Wednesday, August 6, 2008

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ လုံခြုံရေးတိုးမြှင့်

NEJ/ ၆ သြဂုတ် ၂၀၀၈


ပီကင်းအိုလံပစ်ပွဲတော်ကာလ တရုတ်ပြည်၌ မငြိမ်မသက်မှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ တားဆီးနိုင်ရန် တရုတ်အစိုးရက လက်နက်ကိုင်အဖွဲ့များဖြင့် နိုင်ငံတ၀န်း စောင့်ကြပ်လျက်ရှိရာ တရုတ်-မြန်မာ နယ်စပ်ဂိတ်များမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားကာ အစစ် အဆေးများ အထူးဆောင်ရွက်နေသည်။

တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် အဓိက အ၀င်အထွက်ဖြစ်သည့် မူဆယ်-ကျယ်ဂေါင်မြို့ အကြား ကူးသန်းရာ ဂိတ်ပေါက်ကြီးများဖြစ်သည့် မန်ဝိန်းဂိတ်၊ ပင်မဂိတ်ကြီးနှင့် ဆင်ဖြူဂိတ် တို့တွင် အစစ်အဆေးများကို လူနှင့်တမျိုး၊ စက်ကိရိ ယာများနှင့်တဖုံ စစ်ဆေးနေသည်ဟု နှစ်နိုင်ငံ အကြား နေ့စဉ်ဖြတ်သန်းနေသည့် ဈေးသည်တဦးက ပြောသည်။

၎င်းက “အမျိုးသမီးတွေကိုဆိုရင် တရုတ်ရဲမေတွေက စစ်တာ။ အမျိုးသားကိုတော့ တရုတ်ရဲတွေက စစ်တာ။ အိတ်တွေ၊ ခြင်းတွေကိုလည်း လူနဲ့အတူ သေတ္တာလို စက်ရှေ့မှာ ဖြတ်လျှောက်၊ ကွန်ပျူ တာကနေ တဖက်ကကြည့်နေတာ၊ အဲလိုမျိုး။ ကျယ်ဂေါင်ကနေ ရွှေလီ ကားစီးလာရင်လည်း လူတိုင်းကားပေါ်က ဆင်း၊ အဲလို စက်ရှေ့မှာ ဖြတ်လျှောက်ခိုင်းတယ်။ မသင်္ကာရင် မေးမြန်းတာ တွေ လုပ်တယ်။ နေထိုင်ခွင့် လက်မှတ်တွေ၊ နယ်စပ်ဖြတ်ကျော်လက်မှတ်တွေ စစ်တယ်” ဟု ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့နှင့် တရုတ်ပြည် တာလောမြို့အကြား ဖြတ်သန်း သွားလာခွင့် ကိုလည်း ပိတ်ပင်ထားပြီး အရေးတကြီး ဆောင်ရွက်စရာ လုပ်ငန်းပြနိုင်မှသာ ၀င်ခွင့်ပြုသည်ဟု မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက “ကျနော်တို့ မိုင်းလားတခုတည်းမဟုတ်ဘူး။ ၀နယ်က မိုင်းပေါက်တို့၊ ကိုးကန့်နယ်က ချင်းရွှေဟော်တို့ဘက်မှာလည်း ဒီလိုပဲတဲ့။ တရုတ်ဘက်က အ၀င်အထွက်တွေ ကန့်သတ်ထား တယ်။ ရက်တော်တော်လေးတောင် ကြာလာပြီ။ အိုလံပစ်ပြီးမှပဲ ပြန်ဖွင့်ပေးမယ်လို့ မျှော်လင့်ရ တာပဲ” ဟု ပြောသည်။

မြန်မာနယ်စပ်တလျှောက်ရှိ တရုတ်မြို့များအကြား သွားသည့် ကားလမ်းတလျှောက်တွင်လည်း စစ်ဆေးရေးဂိတ် အများအပြားချထားပြီး အစစ်အဆေးများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေ သည်ဟု မြန်မာကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းက “ရွှေလီနဲ့ ထိန်ချုံးအကြား ဂိတ် (၆) ခုလောက်ရှိတယ်။ ဒီရွှေလီက အထွက်ဆိုရင် ရဲနဲ့ နယ်ခြားစောင့်တပ်တွေက စစစ်နေပြီ။ အရင်က ရွှေလီနဲ့ ရင်ကျန်မြို့အကြားမှာ ဘာဂိတ်မှမရှိဘူး။ အခု တလမ်းလုံးစစ်တာ။ လူများများပါတဲ့ ဘတ်စ်ကားတွေဆို တနေရာ၊ တနေရာ အနည်းဆုံး (၁၅) မိနစ်လောက် အချိန်ကြန့်ကြာတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ယူနန်ပြည်နယ်မြို့တော်၊ ကူမင်းမြို့တွင် ဘတ်စ်ကားပေါ်၌ ဗုံးများ ပေါက်ကွဲပြီး နောက်ပိုင်းမှစ၍ နယ်စပ်ရှိမြို့များတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့များက ခြေလျင် ဖြင့်လည်းကောင်း၊ ကားများဖြင့်လည်းကောင်း ပတ်တရောင် လှည့်လည်မှုများ လုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။

Source

No comments: