဖြင့် ကျမတို့ကျောင်းသားတွေကို ဘာဖြစ်လို့များ အကြပ်အတည်းဖြစ်အောင် လုပ်ရတာလဲ…ကျမ နားမလည်ဘူး။ စိတ်ထင်တိုင်း ဖွင့်လိုက် ပိတ်လိုက် ပညာရေး အခြေအနေဆိုးကြီး အောက်မှာ ကျမရဲ့ တက္ကသိုလ်ဟာ လိမ်ဖယ်လိမ်ဖယ်နဲ့။ ကျမကလည်း တကယ်ညံ့ပါတယ်။
ကျောင်းသားတွေ၊ ပြည်သူတွေ အုံကြွရင် ဘာကြောင့်ဒီလိုအုံကြွမှုတွေဖြစ်တယ်ဆိုတာ နားမလည်ဘူး။ အိပ်မက် ထဲက တက္ကသိုလ်လို ပျော်ရွှင်စွာကျောင်းတက်ခွင့် မရတာကိုဘဲ အားမလိုအားမရဖြစ်နေခဲ့သူပါ။ အဲသည်နှစ်က နယ်ကျောင်းသူ ကျမဟာ ခေမရဌ် ရှမ်းဆိုင်လေးနဲ့ ကပ်လျက်လမ်းမှာ အဆောင်ငှား နေရတယ်။
ပရယ်တီကယ် လုပ်အပြီး ဗိုက်ဆာတာနဲ့ အပန်းဖြေရိပ်သာ (RC) ထဲက ဖြတ်ဝင်၊ ဂျပ်ဆင်ဘေး ကင်တင်းမှာ ခေါက်ဆွဲကြော် မှာတယ်။ ဆာဆာနဲ့ စားပွဲပေါ်လာချတဲ့ခေါက်ဆွဲကြော်မွှေးမွှေးလေးကို စားမလို့အလုပ်မှာ ရုတ် တရက် ကျွက်စီကျွက်စီ အော်ဟစ်သံတွေကြားတယ်။ ဘာဖြစ်ပါလိမ့်။ အပန်းဖြေရိပ်သာဘက်ဆီက ၀ရုန်း သုန်း ကားဆူညံသံတွေကြားတယ်။
ခေါက်ဆွဲမစားအားတော့ဘဲ ကင်တင်းအပြင်ဘက်ကို ထွက်ကြည့်ခိုက်မှာ ပြေးပြေးလွှားလွှား အော်အော်ဟစ်ဟစ် ဖြစ်နေတဲ့ လူတွေက ကျမကို တယောက်ပြီးတယောက် ၀င်ဝင်တိုက်သွား ကြတယ်။ ဘယ်ဘက်က ၀င်တိုက် လိုက်၊ ညာဘက်က၀င် တိုက်လိုက်နဲ့ မွေးပွသိုးမွေးလွယ်အိတ်ကြီးတလုံးနဲ့ ကျမဟာ ခြေထောက်တွေလည်း မလှုပ် ရှားနိုင်တော့ဘူး။ ကြောက်လွန်း အားကြီးပြီး ထုံကပ်သွားလို့ ဘယ်ကိုမှ မရွေ့တော့ဘဲ အဲသည်နေရာမှာပဲ လွယ်အိတ်နဲ့ အတူ လုံးထွေး ပတ်ခြာလည်နေ တယ်။ ကျမ တကယ် ဘာမှ မသိဘူး။ ဘာဖြစ်တာလဲ၊ ဘာဖြစ်ကြတာလဲ … ဆိုတဲ့ မေးခွန်းတွေနဲ့အတူ လွယ်အိတ်ကြီးကို အားကိုးတကြီး ပွေ့ဖက်ရင်း ကြောင်စီစီဖြစ်နေတယ်။
အဲဒီမှာ အရပ်မြင့်မြင့် အသားညိုညိုနဲ့ ကျောင်းသားကြီး တယောက်က"ဟာ..ဒီနားမှာ ရပ်မနေနဲ့၊ အန္တရာယ် ရှိတယ်၊ ညီမ လာလာ၊ ဒီဘက်ကထွက် မြန်မြန်မြန်မြန်"ဆိုပြီး ကျမလက်ကို အတင်းဆွဲခေါ်တယ်။ ဂျပ်ဆင်ရှေ့က ဖြတ်ပြီး ပြည်လမ်းမ ဘက် ဂိတ်ပေါက်ရှိရာကို သူဆွဲခေါ်လာတာ၊ ကျောင်းသားတွေအားလုံးလည်း ဒီဂိတ်ကနေပဲ ထွက်ပြေးနေကြတာ ကျမတွေ့ တယ်။ ကျောင်းဝင်းအပြင်ရောက်တော့ ကျမလက်ကို သူလွှတ်ပေးပြီး ကျောင်း ၀င်းထဲကို အရှိန်နဲ့ပြန်ပြေးဝင်သွားတယ်။
အဲဒီ ခဏလေးမှာ ကျမသိလိုက်တာက အဲဒီလူဟာ ကျမလိုပဲ အရေးအကြောင်းကြုံရင် ဘာလုပ်ရမှန်းမသိ၊ ဆွံ့အ ကြောက်ရွံ့ နေမယ့် ကျောင်းသူကျောင်းသားတွေကို အရေးပေါ်ကူညီမှုပေးနေတာလို့ ကျမနားလည် လိုက်တယ်။ လူတွေအားလုံးဟာ ပြည်လမ်းမပေါ်မှာ ရုတ်ရုတ်သဲသဲနဲ့။ အများစုကတော့ စံရိပ်ငြိမ်လမ်းကြားလေးထဲ ပြေးဝင်နေ ကြတယ်။ ကျမ ဖိနပ်လည်း မပါတော့ဘူး။ ဘယ်ဆက်ပြေးရမလဲမသိဘူး။
