မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ စက်တင်ဘာလ 02 2008
ရန်ကုန်။ ။ ရန်ကုန်မြို့တွင် မြို့နယ် ရဲစခန်းများမှ သတင်း ထုတ်ပြန်မှုများကို သြဂုတ်လကုန်ပိုင်းမှ စတင်ကာ ပိတ်ပင် ကန့်သတ်မှုများ ရှိလာသည်။
လိုအပ်လျှင် တိုင်း ရဲဌာနချုပ်တွင်သာ သတင်း မေးမြန်းစုံစမ်းမှုများ ပြုလုပ်နိုင်တော့မည် ဖြစ်ရာ သင်္ကန်းကျွန်းမှ လင်မယားနှစ်ဦး အသတ်ခံခဲ့ရသော လူသတ်မှုသတင်းနှင့် ပတ်သက်ပြီး ဖလားဝါး နယူးစ် ဂျာနယ်မှ သတင်းထောက်ချုပ် ကိုစောမြင့်သန်း (ပေါက်တော) ကို ရန်ကုန်တိုင်း ရဲဌာနမှ ခေါ်ယူ ကြိမ်းမောင်းပြီး နောက်ပိုင်း မြို့နယ် ရဲစခန်းများတွင် သတင်း မပေးတော့ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းဂျာနယ် သတင်းထောက်များ အသိုင်းအ၀ိုင်းမှ ဆိုသည်။
အမည်မဖေါ်လိုသူ ရန်ကုန် သတင်းထောက်တဦးက "အခုဟာက လူသတ်မှုသတင်းတွေက အဓိကဗျ။ အဲဒီ မှုခင်းတွေနဲ့ ပတ်သက်ပြီး မြို့နယ်ရဲစခန်းတွေက သွားစုံစမ်းရင် 'ဘာမှမသိဘူး၊ မပြောနိုင်ဘူး၊ သိချင်ရင် တိုင်း ရဲဌာနချုပ်ကို သွား ” ဆိုပြီး ပြောတာတွေ ရှိနေတယ်" ဟု ပြောသည်။
အစိုးရဌာနများ အနေနှင့် ပြည်တွင်း သတင်းထောက်များကို ခေါ်ယူတွေ့ဆုံ၍ သတင်း ထုတ်ပြန်ပေးမှုများ ယခင်က ရှိခဲ့သော်လည်း ယခုအခါတွင် အချို့ဌာနများက ထိုသို့ မပေးတော့ဘဲ ရပ်ဆိုင်းပစ်တော့မည်ဟုလည်း သိရသည်။
ရန်ကုန်မြို့ပေါ်တွင် ယခုလပိုင်းများအတွင်း လူသတ်မှုနှင့် ဒုစရိုက်မှုများ များပြားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ယခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှုသတင်းကို ယခုအချိန်ထိ လူအများအပြား စိတ်ဝင်စားနေဆဲ ဖြစ်သည်။
ထိုအမှုကို အမြန်ဆုံး ဖော်ထုတ်၍ အသိပေးရန် ရှိသည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ဇွန်လ ၂၆ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း The Voice အပတ်စဉ်ထုတ် ဂျာနယ်တွင် သတင်း ဖေါ်ပြခဲ့သော်လည်း ယခုအချိန်ထိ ရဲချုပ်က ထပ်မံ သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးပေ။
Source
No comments:
Post a Comment