ပီတာအောင်/ ၁၂ သြဂုတ် ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကို ယနေ့နံနက် အစောပိုင်းက ရန်ကုန်မြို့ရှိ ၎င်းတို့ ခေတ္တတည်းခိုသည့် နေအိမ်များမှာ အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့် လွှတ်တော်အမတ်အချို့က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဂွမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးညီပုကို (၄၂) လမ်း နေအိမ်မှ နံနက် (၃) နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ပန်းတနော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ တင်မင်းထွဋ်ကို ဗဟန်းမြို့နယ် ရေတာရှည်လမ်း နေအိမ်မှ နံနက် (၂) နာရီ ခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တာမွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ် (၂) ဦး အဖမ်းခံရကြောင်း တိုင်းရင်းသား လွှတ်တော် ကိုယ်စား လှယ်အချို့ကလည်း အတည်ပြုပြောဆိုသည်။ အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ ဖမ်းဆီးစဉ်က စာရွက်စာတမ်းများပါ သိမ်းဆည်းသွားကြောင်း၊ မည်သည့်ကိစ္စနှင့် ဖမ်းသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ဦးသိန်းမြင့်က ပြောသည်။
အဖမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် (၂)ဦးသည် နအဖရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေအား ဥပဒေနှင့် မညီညွတ် ကြောင်း ကုလသမဂ္ဂထံစာရေးပေးပို့သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးအနက် ပါဝင်သူများဖြစ်သည်။
Source
No comments:
Post a Comment