ဧရာဝတီ
စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ စစ်သားများ နိုင်ငံရေးစိတ်ဝင်စားခြင်းကို မလိုလားသော်လည်း မကြာသေးခင်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ အား ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံမှုမရှိခြင်းနှင့်ပတ်သက်၍ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြကြောင်း စစ်တပ် အသိုင်းအ၀န်း သတင်းများ အရသိရသည်။
“ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂန်ဘာရီကို ဘာကြောင့် လက်ခံတွေ့ဆုံခြင်း မရှိတာလဲဆိုတာကို ကျနော်တို့ အားလုးံ စိတ်ဝင်စားနေကြတယ်”ဟု နေပြည်တော်အခြေစိုက် စစ်တပ်မှ အမည်မဖော်လိုသော အရာရှိတဦးက ဧရာဝတီသို့ပြောသည်။
မြန်မာပြည် နိုင်ငံရေးသည် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပတ်သက်မှုမရှိပါက တစုံတရာ တိုးတက်နိုင်ဖွယ်ရာ မရှိကြောင်း စစ်သားအများစုက ယုံကြည်လျက်ရှိနေပြီး အရာရှိများကလည်း စစ်တပ် ကိုစတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတယောက်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား လေးစားမှုရှိကြောင်း အဆိုပါ အရာရှိက ပြောဆိုသည်။
လွန်ခဲ့သော သီတင်းပတ်က မစ္စတာ ဂန်ဘာရီ ၏ လက်ထောက်(၂)ဦးသည် အရာရှိများနှင့်အတူ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် မစ္စတာ ဂန်ဘာရီအား လက်ခံတွေ့ဆုံရန် အော်ဟစ် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍လည်း “ဒေါ်အောင်ဆန်း စုကြည်ရဲ့အိမ်ရှေ့မှာ လော်စပီကာနဲ့အော်တဲ့ အရာရှိတွေရဲ့ မယဉ်ကျေးတဲ့ အပြုအမူကို တော်တော်လေး အံသြမိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို နားမထောင်ရန် စစ်ဗိုလ်ချုပ်များက တားမြစ်မှုများ ပြုလုပ်နေသော်လည်း စစ်သား များက ပြည်တွင်း ပြည်ပကထုတ်လွှင့်သည့် ရေဒီယို သတင်းများကို မျက်ခြည်မပြတ် ဂရု တစိုက် နားထောင်မှုများရှိနေ ကြောင်းလည်း သိရသည်။
“၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက ကျနော်တို့ ဒေါ်စုမိန့်ခွန်းတွေကို တိတ်ခွေနဲ့ကူးပြီး တိုးတိုးတိတ်တိတ် နားထောင် ကြတယ်”ဟု အငြိမ်းစား စစ်ဗိုလ်တဦးက ပြောပြသည်။
ယင်း၁၉၉၀ရွေးကောက်ပွဲ ကာလတွင် စစ်တပ်အားဆန့်ကျင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမူဝါဒကို သိရှိထားသော် လည်း စစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသည် သူမ၏ပါတီဖြစ်သော အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဆန္ဒမဲ ပေးခဲ့ကြသည်။
လက်ရှိအခြေအနေတွင် စစ်အစိုးရ၏ ထောက်ပံ့ကြေးနှင့်ရိက္ခာ ဖြတ်တောက်မှုကြောင့် သာမန် ရဲဘော်များနှင့် အကြပ် စစ်သည်တို့မှာ စားဝတ်နေရေး ကြပ်တည်းသည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“ပြည်သူတွေလိုပဲ ကျနော်တို့လည်း အခက်အခဲတွေ ရှိနေပါတယ်၊ တပ်ထဲက ရဲဘော်တွေနဲ့ မိသားစုတွေ လည်း နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်နေကြတယ်”ဟု အမှတ်(၇၇) ခြေမြန်တပ်ရင်းမှ အရာခံဗိုလ် တဦး ၏ သားဖြစ်သူ အသက်(၂၄)နှစ် ခန့်ရှိ လူငယ်တဦးက ပြောသည်။
တချိန်တည်းတွင် စစ်အစိုးရ၏ လုပ်ရပ်များကို သရော်လှောင်ပြောင်ထားသည့် လူထုအကြားရေပန်းစားလျက် ရှိသော သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့် ဗီစီဒီခွေများမှာလည်း စစ်တပ်အသိုင်းအ၀န်းအတွင်း ပျံနှံ့လျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်တိုင်း စစ်တပ်တတပ်မှ အသက်(၃၀)ကျော်အရွယ်ရှိ တပ်ကြပ်ကြီးတဦးက“သီးလေးသီးနဲ့ ဆေး ရောင်စုံအငြိမ့် ဗီစီဒီခွေကို တားမြစ်ထားပေမယ့် တပ်ထဲက ရဲဘော်တွေက အဲဒီအငြိမ့်ခွေတွေကိုကူးပြီး ဖြန့်နေကြတာပဲ”ဟုပြောသည်။
၂၀၀၇ ခု နိုဝင်ဘာလ အတွင်းက ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကပြဖျော်ဖြေခဲ့သော သီးလေး သီး နှင့် ဆေးရောင်စုံအငြိမ့် ဖျော်ဖြေပွဲသည် စစ်တပ်အရာရှိများ၊ ထောက်လှမ်းရေး အရာရှိများနှင့် ရဲအရာရှိ များ အပါအ၀င် လာရောက်ကြည့်ရှုအားပေးကြသည့် ပရိတ်သတ်များအား ဆွဲဆောင်နိုင်ခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် သီးလေးသီးအဖွဲ့က စစ်အစိုးရ၏လုပ်ရပ်များ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ အပါ အ၀င် မစ္စတာ ဂန်ဘာရီ ၏ မအောင်မြင်သော ခရီးစဉ်တို့ကို လှောင်ပြောင်သရော်ခဲ့ရာ ပရိသတ်များ၏ သဘောကျ ထောက်ခံအားပေးမှုများ ရရှိခဲ့ ကြောင်း အထက်ပါ တပ်ကြပ်ကြီးက ပြောဆိုသည်။
Source
No comments:
Post a Comment