NEJ/ ၁၂ သြဂုတ် ၂၀၀၈
စစ်တပ်ရေးဆွဲသည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမလုပ်မီကာလက မြင်းခြံကြံ့ဖွံ့အသင်းနှင့် တောင်သာ ကြံ့ဖွံ့အသင်း (၂) သင်းကို နေပြည်တော် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းက မဲဆွယ်၊ မဲဝယ် ရာမှာသုံးရန် တသင်း ကျပ်ငွေ သိန်း (၂,၀၀၀) စီ ပေးခဲ့ရာမှ ငွေအလွဲသုံးစားမှုနှင့် ကြံ့ဖွံ့အသင်းဝင် အချင်းချင်း အဝေမတည့်ဖြစ်နေကြောင်း တောင်သာကြံ့ဖွံ့အသင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။
ပြီးခဲ့သည့် ဆန္ဒခံယူပွဲမှာ မဲဆွယ်၊ မဲဝယ်လုပ်ရန် ၀န်ကြီးဦးအောင်သောင်းပေးသည့် ကျပ်ငွေ သိန်း (၂,၀၀၀) ကို မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးက သိန်း (၇၀၀)၊ အီးစီကြံ့ဖွံ့အဖွဲ့ဝင်တဦးက သိန်း(၂၀၀)၊ ရ၀တ ဥက္ကဋ္ဌ တဦးလျှင် (၁) သိန်းစီ ခွဲယူကြပြီး ကျောင်းပညာရေးအတွက် (၃) သိန်းသာ ပေး သည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။ ယခုအခါ ကြံ့ဖွံ့အသင်းဝင်အချင်းချင်း အဝေမတည့်ဖြစ်ပြီး ၀န်ကြီး ဦးအောင်သောင်းထံ တိုင်တန်းသည့်အတွက် စစ်ဆေးမှုများလုပ်နေသည်ဟု စုံစမ်းသိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ တောင်သာနှင့် မြင်းခြံကြံ့ဖွံ့အသင်းများသို့ ဆက်သွယ်မေးမြန်းဘို့ကြိုးစားရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ဝန်ကြီးတဦးကို တိုင်းတခုကျ ကြံ့ဖွံ့ကိစ္စ တာဝန်ပေးထားရာ နေပြည်တော် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးတိုင်းကို တာဝန်ယူရသူ ဖြစ်သည်။ မန္တလေးတိုင်း ကြံ့ဖွံ့ ဆက်သွယ်ရေး တာဝန်ခံဖြစ်သူ ဦးဣဒ္ဒိလှ၊ တိုင်းကြံ့ဖွံ့အဖွဲ့ဝင် ရွှေချည်ထိုး ဦးစိန်မြင့်နှင့် ဦးအောင်ကျော်သာတို့မှာ ၀န်ကြီးဦးအောင်သောင်း၏ ကြံ့ဖွံ့လက်ရင်းများအဖြစ် လူသိများသည်။
ဦးအောင်ကျော်သာဆိုသူမှာ သူ၏ကားထဲတွင် ဆက်သွယ်ရေး ကိရိယာများပါ တပ်ဆင်ထားပြီး အစိုးရနှင့် ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို သတင်းပေးနေသူတဦးဟု မြို့ခံအချို့က စွပ်စွဲသည်။
ကြံ့ဖွံ့အဖွဲ့အနေဖြင့် အသစ်ဖွဲ့စည်းရန်ရှိသည့် နိုင်ငံရေးပါတီ ထူထောင်ရာတွင် အဆိုပါ ပုဂ္ဂိုလ်
များက နယ်မြေအလိုက်သာ တာဝန်ယူမည့် အလားအလာရှိသော်လည်း စက်မှု (၁) မှ အငြိမ်းစား ယူထားသည့် အရာရှိများကိုသာ နိုင်ငံရေးပါတီအမာခံများအဖြစ် ၀န်ကြီး ဦးအောင်သောင်းက လူယုံထားလိမ့်မည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။
အဆိုပါ တိုင်းအဆင့် ကြံ့ဖွံ့တာဝန်ခံများအနက် ရွှေချည်ထိုး ဦးစိန်မြင့်မှာ မန္တလေးမြို့တွင် ကြံ့ဖွံ့
မှ ထုတ်ဝေသည့် ဂျာနယ် (၃) စောင်ဖြစ်သည့် မန္တလေးတိုင်း၊ မန်းတောင်ရိပ်နှင့် နန်းမြင့်ဂျာနယ် တို့အနက် နန်းမြင့်ဂျာနယ်ကို တာဝန်ယူ လုပ်ဆောင်လျက်ရှိသူ ဖြစ်သည်။
အလားတူ ရန်ကုန်မြို့တွင်လည်း မြို့တော်ဝန်ဖြစ်သူ ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည်လည်း မကြာခင် မြို့တော်ဝန်အဖြစ်မှ အနားယူပြီး ကြံ့ဖွံ့ပါတီတွင် တာဝန်ယူလုပ်ကိုင်မည့် သတင်းများ ထွက်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာအဖွဲ့မှ အရာရှိတဦးက ပြောဆိုသည်။
Source
No comments:
Post a Comment