"ကျောင်းဝင်းထဲမှာမနေကြနဲ့၊ ပြေးပြေး" ဆိုတဲ့ အော်ဟစ်သံတွေကြားနေရတယ်။ တကယ်ဆို ကျမတို့လို နုနု နယ်နယ် ကျောင်းသူကျောင်းသားတွေအတွက် ဒီတက္ကသိုလ် ကျောင်းဝင်းဟာ အလုံခြုံဆုံးစိတ်အချဆုံး ဖြစ်ရမှာ မဟုတ်ဘူးလား။ အပြင်လမ်းမကြီးကမှ အန္တရာယ်ရှိတာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်မနေတဲ့ အဆောင်က တက္ကသိုလ်ရိပ်သာလမ်း၊ ခေမရဌ်ဆိုင်ရဲ့ လမ်းကြားထဲမှာ၊ ဒီကျောင်းဝင်းထဲကဖြတ်ပြီး ပြန်မှရမှာ၊ အရိပ်သုံးပါး နားမလည်တဲ့ကျွန်မက ကျောင်းထဲက ပြန်ဖြတ်ပြီး အဆောင်ကိုပြန်မယ်လုပ်မိတယ်။ကျောင်းဝင်း ဂိတ်က သော့ ပိတ်သွားပါပြီ။ ကျောင်းသားတချို့က ကျောင်းဝင်း တံတိုင်းကိုကျော်တက်ပြီး အပြင်ကိုခုန်ချနေကြတယ်။
"ကလေးမ သေချင်လို့လား၊ ပြေးပြေး၊ စံရိပ်ငြိမ်လမ်းထဲပြေး"လို့ လူတယောက်က ကျမကိုအော်ဟစ် သတိပေးရင်း သူကိုယ် တိုင်လည်း ပြည်လမ်းကို ဖြတ်ကူးပြေးသွားတယ်။ ဒီတော့မှ ကျမသူ့နောက်ကနေ ပြေးလိုက်မိတယ်။ ကျမပြည်လမ်းမကို ဖြတ်ကူးစဉ်မှာပဲ လမ်းမအလယ်ကောင်တည့်တည့်ကနေ စာရွက်ဖြူတရွက်ပင့် ကိုင်ရင်း တလှမ်းချင်း လျှောက်သွားနေတဲ့၊ ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့ ကျောင်းသားတယောက်ကိုမြင်မိတယ်။
လမ်းကြားထိပ်ကျမအရောက်မှာ "ဟာ""ဟင်" "အမလေး" "ကယ်ကြပါဦး"ဆိုတဲ့ အထိတ်တလန့် အော်ဟစ်သံတွေ ထွက်ပေါ် လာတယ်။ ကျမလည်း ပြေးနေရင်းကနေ ခြေလှမ်းတုံ့ခနဲဖြစ်သွားပြီး လမ်းမဘက်ကို လှည့်ကြည့်မိတော့ စောစောက စာရွက်ဖြူကိုင်ထားတဲ့ ကျောင်းသားဟာ လမ်းမအလယ်ကောင်မှာ ကုန်းကုန်းခွေခွေလေး လဲကျသွားတာမြင်တယ်။ ကျမ မျက်လုံးတွေပြာထွက်သွားတယ်။
ဘုရားရေ သူသေသွားပြီလား။ ဘာတွေဖြစ်ကုန်တာလဲ။ "သေကုန်ပြီ" "သေကုန်ပြီ" "ပြေးပြေး"ဆိုတဲ့အသံတွေ အကျယ်ကြီး ထွက်ပေါ်လာတယ်။ လူတွေအားလုံး ကစဥ့်ကလျားနဲ့ ဟိုကသည် သည်ကဟို အော်ဟစ် ပြေးလွှား ကြ တယ်။ အဲဒီမှာ အစိမ်းပုပ်ရောင်ဝတ်စုံတွေနဲ့ လူ အယောက်နှစ်ဆယ်လောက်ဟာ ကျမဘက်ကို ပြိုဆင်း လာ ကြတယ်။ သူတို့လက်ထဲမှာ လှံလိုထိပ်အချွန်တွေ ပါတဲ့ သေနတ်အရှည်ကြီးတွေနဲ့။
"တယောက်မှ မလွတ်စေနဲ့" အော်သံ ကြားတယ်။ အပြေးနိုင်ဆုံးထက် ပိုပြီးမြန်မြန်ပြေးရမယ်ဆိုတဲ့ အသိနဲ့ ကျမ အားသွန် ပြေးနေမိတယ်။ ပြေးရင်းနဲ့တချက်တချက်လှည့်ကြည့်မိတော့ လှံချွန်ချွန်ကြီးတွေက ကျမနောက် ကျော နဲ့ အတော်လေးကို ကပ်နေပြီ။ ကျောကော့ပြီး တအားပြေးတယ်။ အဲဒီမှာ ကျမနံဘေး က မိန်းကလေး တယောက် နဲ့ကောင်လေးတယောက်ကို သူတို့လှမ်းဆွဲမိပြီး မြေကြီးပေါ်တွန်းလှဲလိုက်တယ်။ တခွပ်ခွပ်ထိုးနှက် ရိုက်ပုတ် ကန် ကျောက်တဲ့အသံတွေ အနီးကပ် ပေါ်ထွက်လာတယ်။
ကျမ လမ်းအတိုင်းမပြေးတော့ဘဲ အကွေ့တနေရာမှာ တဲခြံဝင်းတခုထဲ ချိုးဝင် လိုက်တယ်။ "ဒီကိုလာ ဒီကိုလာ" လို့ အသံ အုပ်အုပ်လေးကြားတဲ့ တဲအိမ်လေးထဲပြေးဝင်လိုက်တယ်။ ကျမအရင်ပုန်းခိုနေတဲ့ ကျောင်းသူကျောင်း သားတချို့က တဲအိမ် အောက်ခြေမှာ ၀ပ်နေဖို့ လက်ဟန်ခြေဟန်နဲ့ပြလို့ ကပျာကယာ နဲ့ ၀မ်းလျားထိုး မှောက် ပြီး အသက်အောင့်ထားမိတယ်။ နာရီဝက်လောက်ကြာတဲ့အခါ အသံတွေအားလုံးတိတ်သွားတယ်။
"အားလုံးပြီးသွားပြီ ကိုယ့်နေရာ ကိုယ် ပြန်ကြတော့" လို့ လူတယောက်ကပြောတယ်။ ကျမ နားမရှင်းဘူး။ ဘာ တွေဖြစ်လို့ ဘာတွေပြီးသွားတာလဲ။ (အခုမှ အစပြုတာ လို့တော့ အသိစိတ်က အလိုလိုနားလည်လိုက်တယ်။ ပြည်လမ်းမမှာ အစိမ်းပုပ် ရောင်လူတွေကတော့ ရှိနေတုန်းပဲ၊ ပြည်လမ်းမကို ပိတ်ထားတယ် တဲ့။
ကျမအဆောင် ပြန်ဖို့မဖြစ်နိုင်တော့ဘူး။ ဒီလမ်းကြားထဲမှာလည်း အစိမ်းပုပ် ရောင်လူတချို့ လမ်းသလားနေကြတုန်းပဲ။ တဲအိမ်နဲ့ နောက်ကျော ချင်းဆက်နေတဲ့ တဘက် ထမင်းဆိုင် နောက်ဖေးလမ်းကြားတွေကိုဖြတ်ပြီး အင်းစိန်လမ်းမဘက်ကို ရောက်ခဲ့တယ်။ ဇေယျာသီရိ လမ်းကြားအတွင်းဆောင်မှာနေတဲ့ သူငယ်ချင်းဆီမှာသွား ခိုနေရတယ်။
ပထမညမှာပဲ လှည်းတန်းပွိုင့်ဘက်ဆီကနေ ကျမအမျိုးအစားမပြောပြတတ်တဲ့ သေနတ်သံတွေ ကြားတယ်။ အဲဒီမှာနေတဲ့ အတောအတွင်း ကျမသတိထားမိတာက လူတွေဟာ စကားကျယ်ကျယ် မပြောရဲကြဘူး။ စားသုတ် သုတ် လာသုတ်သုတ်နဲ့။ နေ၀င်မီးငြိမ်းတဲ့။ လူတချို့လက်ထဲမှာ ရေဒီယို တွေနဲ့။ တယောက်နဲ့တ ယောက် တွေ့ ရင် ခပ်အုပ်အုပ်အသံနဲ့ "ဘယ်လိုလဲ" လို့မေး ကြတယ်။ တယောက်က"အခြေအနေ မကောင်းဘူး"လို့ ဖြေတယ်။
ဘာတွေ အခြေအနေ မကောင်းတာလဲ.. တကယ်ပဲ ကျမ မသိဘူး။ သိဖို့လည်း မကြိုးစားမိဘူး။ နယ်မှာ ကျန်ခဲ့ တဲ့မိဘတွေ စိတ်မပူဖို့ သူတို့နဲ့ တယ်လီဖုန်း အဆက်အသွယ်ရဖို့ကိုပဲ ကြိုးစားနေမိတယ်။ သုံးရက် မြောက်နေ့ လမ်းပွင့်တဲ့အခါ အဆောင် ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်း"စန္ဒာ"က ကျမကို ဖက်ပြီးငိုတယ်။
"ကျောင်းထဲမှာ ပိတ်မိနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေအများကြီးပဲ၊ ဆရာတွေနေတဲ့အိမ်ထဲကို ပြေးဝင် ပုန်းခိုနေရ တဲ့သူတွေလည်း အများကြီးပဲတဲ့။ ကျောင်းထဲမှာ ပိတ်မိနေသမျှ ကျောင်းသားကျောင်းသူတွေကို ကား တွေနဲ့လှည့်ပတ် သိမ်းကျုံးပြီး ဖမ်းတင်ခေါ်သွားကြတယ်တဲ့။ လုံချည်အနီနဲ့ ကောင်မလေးနှစ်ယောက်က ရုန်းကန်လို့တဲ့၊ ရိုက်နှက်ပြီး ဆွဲတင် ဖမ်းခေါ်သွားကြတယ်တဲ့။ ငါ့မှာ အဲဒါ နင်များလားလို့ ငိုလိုက်ရတာ"လို့ပြောတယ်။
ဒီတော့မှ ကျမကိုယ်ကျမ လုံချည်အနီရောင်ဝတ်ထားမှန်း သိတော့တယ်။ ဖိနပ်မပါဘဲ ပြေးလွှားခဲ့ရတဲ့ ခြေဖ၀ါး တွေက ခုမှ စပ်ဖျဉ်းဖျဉ်းနဲ့ နာကျင်နေမှန်းသိရတော့တယ်။ ဖမ်းခေါ်သွားတဲ့ ကျောင်းသားတွေ အများကြီးပဲတဲ့။ ခုထိမလွှတ်ဘူးတဲ့။
ကျမမျက်စိထဲမှာ ပြည်လမ်းမပေါ်ကုန်းကုန်းခွေခွေလေးလဲကျသွားတဲ့ အင်္ကျီအဖြူရောင်နဲ့ကျောင်းသားလေးကို မြင်နေတယ်။ သူကိုင်ထားတဲ့စာရွက်မှာ ဘာရေးထားလဲ၊ သူများတွေလိုလိုက်မပြေးဘဲ သူကလမ်းမအလယ် ကောင်တက်ပြီး ဘာလုပ်တာ လဲ။ တကယ်ပဲ ကျမဘာမှ မသိဘူး။ ကျမသိတာက သူသေသွားခဲ့တယ် ဆိုတာပဲ။ ဘာဖြစ်လို့ သူ သေသွားခဲ့တာလဲ။ ဟင့်အင်း … ကျမ မသိဘူး။ သိအောင်လည်း မကြိုးစားမိဘူး။
ကျောင်းတွေကတော့ ပိတ်လိုက်ပြန်ပြီ။ ကျမ သိချင်တာကတခုပဲ။ ကျမရဲ့တက္ကသိုလ်ကျောင်း ဘယ်တော့ဖွင့်မှာလဲ။ ကျမက တက္ကသိုလ်နေ့ရက်တွေကိုသီချင်းတွေထဲကလို ပျော်ရွှင်မြူးထူးစွာ ဖြတ်သန်းမယ်လို့ စိတ်ကူးယဉ်အားခဲထားခဲ့သူပါ။ ကျောင်း မြန်မြန်ဖွင့်ပါစေလို့ တမ်းတနေတဲ့အတိုင်း ရုတ်တရက် ကျောင်းတွေပြန်ဖွင့်ခဲ့ပြီ။
ဒါပေမယ့် တကယ်တမ်း ကြုံတွေ့လိုက်ရတဲ့ ကျမရဲ့တက္ကသိုလ်ကတော့ ခါးသီးတဲ့ရက်စွဲတွေနဲ့။ ဒဏ်ရာတွေ အပြည့်နဲ့။ သြဂုတ်လရဲ့နေ့စွဲတွေကို တစ္ဆေတကောင်က သိမ်းပိုက်ခြောက်လှန့်ခဲ့တယ်။ ကြောက်တတ်လွန်းတဲ့ ကျမကို ဘုရားသခင်က အရင်တခါကလို ကြောက်လန့်စရာအဖြစ်ဆိုးတွေနဲ့ ထိပ်တိုက်မတွေ့ရအောင်ဖယ်ရှား ပို့ဆောင်ပေးတယ်နဲ့တူပါရဲ့။ အဲဒီ နေ့က အစောပိုင်း ပရယ်တီကယ် လုပ်ပြီးတာနဲ့ စိတ်ထဲလေးလံနွမ်းနယ် သလို ဖြစ်ပြီး တံတားဖြူကန်လမ်းထဲမှာရှိတဲ့ ကျွန်မရဲ့အဆောင် ကို ပြန်လာခဲ့တယ်။ မကြာခင်မှာပဲ အဆောင်သူ တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြ တယ်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြပုံပဲ။ ဒီကန်လမ်းက ပင်မတက္ကသိုလ်မှာ တက်နေတဲ့ အဆောင်သူ အဆောင်သား တွေ အများအပြားရှိတဲ့ လမ်းဆိုတော့ သတင်းက ချက်ချင်းပျံ့နှံ့နေပြီ။
"အခြေအနေမကောင်းဘူး"ဆိုတဲ့စကားကို လူတိုင်းက မျက်လုံးပြူးမျက်ဆန်ပြူး အချက်ပေး ပြောဆိုနေကြပြီ။ ဆရာတွေက အကုန်ပြန်ကြဖို့ ပြန်လွှတ်နေကြတယ်တဲ့။ ကျောင်းဝင်းထဲမှာ ဘယ်သူမှ ကျန် မနေစေရဘူးတဲ့။ ကျောင်းသားတယောက် ကျန်နေတာတွေ့ရင် သက်ဆိုင်ရာ ဆရာကို ပြင်းထန်စွာ အရေးယူမယ်တဲ့။ ဒါဘာ သဘောလဲ ကျမနားမလည်ဘူး။ တခုခု ဖြစ်မယ်ကြံတာနဲ့ ကျောင်းသားတွေကို ကျောင်းဝင်းထဲမှာ မနေရ ဘူးလို့ နှင်ထုတ်တာကတော့ အဓိပ္ပာယ်မရှိတာဘဲ လို့ ကျမခံပြင်းစွာ တွေးနေမိတယ်။ ကျောင်းသားတွေဟာ ကိုယ်နေ တဲ့ ကျောင်းကို အရုပ်ဆိုး ပျက်စီးအောင် ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အဆောင်သူတွေ အားလုံး ပြန်ရောက် လာခဲ့ကြပေမယ့် ကျမရဲ့အရင်းနှီးဆုံး အခန်းဖော်သူငယ်ချင်း ပြန်ရောက်မလာသေးလို့ ကျမ ရင်တွေပူလာတယ်။
