Wednesday, September 3, 2008

လူမျိုးရေးအရ စော်ကားမှုကို မခံနိုင်၍ လုံထိန်းများကို ဓါးနှင့် ထိုးသတ်သူ လူငယ်ကို ရုံးတင်ပြီ

Narinjara News 9/2/2008

လူမျိုးရေးအရ စော်ကားမှုကို သည်းမခံနိုင်သဖြင့် လုံထိန်းတပ်ဖွဲ့ဝင်သုံးဦးအား ဓါးနှင့်ထိုးသတ်သူ ရခိုင်လူငယ် ကျော်မင်းနိုင်အား လွန်ခဲ့သော သောကြာနေ့က ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

မျက်မြင် တဦးက “သူ့ကို ခြေထောက်တွေ လက်တွေကို ရိုက်ချိုး ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ကျွန်တော် ရုံးထုတ်တဲ့နေ့က သွားရောက်ကြည်ရှု့ခဲ့ပါတယ်။ အဲသလို ပုံစံမျိုးတော့ မတွေ့ခဲ့ရပါဘူး။ သူ့ကျန်းမာရေးက ကောင်းပုံရပါတယ်။” ဟု ပြောသည်။

ကျော်မင်းနိုင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ပြီး လူအများအပြား တရားရုံးသို့ အဆိုပါနေ့က လာရောက် ကြည့်ရှု့ခဲ့ကြောင်း သိရှိရ သည်။

သူက “ အစိုးရ တရားလို ရှေ့နေတွေဘဲ ရောက်တာကို တွေ့ရ ပါတယ်။ တရားခံဘက် လိုက်ပေးမယ့် ရှေ့နေတွေတော့ မတွေ့ရသေးပါဘူး။ တရားခံဘက်က ရှေ့နေတွေ အပါအ၀င် အစုံအလင်နဲ့ တရားခွင်မှာ စစ်ဆေးမယ်ဆိုရင်တော့ တော်တော့ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အမှုတခုဖြစ်မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ရည်စူးမှု မပါဝင်ဘူး။ နောက်တခုက အသတ်ခံရတဲ့ လုံထိန်း အပါအ၀င် ကျန်ဒဏ်ရာရတဲ့ လုံထိန်းတွေက အစိုးရ ၀န်ထမ်းတွေ ဖြစ်ပါလျက် ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်တဲ့ လူမျိုး တမျိုး အပေါ်မှာ လူမျိုးရေးအရ စော်ကားတယ်။ ဒါကို မခံ မရပ်နိုင်တဲ့အတွက် တခါမှ အပြစ်လုပ်ဖူးတာ မရှိဖူးတဲ့ လူငယ် တဦးက ဓါးနဲ့ထိုးတယ်။ တရားခံဘက်က ကြည့်မယ်ဆိုရင် သူဘက်က လျှောက်လဲချက် ပေးနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ သူ့အမှုကို ရှေ့နေတွေက လိုက်ပေးဝံ့မလား မလိုက်ပေးဝံ့ဘူးလား မသိဘူး။ လိုက်ပေးဝံ့တယ်ဆိုရင်တော့ အမှု ပုံစံက ပြောင်းသွားနိုင်တယ်။” ဟု သူက ပြောသည်။

ကျော်မင်းနိုင်မှာ အသက် ၂၀ ခန့်ရှိပြီး ကုန်တန်းရပ်ကွက်မှ ဦးကျော်ချေ၏ သားဖြစ်ကြောင်း သိရှိရသည်။

သြဂတ်(စ်)လ ၂၂ ရက်နေ့က စစ်တွေမြို့ ကသည်းရွာ ရပ်ကွက်တွင် အရက်မူးယစ်နေသော လုံထိန်း ၃ ဦးက အရပ်သား လူငယ်များကို ရိုက်ပုတ်သည်သာမက လူမျိုးရေးအရ စော်ကားမှု ပြုလုပ်သဖြင့် မခံမရပ်နိုင်ရာမှ ကျော်မင်းနိုင်မှ အိမ်မှ ဓါးကိုလျို့ဝှက်စွာယူလာပြီး လုံထိန်းများကို ဓါးနှင့်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ဓါးနှင့် ထိုးသတ်ခံရပြီး ပွဲချင်းပီးသေဆုံးသွားသူမှာ တပ်ကြပ်ကြီး ဇော်မျိုးထွန်းဖြစ်ပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတင်လိုက်ရသူ ကျန်နှစ်ဦးမှာ တပ်ကြပ်ကြီး ဇေယျာထွန်းနှင့် တပ်ကြပ်ကြီး မျိုးအောင်တို့ ဖြစ်ကြသည်။ တပ်ကြပ်ကြီး ဇေယျာထွန်းမှာ သေဆုံးသွားခဲ့ကြောင်း ပထမတွင်သတင်း ဖြစ်ပေါ်ခဲ့သည်။

အခင်း ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရှိရသည်မှာ အဆိုပါနေ့က လုံထိန်းတပ်ကြပ်သုံးဦးမှာ လောကာနန္ဒာစေတီတော်တွင် လုံခြုံရေးတာဝန်ယူရန်သွားစဉ် နာဇီရွာ ဖွဲမီးစက်အနီးတွင် လူငယ်များနှင့် စတင်ခိုက်ရန် ဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။ ကသည်းရွာ ရပ်ကွက်မှ အရပ်လူကြီးများမှ အဆိုပါ လုံထိန်း ၃ ဦးအား နောက်ထပ် ပြဿနာ မဖြစ်ပွားရအောင် ချော့မော့ပြီး သူတို့ စခန်းအားပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း အဆိုပါလုံထိန်းသုံးဦးမှာ စခန်းတွင်းမှ ပြန်ထွက် လာပြီး ကသည်းရွာရပ်ကွက်အတွင်း ဗွီဒီယို ပြသနေသည့် နေရာသို့ ရောက်လာပြီး ဗွီဒီယို ကြည့်နေသူ သာမန်အရပ်သားများအား ခြေထောက်နှင့်ကန်ကျောက်ခြင်း ရိုက်ပုတ်ခြင်းများကို ပြုလုပ်သည့် အပြင် “ရခိုင်သွေးကို သောက်ချင်၍ ဒီနေရာသို့ လာရောက်ခြင်း ဖြစ်ကြောင်း၊” “သတ္တိရှိတဲ့ ရခိုင်တွေထွက်ခဲ့လေကွာဟု ခေါ်တောင်းကြောင်း၊” နောက်ဆုံးတွင် ကျော်မင်းနိုင်မှ သည်းမခံနိုင်သဖြင့် အိမ်မှဓါးကိုယူပြီး တယောက်ပြီးတယောက် လိုက်ထိုးကြောင်း၊ တပ်ကြပ်ကြီး ဇော်မျိုးထွန်းမှာ အဆိုပါဗွီဒီယို ရုံရှေ့တွင်ပင် လဲကျသေဆုံးကြောင်း၊ နောက်နှစ်ဦးမှာ ထွက်ပြေး ကြောင်း၊ သို့သော်လည်း ကျော်မင်းနိုင်မှလိုက်ပြီး တယောက်ပြီးတယောက် ထိုးသတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးပြီး ကာရန်းတိုက်ကာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ထိုအထဲတွင် ကျော်မင်းနိုင်၏ ဖခင်နှင့် မိခင်တို့လည်း ပါဝင်ခဲ့သည်။

နောက်တနေ့တွင် ကျော်မင်းနိုင်မှာ အမှတ် ၁ ရဲစခန်းသို့ သွားရောက်ပြီး အဖမ်းခံခဲ့သည်။

Source

No comments: