Narinjara News 8/10/2008
မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာ့ သမိုင်းတွင် အတောက်ပြောင်ဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်သည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၂၀ပြည့်မြောက် အထိမ်းအမှတ်နေ့ အခန်းနားကို သြဂုတ်(စ်)လ ၈ရက် နေ့ က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ရခိုင် ဒီမိုကရေစီအင်အားစုများက ဆန္ဒပြပွဲ တရပ် ပြုလုပ်ပြီး ကျင်းပခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ဒက္ကားမြို့ရှိ ရခိုင်ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်း အသီးသီးမှ လူအင်အား ၅၀ ခန့်တက်ရောက်ခဲ့သည်။
ဆန္ဒပြပွဲကို ဒက္ကားမြို့ရှိ တရားရုံးချုပ်ရုံးချုပ် အဆောက်အအုံရှေ့တွင် နံနက် ၁၁နာရီမှ စတင်ပြီး ယခုကဲ့သို့ ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
“ဒီမိုကရေစီရရှိရေး-----(ဒို့အရေး) နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး----(ဒို့အရေး) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး-----(ဒို့အရေး) စစ်အစိုးရရွေးကောက်ပွဲ----(အလိုအရှိ) ဒီမိုကရေစီအရေးတော်ပုံ----(အောင်ရမည်) စသည့်တို့ ဖြစ်သည်။”
ကြွေးကြော်သံများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြွေးကြော်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းအပြင် ဆန္ဒပြနေစဉ် အတောအတွင်းတွင် (AASYC)မှ ထုတ်ပြန်သော မြန်မာ ဘင်္ဂလီဘာသာ နှစ်မျိုးဖြင့် ရိုက်နှိပ်ထားသော ကြေငြာချက် စာရွက်များကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ သတင်းထောက်များနှင့် ဆန္ဒပြပွဲတက် ရောက်သူများအား ဖြန့်ဝေခဲ့ကြသည်။
ထုတ်ပြန် ကြေငြာချက်ထဲတွင် ရှစ်လေးလုံးအရေးအခင်း ကာလတွင် သွေးမြေ ကျခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား လေးစား ဦးညွတ် ဂုဏ်ပြုကြောင်း ဖေါ်ပြပြီး ယနေ့သည် မြန်မာ့ သမိုင်းတွင် မေ့ဖျောက်၍ မရနိုင်သော နေ့တနေ့ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး အတွက် ငြိမ်းချမ်းစွာဖြင့် စီတန်း တောင်းဆို ဆန္ဒပြခြင်းကို စစ်အာဏာရှင် အစိုးရက ၎င်းတို့ အာဏာ တည်မြဲရေး အတွက် လူမဆန်စွာ လက်နက် အားကိုဖြင့် ရက်စက်ဖြိုခွင်းခဲ့ ၍ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်း သွေးမြေကျခဲ့ရကြောင်း၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒီမိုကရေစီလိုလားသည့်ဘက်မှ အနိုင်ရခဲ့သော်လည်း စစ်အာဏာရှင်များက ကတိကဝတ်များကို ချိုးဖေါက်ကာ အာဏာကို ဆက်လက် ထိန်းသိမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ ယခု ရှေ့ဆက်လုပ်ဆောင်နေသော စစ်အစိုးရ လမ်းပြမြေပုံ သည်လည်း ပြည်သူအတွက် အကျိုးရှိမည် မဟုတ်ဘဲ သူတို့ အာဏာတည်မြဲရေး အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
ထို့အပြင် သဘောထား ၃ခုကို လည်းထုတ်ပြန်ခဲ့သည်။(၁) ၁၉၈၈ အရ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုသွားမည်။ (၂) နအဖ စစ်အာဏာရှင်တို့၏ လမ်းပြမြေပုံ အဆင့်တိုင်းကို ဘုံဦးတည်ချက်တူ မဟာမိတ်များနှင့် လက်တွဲ၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ဖျက်သွားမည်။ (၃) ဒီမိုကရေစီလူ့အခွင့်အရေး၊ တိုင်းရင်းသားအားလုံး တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးနိုင်သော ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး တို့အတွက် ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုတရပ်လုံးနှင့် အတူလက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သော (AASYC) တွဲဖက် အတွင်းရေးမှုး(၂) ကိုကျော်မြင့် ကလည်း ဆန္ဒပြပွဲနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ရှင်းပြသည်။
“ဒီနေ့ဟာ ကျွန်တော်တို့မြန်မာ ပြည်သူတွေ အတွက် ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၃၀၀၀ ကျော် ကျဆုံးသွားခဲ့ရတဲ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံ နှစ်၂၀ပြည့် မြှောက်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ဟာ ဆိုရင် မြန်မာပြည်သူတွေအဖို့ ဘယ်လိုမှ မေ့လို့မရတဲ့ နေ့တနေ့လည်းဖြစ် ပါတယ်။ နောက် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ရယ်၊ ပြီးတော့ အခုသူတို့ လုပ်ဆောင်တဲ့ လမ်းပြမြေပုံ ဟာလည်း ဘယ်လိုမှ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်ဆုံး အနေနဲ့ ပြောချင်တာက ကျွန်တော်တို့ရှေ့ဆက်ပြီး ပြည်သူတွေနဲ့အတူလက်တွဲ ပူးပေါင်း ပြီးတော့ ဒီစစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အတွက် တိုက်ဖျက် သွားပါမယ်။” ဟု နိရဉ္စရာ သို့ပြောသည်။
ဘင်္ဂလားဒေ့ခ်ျ အာဏာပိုင်များက သတင်းထောက် အသင်းရှေ့တွင် ဆန္ဒပြခွင့် မရှိသဖြင့် ဟန့်တားမှုများ ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
Source
No comments:
Post a Comment