စက်မှုတက္ကသိုလ်က ကျောင်းသားတွေ အလုံးအရင်းနဲ့ချီတက်လာကြပြီတဲ့။ ပင်မတက္ကသိုလ်က ကျောင်းသားတွေ လည်း လူစုပြီး ထွက်လာ ကြမယ်တဲ့။ သူတို့အားလုံး ပူးပေါင်းကြမယ်တဲ့။ လှည်းတန်းပွိုင့်မှာ ဟောပြောဖို့ဆုံမှတ် ထားကြမယ်တဲ့။ အဲဒီမှာ အခန်းဖော်သူငယ်ချင်းဟာ ဖရိုဖရဲနဲ့ အဆောင်ထဲပြေးဝင်လာတယ်။ လူကဖရိုဖရဲပုံ ပေါက်နေပေမယ့် သူ့မျက်လုံး တွေက စူးရှတောက်ပလို့။ ကျမတခါမှမမြင်ဘူးတဲ့ အတောက်ပဆုံးမျက်လုံး တွေ။
သူက"လက်ကိုင်ပုဝါတွေ၊ ရေဘူးတွေ၊ ဦးထုပ်တွေ စုပေးကြပါ"လို့အော်တယ်။ "မြန်မြန်မြန်မြန်"တဲ့။ သူကိုယ် တိုင် လည်း ပျာယီးပျာယာနဲ့ တခန်းဝင်တခန်းထွက် ရှာဖွေ စုဆောင်းတယ်။ ကမသိလိုက်ပါပြီ။ တခါဖြစ်ဖူးတဲ့ အတွေ့ အကြုံက ကျမကို ရဲရင့်အောင် သင်ကြားပေးခဲ့ပြီ။ ကျမဟာ ဟိုတခါ တုန်းကလို ခြေထောက်တွေ ထုံကပ်ကြောက် လန့်ပြီး ကြောင်စီစီရပ်နေ မယ့် မိန်းကလေး မဟုတ်တော့ဘူး။
ပါးစပ်ကလည်း သူငယ်ချင်းနောက်က သံယောင်လိုက်ပြီး "မြန်မြန်မြန်မြန်၊ ရေဘူးတွေ၊ ဦးထုပ်တွေ၊ လက်ကိုင်ပုဝါတွေ" လို့အော်တယ်။ အဆောင်သူတွေအားလုံး မိနစ်ပိုင်းအတွင်းမှာပဲ လိုတဲ့ပစ္စည်းတွေ ရလိုက်တယ်။ ဆွဲခြင်းတွေ နဲ့ သိမ်းကျုံး ထည့်တယ်။ ပြည်လမ်းမဆီကို ပြေးကြတယ်။ လမ်းမနဲ့အပြည့် ကျပ်ခဲပြီးတလှုပ်လှုပ်ရွေ့လာနေတဲ့ လူ အုပ်ကြီးကို ခပ်လှမ်းလှမ်းမှာ မြင်တယ်။
ကျမသူငယ်ချင်း"စန္ဒာ"က ကျောင်းပြီးရင် လက်ထပ်ဖို့ စီစဉ်ထား တဲ့ သူ့ချစ်သူ"ကိုဦး"နဲ့ မျက်နှာချင်းဆိုင်ပြီးစကား တတွတ် တွတ်ပြောနေတယ်။ အမှန်က သူနှုတ်ဆက်နေတာပါ။ (ဒါဟာ သူတို့နှစ်ဦးအတွက် နောက်ဆုံးနှုတ်ဆက် ခြင်း ဖြစ်လိမ့်မယ် လို့တော့ အဲဒီတုန်းက ကျမလည်းမသိသေး ဘူးပေါ့)။ ကိုဦးရဲ့မျက်လုံးတွေက ဆုံးဖြတ်ချက်တွေ တသီတတန်းကြီးချထားပြီး မျှော်လင့်ခြင်းနဲ့လက်ဖြာ နေတဲ့ မျက်လုံးတွေ။ သူ့မျက်လုံးတွေရဲ့အတွင်းနက်နက် ထဲမှာ ကျမတို့မစဉ်းစားရဲ မတွေးရဲတဲ့ အရာတွေ ကိန်းဝပ်နေသလိုပဲ။
"စန္ဒာ့ အတွက်မပူနဲ့၊ နောက်လှည့်မကြည့်နဲ့၊ စိတ်ချပြီးသွား"လို့ စန္ဒာ က ပြောတော့ ကိုဦးက ခေါင်းညိတ်တယ်။ ကျမ တကယ်ပဲ မသိဘူး။ အဲဒီကိုဦးက ကျမသူငယ်ချင်းကို ထားခဲ့ပြီး ဘယ်အရပ်ဆီကိုသွားမှာလဲ…။
ဟစ်အော်သံတွေပြည့်လျှမ်းနေတဲ့ ကျောင်းသားလူအုပ်ကြီးဟာ ရွေ့လျားနှုန်းမြန်ဆန်လာတယ်။ ဒီလူအုပ်ကြီးကို အားပေး ချီးမြှောက်ဖို့ လက်ခုပ်တီးစောင့်ကြိုနေသူတွေ၊ ပြီးတော့ ဒီလူအုပ်ကြီးနဲ့အတူအဆုံးထိတိုင် တသားတည်း ပါဝင်စီးမျောဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ ကျောင်းသားတွေ ၊ အို..လမ်းတွေပေါ်မှာ လူတွေမှ မကြုံ စဖူး အများကြီးပါပဲ။
ကျမတို့ရှိရာ ကန်လမ်းထိပ်ကို သူတို့အားလုံး ရောက်လုရောက်ခင်လေးမှာ…။ မိုးကောင်းကင်ကြီးဝုန်းခနဲပြိုကျ လာသလို မြန်ဆန်လွန်းတဲ့အဖြစ်အပျက်တွေက ဒီလူအုပ်ကြီးထဲကို ရုတ်တရက်ကြီး ပြုတ်ကျမွှေနှောက်ခဲ့တယ်။ စနစ်တကျစီတန်း ရွေ့လျားလာတဲ့ လူအုပ်ကြီးဟာ မျက်တောင်တခတ် အချိန်လေးအတွင်းမှာပဲ ဖရိုဖရဲပြန့်ကြဲ သွားတယ်။ တခွပ်ခွပ်မြည်သံ တွေနဲ့အတူ အနီရောင် အစအနတွေဟာ ဖွားခနဲဖွားခနဲ လမ်းမပေါ်ဖြာကျတယ်။ ကျမတို့အားလုံး လူရော၊ သယ်ဆောင် လာတဲ့ ပစ္စည်းတွေပါ ရည်ရွယ်ရာဆီမရောက်နိုင်တော့ဘဲ ဟိုတစ သည် တစ ကွဲထွက် ဝေးလွင့်ကုန်တယ်။ တခုခုနဲ့တွန်း တိုက်မိသလိုမျိုးခံစားလိုက်ရပြီး ကျမလွင့်စင် လဲကျသွားတယ်။
သတိနဲ့ ကုန်းရုန်းထပြီး ကြည့်မိတော့ ဆူပွက် လှိုင်းထနေတဲ့ အနီရောင်မြင်ကွင်းတွေ။ ကျောင်းသားတချို့ က ကန်ပေါင်ပေါ် ကုပ်ခဲပြေးတက်နေကြတယ်။ လုံထိန်းတွေက နောက်က အာသာငမ်းငမ်းလိုက်လံ နှိပ်ကွပ်တယ်။ ကျောင်းသားတချို့ဟာ နံပါတ်တုတ်ကြီးတွေ တဆဆ ကိုင်ထားတဲ့ အစိမ်းပုပ်ရောင် လူတွေရဲ့လက်ထဲမှာ ယက် ကန်ယက်ကန်ဖြစ်နေကြတယ်။ အဲဒီမှာ ဖမ်းချုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသား လေးတ ယောက်ကို အစိမ်းပုပ်ရောင် လူသုံး ယောက်က ဘ၀အဆက်ဆက် အငြိုးရှိခဲ့သလိုမျိုး ပြိုင်တူဝိုင်းရိုက်လိုက်ကြတာ ကျမ တပ်အပ်မြင်လိုက်တယ်။ ခွေခေါက် လဲကျသွားတဲ့ ကျောင်းသားလေးဟာ အနီရောင်ထဲမှာ…။
ဝန်းကျင်တခုလုံး ရက်စက်တဲ့အနီရောင်တွေနဲ့ ချင်းချင်းနီဖုံးအုပ်သွားတယ်။ ကျမနာမည်ကို စူးခနဲငယ်သံပါအောင် အော်ခေါ် လိုက်တဲ့အသံတသံ ကြားမိတယ်။ အဲဒါ စန္ဒာ လား။ ထုံကျဉ်သွားတဲ့စိတ်တွေနဲ့ အဆောင်ကိုဘယ်လိုပြန် ရောက်ခဲ့လဲတောင် မသိတော့ဘူး။ အဆောင်ရောက်တော့ စန္ဒာက ပြန်ပြောပြတယ်။ ကန်လမ်းထဲကို အစိမ်းပုပ် ရောင် လူတွေ ကမူးရှူးထိုး ပြေးဝင်လိုက်ရိုက်ကြချိန်မှာ သူကျမကို အတင်းဆွဲခေါ်ခဲ့တာတဲ့။ အကြမ်းဖက် လူစုခွဲမှု ကြောင့် ဖရိုဖရဲ ဖြစ်သွားတဲ့ကြားကပဲ မရရအောင်ရုန်းထွက်ပြီး ဆက်လက်ချီတက်တဲ့ကျောင်းသား တွေလည်း အများကြီးပါပဲ တဲ့။
စက်မှုကျောင်းသားတွေဟာ ပင်မတက္ကသိုလ်ကျောင်းသားတွေနဲ့ မပူးပေါင်းနိုင်တော့ပေမယ့် လှည်းတန်းပွိုင့်မှာ ဆုံဖြစ်ကြဖို့ နည်းလမ်းရှာပြီးရောက်အောင်သွားနိုင်ကြမှာပါလို့ အားလုံးက မျှော်လင့်ခန့်မှန်းကြတယ်။ ဘာလုပ် ရမှန်းမသိ။
"ရက်စက်လိုက်တာ ရက်စက်လိုက်တာ"လို့ တက်တခေါက်ခေါက်ရေရွတ်သံတွေ အဆောင်တခုလုံး ပဲ့တင်ညံနေတယ်။
"ငါတို့ကျောင်းသားတွေ ဘာမှားလို့လဲ ဘာလုပ်လို့လဲ၊ ဘာလို့ ဒီလို အကြမ်းဖက်ဖြေရှင်းရတာလဲ" ဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ရင်ထဲဆို့ကျပ်နေတော့တယ်။ ငိုမဲ့မဲ့မျက်နှာတွေ တင်းကျပ်နေတဲ့စိတ်တွေနဲ့ ကျမတို့ ၀ိုင်းအုံ ထိုင်နေခိုက်မှာ စန္ဒာက အားလုံး စိတ်သက်သာရာရအောင်လို့ နဲ့တူပါရဲ့။
