သျှမ်းသံတော်ဆင့်သတင်း
ဂျူလိုင် ၁ ရက်မှ သြဂုတ် ၁ ရက်အထိ မော်တော်ဆိုင်ကယ် လိုင်စင်အသစ် ထုတ်ပေးမည်ဟု တာချီလိတ် နအဖအာဏာပိုင်များ ကြေငြာထားသော်လည်း၊ လိုင်စင်လုပ်ရန် အသစ်စက်စက် ၀ယ်လာသော ဒေသခံများ၏ မော်တော်ဆိုင်ကယ်များကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီး နေသည်သာမက တြိဂံတိုင်းရုံးမအပ်မီ ဆိုင်ကယ်အသစ်စက်ဖြင့် ၎င်းတို့၏ ဆိုင်ကယ်အဟောင်းစက်များ အစားထိုး လဲလှယ် တပ်ဆင်ကြောင်း နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။
လိုင်စင်လုပ်ရန် မော်တော်ယာဉ်ရုံးမသွားမီ ဒေသခံ လူထုဝယ်လာသော မော်တော်ဆိုင်ကယ် အသစ်များအား မြစ်ဆိပ်၊ လမ်းကြားတို့၌ သာမက (သတင်းအတိအကျသိပါက) အိမ်တိုင်ရာရောက် နအဖအာဏာပိုင်တို့ ၀င်ရောက် ဖမ်းဆီးသည်ဟု ဆို၏။
“လိုင်စင်ထုတ်ပေးမယ်ဆိုပြီး သူတို့ကဘဲ တရားဝင်ကြေငြာတယ်။ လိုင်စင်လိုချင်သူတွေ မော်တော်ဆိုင်ကယ် အသစ်ဝယ်လာတော့ “ဆိုင်ကယ်ရော လိုင်စင်ပါ ကညန ဆီက ၀ယ်ရမယ်” လို့ ပြောတယ်။ ရောင်းပေးဖို့ သူတို့မှာ ဆိုင်ကယ်မရှိဘူး။ အဲဒါကြောင့် သူများ ဆိုင်ကယ် လိုက်ဖမ်းနေတာ” ဟု ဆိုင်ကယ် အဖမ်းခံရသူ တာချီလိတ်ဒေသခံ တစ်ဦးက ပြောပြသည်။
လောလောဆယ် ဒေသခံလူထုထံမှ တာချီလိတ်ရဲများ ဖမ်းထားသော မော်တော်ဆိုင်ကယ်အသစ် ၇၅ စီးရှိပြီး တြိဂံတိုင်းရုံးထံ မအပ်နှံမီ ဆိုင်ကယ် ပြင်ဆိုင်နှင့် ပေါင်း၍ ဆိုင်ကယ်သစ်နှင့် ဆိုင်ကယ်ဟောင်း အင်ဂျင်စက်များ လဲယူ တပ်ဆင်လိုက်ကြသည်ဟု သတင်းများ ထွက်နေကြောင်း ၎င်းက ပြောပြ၏။
“သိမ်းယူပြီးလို့ - ပြန်လာရွေးပါ - လို့ ပြောရင် ကျနော်တို့ ကျေးဇူးထပ် တင်လိုက်ဦးမယ်။ အခုဟာက အဲလိုပြောဖို့ ဝေလာဝေး၊ ကျနော်တို့ရဲ့ ဆိုင်ကယ်သစ် အင်ဂျင်ကိုဖြုတ်ယူ၊ သူတို့စီးတဲ့ ဆိုင်ကယ်ဟောင်း အင်ဂျင်နဲ့ လဲတပ်၊ တော်တော် ကလိမ်ကကျစ်ကျတဲ့ နအဖ စစ်အစိုးရဘဲ” ဟု ငြီးတွားပြ၏။
တာချီလိတ်မှ ဆိုင်ကယ် ရောင်းဝယ်ရေးသမား တစ်ဦးကလည်း “လိုင်စင်လုပ်ခွင့် လမ်းဖွင့်ပေးပေမဲ့၊ မယ်ဆိုင်ဘက်က အသစ်ဝယ်လာတဲ့ ဆိုင်ကယ်ကို တရားဝင်လမ်းက သယ်ခွင့်မပေးဘူး။ နမ့်ဆိုင်ချောင်း ခိုးကူးသယ်ရတယ်။ ထိုင်းဘက်ခြမ်းမှာ ထိုင်းရဲတွေတွေ့ရင် တစ်စီးဘတ် ၃,၀၀၀ ကနေ ဘတ် ၁၀,၀၀၀ အထိ ဒဏ်တပ် ငွေညှစ်တယ်။ တာချီလိတ် ကမ်းအတက်မှာ ဗမာစစ်သားနဲ့ တွေ့ရင်လဲ ဖမ်းတယ်။ ဆိုင်ကယ် အလကား သိမ်းယူတယ်။ ချောင်းကူးခ ဘတ် ၆,၀၀၀ ပေးရပေမဲ့ အန္တရာယ်ကင်းကင်း ကူးနိုင်မယ်လို့ ပွဲစားက အာမမခံပြန်ဘူး” ဟု ပြောပြသည်။
ထိုင်းရဲများ ဖမ်းမိပါက ဆိုင်ကယ်အရောင်းဆိုင်မှ ထုတ်ပေးသော အ၀ယ်လက်မှတ် ပြသော်လည်းမရ။ ထိုင်းရဲတို့ ညှစ်တောင်းသလောက် ပိုက်ဆံ မပေးပါက ဆိုင်ကယ်အလကား သိမ်းယူမည်ဟု ဆိုပြန်သဖြင့် ဆိုင်ကယ်ပိုင်ရှင်များမှာ ထိုင်းအာဏာပိုင်များအား လည်းကောင်း၊ နအဖအာဏာပိုင်များအား လည်းကောင်း ပိုက်ဆံရှာပေးရသည်ဟု ဆိုပါသည်။
No comments:
Post a Comment