မျိုးစစ်( ခေတ္တ- ဘန်ကောက် )
ကျွန်တော်ငယ်စဉ်က စစ်အက်ရှင်ဇာတ်ကားများကိုအလွန် နှစ်သက်သဘောကျခဲ့သည်၊ အသက် (၁၈)နှစ်တွင် ဘ၀ ပေးအခြေအနေအရရော ၀ါသနာအရပါ ကျွန်တော် တပ်မတော်သို့ ဝင်ဖြစ်ခဲ့သည်၊ ၀င်ကြည့်မှ လက်တွေ့ ဘ၀နှင့် စိတ်ကူးယဉ်ဘ၀ များစွာကွာခြားသည်ကိုသိလာရသည်။
ရပခ-တောင်ကြီး -စသစ(စစ်သားစုဆောင်းရေးတပ်ခွဲ)သို့ ရောက်ရောက်ခြင်း တပ်သားသစ်စာရင်းသွင်း။ ဆေးစစ် လက်မှတ်ထိုးပြီး တာနဲ့ ဆံပင် ကို သူတို့အခေါ် "ပဲကေ "ညှပ်ခံထိပြီး ကြမ်းပိုးများပျော်ပိုက်ရာ ဘားတိုက်(လူနေဆောင်) ခပ်ညစ်ညစ်တွင် နေရာပေးသည်၊ကျွန်တော့်အရင် နယ် ပေါင်းစုံမှ တပ်သားသစ်များ(တသသ)(၂၀)၀န်းကျင်ခန့် ရှိနေ သည်၊တပုံစံတည်းသာ ညှပ်တတ်သော စာကလေးခေါင်း အမွှေးနှုတ် "ပဲကေ"အား ကိုယ့်ပုံကို မှန်ထံ ပြန်မကြည့် ချင်လောက်အောင် လက်ရာမြောက်လှသည်၊ နောက်တော့ တပ်မေတော်သစ္စာ (၄)ချက်နှင့် တမင်းစား အဓိဌာန်တို့ အား ကျက်ခိုင်းပြီး၊ ဗြုန်းကျောက်ထု၊ ဘလောက်အုတ်ရိုက် အဖွဲ့ တွင် ကျွန်တော် လုပ်ရသည်၊ စုဆောင်ေးရေးတွင် အင်ချပ်ခေါ် သာမန်တပ်သား အဆင့်ရဲဘော်များအား "ဆရာ၊ဆရာ" ဟု မိုးမွှန်အောင် ခေါ်တတ်၊ဖားတတ် လျှင် ၄င်းတို့က အုတ်ရိုက်ထက်သက်သာသော တိုင်းစစ်ဌာနချုပ်ပိုင် စိုက်ခင်း၊ ကြက်မွေးမြူရေးခြံ၊ ငါးကန်စသည့် နေရာ များနှင့် အရာရှိ-အရာခံ အိမ်ခြံများတွင် မြက်ပေါက်၊ သန့် ရှင်းရေးအလုပ်များသို့ ခွဲထုတ်ပေး သည်။ တနင်္ဂနွေ နားရက် မရှိ။ တနေကုန်ကျရာတွင် လုပ်ရသည်။ ကျွန်တော်က ဆရာမခေါ်၊ မဖားတတ်၍လား မသိ၊ရောက်စနေ့မှာပင် လက် ပေါက်၍ နေပူခံရသော အုတ်ရိုက်အလုပ်ကို ရခိုင်သူငယ်ချင်းများနှင့် နေ့စဉ် နှစ်ပါးသွားခဲ့ရသည်။
မနက်(၅)နာရီထ၊ ဘားတိုက်ဝန်းကျင် သန့်ရှင်းရေးလုပ်ပြီး၊ မီးဖိုကြီး(စားရိပ်သာ)မှ သံချေးနံ့ နှင့် ဟင်းနံ့ပါသော လဘက်ရည်ဟု ကြိမ်ပြောရ လောက်အောင် ကျဲကျဲချက်နို့ဆီ လဘက်ရည်တခွက်၊နှင့် အလွန်ညံ့သော (ခွေးကျွေး လျှင်ပင် သိပ်မစားချင်လောင်သော) ထမင်းကျော်အား စကေးဖြင့် ကျွေးသည်၊ထို့နောက် လက်မောင်းတွင် အရစ် မပါသော်လည်း ဆရာဟု ခေါ်မှကြိုက်သော ပုဂ္ဂိုလ်များက တုတ်တကိုင်ကိုင်ဖြင့် သူတို့ အခေါ်(ဖက်ထိပ်) စစ်တပ် လုပ်အားပေး ခွဲ၍ နွားကျောင်းသလို ခေါ်သွားပါသည်၊ တချို့ကောင်လေးမှားမှာ သုံးလေးရက် သာခံပြီး ထွက်ပြေးသူ များဒုနှင့်ဒေး။ ရိက္ခာကိုင် (စီကျူ) ကတော့ ရိက္ခာဇယားတွင် အ၀င်ပြမြန်သလောက် အထွက်ပြအလွန်နှေးသူပင်။
တမနက်လုံး ကိုယ်ကျရာလုပ်ပြီး (၁၁-၃၀)နာရီတွင် စပါးလုံးများနှင့် ခဲများပါလေ့ရှိသော ပိုးထိုး ကုလားပဲဟင်းနှင့် တဈေးလုံးမှ ရွေးကျ ကျန်ဖြတ် ဟင်းသီးဟင်းရွက် တို့နှင့် ရောချက်သော အမျိုးအမည်ဖော်ပြရန်ခက်သော ဟင်းကို စကေးစစ်မတ်ခွက် တခွက်စီဖြင့်စားရ ၀ါးရသည်၊ ဆီဆို သည်မှာ မှန်ဘီလူးဖြင့် ရှာနိုင်မှ တွေ့ နိုင်မည်ထင်ရသည်။