"ဖျာလိပ်နတ်ခေါ်ရအောင်"တဲ့။ ဖျာတချပ်လိပ်ပြီးကြိုးနဲ့ စည်းလိုက်တယ်။
အင်္ကျီလုံချည်စည်းနှောင်ဝတ်ပေးလိုက်တယ်။ သနပ်ခါးတွေလိမ်းလိုက်တယ်။ တင်းကျပ်တဲ့စိတ်တွေပြေလိုပြေငြား လုပ်ကာမှ ပိုဆိုးတော့တယ်။ အခါတိုင်းလိုပျော်စေပြက်စေ မေးခွန်းတွေမမေးမိဘူး။ အားလုံးသိချင်နေတာက အခု ချိန်မှာ ဒီအကြောင်း အရာ တခုတည်းပဲ ဖြစ်နေတယ်။ စောစောက ကျောင်းသား တွေ ဘယ်နား ရောက်နေပြီလဲ။ သူတို့စီစဉ်ထားတဲ့အတိုင်း အားလုံး ဆုံစည်းမိရဲ့လား။ အခြေအနေကောင်းရဲ့လား၊ စောစောကထက် အခြေအနေ ပိုဆိုးနိုင်လား … သူတို့ လွတ်မြောက် နိုင်ပါ့မလား…ဒါတွေပဲ သိချင်စိတ်ပြင်းပြ နေကြတယ်။
"အခု ဘယ်နားရောက်နေပြီလဲ" ဆိုတဲ့မေးခွန်းကို ဖျာလိပ်နတ်သမီးက လှည်းတန်းဘက်ဆီ ကိုင်းညွှတ်ပြပြီး ဖြေတယ်။
"အားလုံးပူးပေါင်းမိပြီး အင်အားကြီးရင်၊ အခြေအနေကောင်းရင် သိသာစွာယိမ်းထိုးပြပါ"ဆိုတော့ ဖျာက တုပ်တုပ်မှ မလှုပ်ဘူး။ ကျမတို့အားလုံး မျက်ရည်တွေတွေကျလို့ ငိုင်တွေ သွားကြတယ်။
မယုံနိုင်စရာပါပဲ။ အင်းယားဟာ တကယ်ပဲ သွေးနီရောင်လွှမ်းခဲ့ပါပြီ။ ပြည်လမ်းမဟာလည်း အနီရောင်။ တံတားဖြူ လှေကား ထစ်တွေဟာ အနီရောင်။ ကန်လမ်းလေးဟာလည်း နီစွေးစွေးလမ်းသွယ်လေး ဖြစ်ခဲ့ပြီပဲ။ အနီရောင် မြင် ကွင်းကြီး တခု လုံးက ကျွန်မတို့နှလုံးသားထဲမှာ အတိအကျကို စွန်းထင်းကျန်ရစ်ခဲ့ပါပြီ။ အနီရောင်တွေနဲ့ ပေကျံ နေတဲ့ တံတားဖြူအပါ အ၀င် ဒီဝန်းကျင်တခွင်လုံးဟာ မကြာမီရက်ပိုင်းအတွင်းမှာတော့ ထုံးဖြူဖြူတွေ ဖုံးအုပ်သုတ် လိမ်းလို့ ဟန်လုပ်ခံလိုက်ရပါပြီ။
ဒါပေမယ့် ဘယ်လောက်ပဲ ဟန်လုပ်ထားထား ဒီထုံးဖြူဖြူတွေအောက်မှာ အနီရောင်တွေ အသေအချာစွန်းထင်း တည်ရှိခဲ့ တယ်ဆိုတာ ကျွန်မတို့မျက်စိနဲ့တပ်အပ် မြင်တွေ့ခဲ့ပြီးသား၊ ဒါဟာ ဆယ်သက်ဆယ်ကမ္ဘာ ညာမရတဲ့ "အနီရောင်သမိုင်း"ပါ။
ထုံးဖြူဖြူတွေ အလွယ်တကူ သုတ်လိမ်းပစ်လိုက်ရုံနဲ့တော့ သမိုင်းဟာ ဖြူဖွေးစင်ကြယ်မသွားပါဘူး။ ခုအချိန်မှာ ကျမတို့ ပါးစပ်ဟခွင့်မရှိဘူး။ အသံထွက်ပြောဆိုခွင့် မရှိဘူး။ ဒါပေမယ့် တယောက်နဲ့ တယောက် မျက်လုံး ချင်းဆုံ တွေ့လိုက်တာနဲ့ တယောက်မျက်လုံးထဲမှာ ကိန်းဝပ်နေတဲ့ အရှင်လတ်လတ်ပုံရိပ်တွေကို တယောက်က အကြည့် တချက်နဲ့ပဲ ဖမ်းယူနားလည် တတ်ခဲ့ပါပြီ။ ပြီးတော့ ဒီလိုအကြည့်တချက်နဲ့ ဖမ်းယူထားတဲ့ ပုံရိပ်တွေကို တခြား တယောက်ဆီ အကြည့်လေး တချက်အား ဖြင့် လက်ဆင့်ကမ်း ဝေမျှ ပေးနိုင်ပါသေးတယ်။
စက်မှုတက္ကသိုလ်ဘက်မှာ ဖြစ်ပျက်ခဲ့ တာတွေ ကျမတို့နဲ့ အလှမ်းကွာဟနေလို့ ကျမတို့မသိနိုင်ဘူး မထင်ပါနဲ့။ မျက်စိနဲ့ တပ်အပ်မြင်တွေ့ သူတွေက သူတို့မျက်စိနဲ့ပဲ ဖမ်းယူထားပြီး မျက်လုံးချင်းဆုံခိုက်မှာ ကျမတို့ကို မျက်စိ ကတဆင့် ပုံရိပ်ဖော် ပြောပြသွားခဲ့ပြီးပါပြီ။
ကိုဖုန်းမော်အပါအ၀င် တခြား မရေမတွက်နိုင်တဲ့ ၀ိညာဉ်ပေါင်းများစွာအတွက် ကျမတို့ ကြေကွဲစွာ အမျှဝေ ဆုတောင်းပေး နေဆဲပါ။
တိုက်ဆိုင်လိုက်တာ။ သြဂုတ်လရဲ့ ပထမရက်စွဲမှာ သူငယ်ချင်းစန္ဒာနဲ့ ကျမ တွေ့တယ်။ သူ့ဘေးမှာ လူငယ်လေး တယောက်။
"ဒါ ငါ့သားလေ"လို့ သူက မိတ်ဆက်ပေးတယ်။ အသားညိုညို မျက်ခုံး ထူထူ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်းတွေနဲ့ ဒီလူငယ်လေး ကို ကျမစိတ်ထဲ မြင်ဖူးနေသလိုလို…။ မျက်ခုံးတွေမြင့်တက်သွားပြီး တုန်တုန်ယင်ယင်နဲ့မေးမိ လိုက်တယ်။
"သူ့..သူ့အဖေက…"။ စန္ဒာက လက်လက်ကလေးပြုံးလိုက်ပြီး"သူ့အဖေ ခရီးထွက်သွားတာ အနှစ် နှစ်ဆယ်ရှိပြီ" တဲ့။ ကျမ သက်ပြင်း ခိုးချမိတယ်။
"ဒါနဲ့ မင့်သားကို ဘာဖြစ်စေချင်လဲ"လို့ စကားလွှဲမေးတော့၊ စန္ဒာက "လွတ်မြောက်မှုအတွက် မှန်ကန်စွာ အသေခံ ရဲတဲ့ သူပဲ ဖြစ်စေချင်တယ်၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က သူ့အဖေလိုပေါ့"တဲ့။
ကျမမျက်စိထဲမှာ ပြည်လမ်းမပေါ် ကုန်းကုန်းခွေခွေလေးလဲကျသွားတဲ့ အင်္ကျီအဖြူရောင်နဲ့ ကျောင်းသားလေးကို မနေ့ တနေ့က ဖြစ်ခဲ့သလို ထင်းထင်းပြက်ပြက်ကြီးမြင်ယောင်မိသွားတယ်။ သူသေသွားခဲ့တယ်လို့ အဲဒီတုန်းက ကျမထင်ခဲ့တာ။ ဟင့်အင်း မဟုတ်ဘူး..အဲဒါ သေသွားခဲ့တာ မဟုတ်ဘူး။ အသေခံသွားခဲ့တာ။
ကျမလိုပဲ လွတ် အောင်ပြေးရင်ရရဲ့သားနဲ့။ ကိုယ်လွတ်မရုန်းဘဲ တမင်တကာအသေခံသွားခဲ့တာ။ ကျမတို့အားလုံး လွတ်မြောက်ဖို့ အသေခံသွားခဲ့တာ။ ဒီလို အသေခံ၊ စတေးခံခဲ့ရတဲ့ အသက်ဝိညာဉ်တွေ ဘယ်လောက်တောင်မှ များပြားခဲ့ပါ လိမ့်။ အနှစ် နှစ်ဆယ်လုံးလုံး ငြိမ်ဝပ်ပိပြားစွာအိပ်ပျော်နေခဲ့တဲ့ ကျမလို ညံ့ဖျင်းတဲ့လူစားတွေ ဘယ် လောက်တောင် ရှိနေပါလိမ့်။
ကျမ လွန်စွာ နောင်တရခဲ့ပါပြီ။ ကျမ နောက်ကျသွားပြီလား….။ လွတ်မြောက်မှုနဲ့အမှန်တရားကတော့ ကျမတို့ကို လူတန်း စားမရွေး အချိန်အခါမရွေး အစဉ်အမြဲဖိတ်ခေါ်နေမှာပါ။ နောက်ကျနေပြီ မင်းမလာနဲ့တော့လို့ သူတို့က ကျမကို ပြောမှာ မဟုတ်ပါဘူး။ မယိမ်းမယိုင်တဲ့စိတ်ဓာတ်နဲ့ သူတို့ရှိရာနေရာကို အရောက်လာဖို့ပဲ သူတို့အလိုရှိမှာ ပါ။ ကဲ … ကျမတို့ လွတ်မြောက်မှုနဲ့အမှန်တရားဆီ ခုပဲ အရောက်သွားကြရအောင်…..။
ထုံးဖြူဖြူတွေဟန်လုပ် သုတ်လိမ်းထားတဲ့ အနီရောင်သမိုင်းထဲက ၀ိညာဉ်အစအနတွေကို မမေ့မလျော့ ကောက်ယူ ထမ်းပိုးရင်းပေါ့ … ။ ။
No comments:
Post a Comment