ကြည်ဝေ
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ သံယာတော်များ ယနေ့ထိတိုင် ပတ္တနိက္ကုဇ္ဇန ကံဆောင်နေဆဲဟု မြို့ခံ များက ပြောဆိုသည်။
ပခုက္ကူမြို့ရှိ အနောက်တိုက်ဟု လူသိများသည့် မန္တလေးစာသင်တိုက်အား လွန်ခဲ့သည့်လ ၂၅ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ဆန်အိတ်များ နှင့် ဆီပုံးများကို လာရောက်လှူဒါန်းသည်ဟု ကြားသိရပြီး ထိုလှူဒါန်းမှုကို အဆိုပါစာသင်တိုက်က လက်မခံဘဲ ငြင်းဆိုခြင်းခဲ့ကြောင်း သိရှိရသည်။
“အစိုးရကလှူတဲ့ ဆန်တွေကို ဘုန်းဘုန်းတွေက လက်မခံဘဲ ကျောင်းပြင် ထုတ်ထားတယ် … တမြို့လုံးကလည်း ဘုန်းဘုန်း တွေကို ၀ိုင်းအားပေးကြနဲ့ … အဲဒီနေ့က တရုန်းရုန်းနဲ့ ဖြစ်သွားတယ်၊ အဲဒီည ကစပြီး ညနေ ၅ နာရီဆိုရင် ပုံမှန်လာနေကြ မီးလည်း မလာတော့ဘူး” ဟု ပခုက္ကူရှိ ကုန်သည်တဦးက ပြောဆိုသည်။
ယခုအခါ ပခုက္ကူတွင် ဖုန်းလိုင်းတချို့အား ဖြတ်တောက်ထားခြင်း၊ ဘုန်းကြီးကျောင်းများသို့ လူအ၀င်အထွက်ကို စစ်ဆေး ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပခုက္ကူမြို့ခံများမှတဆင့် သိရှိရသည်။
ပခုက္ကူရှိ သံဃာတော်များသည် ၂၀၀၇ ၊စက်တင်ဘာလ တွင်စတင်ခဲ့သော ပတ္တနိက္ကုဇ္ဇန ကံကို ယနေ့ထိတိုင် ဆက်လက် ဆောင်လျက်ဆဲဖြစ်ကြောင်း၊ အစိုးရဘက်မှ လှူဒါန်းသည့် ဆန်၊ ဆီစသည်တို့ကို လက်မခံဘဲ လွှင့်ပစ်သည်မှာ ယခုအခါနှင့် ပါဆိုလျှင် ဒုတိယအကြိမ်ဖြစ်ကြောင်း ပထမအကြိမ်မှာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြ သည်။
“ဘုန်းဘုန်းတို့က လက်မခံဘူးဆိုတာ သိရဲ့သားနဲ့ ကြံ့ဖွံ့တွေက ဆန်အိတ်တွေကိုဇွတ်ထားခဲ့တော့ ကျောင်းထဲက ကိုယ်တော် တွေကလည်း လက်မခံတာကို ဇွတ်ထားရမလားဆိုပြီး ကျောင်းရှေ့ကလမ်းမပေါ်ကို အကုန်လွှင့်ပစ်တာပဲ” ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။
ယခုအခါ ပခုက္ကူမြို့တွင်းရှိ ရဟန်းပျိုများသီတင်းသုံးသော စာသင်တိုက်ကြီးများဖြစ်သည့် အရှေ့တိုက်၊ အလယ်တိုက်၊ အနောက်တိုက် စသည့် ကျောင်းကြီး ၃ တိုက်ကို လုံခြုံရေးအစောင့်များ ချထားပြီး စောင့်ကြည့်လျက်ရှိသကဲ့သို့ အဆိုပါ စာသင်တိုက်ကြီးများမှ သံဃာတော်များအား ညမထွက်ရအမိန့် ထုတ်ထားကြောင်း သိရှိရသည်။
“ဘုန်းဘုန်းတွေဆီကို ဆွမ်းလှူချင်ရင်တောင် အခုမလွယ်ဘူး။ သူတို့ဆီကနေ (အာဏာပိုင်) ခွင့်တောင်းပြီးမှ လှူလို့ရတယ်။ သွားလို့ရတယ်” ဟု အနောက်တိုက်အနီးတွင် နေထိုင်သူတဦးက ဆိုသည်။
လွန်ခဲ့သည့်နှစ်စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက် ပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား မတောင်းပန်ပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ရာဇသံ ပေးခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတ၀န်လုံးရှိ သံဃာတော်များ ကံဆောင်ခဲ့ကြရာ ကျောင်းသား၊ ပြည်သူ များ၏ အားပေးထောက်ခံမှုကိုရရှိခဲ့သော်လည်း စက်တင်ဘာ ၂၇ ရက်မှစ၍ အကြမ်းဖက် ဖြိုခွဲခြင်း ခံခဲ့ရသည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံတွင် စာသင်သားရဟန်းပျိုအများဆုံးရှိသော မန္တလေးမြို့ပြီးလျှင် ဒုတိယအများဆုံးမြို့ ဖြစ်ပြီး မန္တလေးမြို့၏ အနောက်တောင်ဘက် ၇၅ မိုင်အကွာတွင် တည်ရှိသည်။
Source
No comments:
Post a Comment