ကျွန်တော်တို့ အုတ်ရိုက်အဖွဲ့ အား စုဆောင်းရေးခွဲမှူးမှ သူ၏နောက်ဆုံးပေါ် ဟွန်ဒါဆိုင်ကယ်ဖြင့် ညနေတိုင်း လာကြည့်လေ့ရှိသည်။ အဘယ် ကြာင့်ဆိုသော် တောင်ကြီး အေးသာယာမြို့ သစ်နှင့် တိုင်းစစ်ဌာနချုပ်တို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦး များတွင် အရေးပေါ်အုတ်များ လို နေ၍ ဖြစ်သည်။ ကျွန်တော်တို့မှ နေ့စဉ် အလကား အပင်ပန်းခံ၍ လုပ်ပေးရသော်လည်း တွဲလုပ်ရသော စသစ မှ ရဲမေများနှင့် သားသမီးများမှာ နေ့စဉ်လုပ်အားခများရကြပေသည်။
ထို့နောက်လုပ်ဖော်ကိုင်ဖက် အပြင်မှ ရဲမေများအား ဟိုမေး ဒီမေး စပ်စုတတ်၍ သူတို့နှင့် စကား ပြောလျှင် ဂျစ်ကန်ကန်ပြောတတ်သော ကျွန်တော့်အား သိပ်ကြည့်အရ၍လားမသိ၊၉-ရက်ခန့် သာ ကျွန်တော် အုတ်ရိုက်ရပြီး ကျွန်တော့် အရင် ရခိုင်သူငယ်ချင်းများထက် တိုင်းဗဟို လေ့ကျင့်ရေး၃ (တဗဟ-၃)သို့ တသသ(တပ်သားသစ်) သင်တန်းတက်ရန် ရောက်သွားပါသည်။ သင်တန်း ကျောင်းရောက်စ၊ အကောင်ပုသလောက် အလွန်အသံ စူးသော သူ့ကွယ်ရာတွင် ကျွန်တော်တို့ အခေါ် (သုံးရစ်ဖြင့် ဆရာကြီး ၈ျပန် ငပု)မှ စစ်တပ်မှာစည်းကမ်း ၂ ချက်ပဲရှိတယ်ကွ၊ အဲဒါကတော့ လုပ်ဆို တဲ့ အရာကိုလုပ်၊ မလုပ်နဲ့ ဆိုတဲ့ အရာကိုလုံးဝမလုပ်နဲ့  ။ လုပ်ဆိုတဲ့ အရာတွေကဘာလဲ ၊မလုပ်နဲ့ ဆိုတဲ့ဆိုတဲ့အရာတွေက ဘာလဲဆိုတာ နောက် တော့ မင်းတို့သိလာမှာပေါ့ကွာဟူ၏။
တပ်စုများခွဲသောအခါ တပ်စု(၁)တွင် ကျွန်တော်နှင့် ကျောင်းသားနံပါတ်၂၄ မှာကပ်ရက် သာစည်သား သန်းလွင်နှင့် တီးတိန်မှ ချင်းကြီးတို့ဖြစ် သည်၊ သန်းလွင်မှာ သာစည်ဘူတာရုံအနီး ပျံကျရပ်ကွက်တွင် နေ၍ အသက် ၁၆ နှစ်ပင် မပြည့်ချင်သေး။ စာလည်းသိပ်မတတ်၊ သူ့အမည် နှစ်လုံး ကိုပင် ခက်ခက်ခဲခဲရေးရ၏၊ ကိုချင်းကြီးမှာတော့ စာမတတ်ရုံ သာမက ဗမာစကားပင် သိပ်နားမလည်၊ အရည်အချင်းပြည့်မှီသော တပ်မတော်၏ သားကောင်းများပင်။ သန်းလွင်အား မင်းကိုဘယ်သူမြှောက်ပေးလို့ စစ်တပ်ထဲဝင်လာတာလဲ၊ ဘူတာရုံတွင် ရေရောင်း၊ ဈေးရောင်းရင်း စီမံချက်ဖြင့် အတင်း အကြပ် စုဆောင်းတတ်သော တပ်ကိုယ်စားလှယ်များ၏ မြှူဆွယ်မှု လက်ချက်ဟုကျွန်တော်တို့ သိလိုက်၏။ သူ့ခမျာ စကားပြောထစ်ရုံမက ညှိုးညှိုးငယ်ငယ်ဖြင့် ကလေးစိတ်ပင် သိပ်မကုန်ချင်သေး၊ ကျွန်တော်က စနောက် လိုသဖြင့် ကိုချင်းကြီးရော စစ်တပ်ကို ထမင်းအကားကျွေးတဲ့ နေရာနဲ့မှားဝင် လာတာလား မေးတော့ သူ့သွားဝါ၀ါကြီးများဖြဲ၍ သူ့ထက်လည်ပုံရသော ချင်းလူမျိုး သူငယ်ချင်း ကို လက်ညှိုးထိုးပြပြီး "သူ့လိုပဲ "ဟုပြော၏။
(ဆက်ပါဦးမည်)
ဟစ်တိုင်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment