သျှမ်းသံတော်ဆင့် သတင်း
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး (ယခင် MTA ဌာနချုပ်) ဟိုမိန်းသို့ ရောက်ရှိခဲ့သော ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်သည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၉ အတွင်း အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များရော၊ ဒေသတွင်း ဌာနေပြည်သူ့စစ်များပါ လက်နက်ချရန် လိုကြောင်း၊ ဟိုမိန်းမြို့နယ်ခွဲ ဌာနဆိုင်ရာဝန်ထမ်းများအား သြဂတ်စ်လလယ်ပိုင်းက အစည်းအဝေး ဆင့်ခေါ်စဉ် ပြောဆိုခဲ့သည်ဟု မယ့်ဟောင့်ဆွမ် နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။
“ငြိမ်းချမ်းရေးအဖွဲ့တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေအားလုံး ၂၀၀၉ အတွင်းအပြီး လက်နက်ချရမယ်။ လက်နက်မချချင်ရင် SSA ယွက်စစ် တို့အဖွဲ့နဲ့ သွားပေါင်းချင် ပေါင်းနိုင်တယ်လို့တောင် ပြောတယ်” ဟု ဟိုမိန်းဒေသခံတစ်ဦး က ပြောပြ၏။
ထိုင်းနယ်စပ်အနီး ဟိုမိန်းဒေသ အခြေအနေ စစ်ဆေးကြည့်ရှုရန် သြဂတ်စ် ၁၈ ရက်နေ့ ဟိုမိန်းသို့ ရောက်သွားသော ရပခတိုင်းမှူး သည် သြဂတ်စ် ၂၀ ရက်၌ ဟိုမိန်းအခြေစိုက် ဌာနဆိုင်ရာ ၀န်ထမ်းများအား (ယခင် ခွန်ဆာ့အိမ်တည်ရှိရာ) ဆွန်မောက် (ပန်းခြံ) အစည်းအဝေးခန်းမသို့ ဆင့်ခေါ်စဉ် ထိုသို့ ပြောကြားခြင်း ဖြစ်၏။ SSS ကုမ္ပဏီ ဥက္ကဌနှင့် ဟိုမိန်း နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (ဟိုမိန်း ဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့) ခေါင်းဆောင် မဟာကြာလည်း ဗိုလ်ချုပ်ရာပြည့်နှင့်အတူ လိုက်ပါလာ၏။ လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ချရမည် ဆိုသည့် ကိစ္စအပေါ် မဟာကြာ ကိုယ်တိုင် မည်သို့မျှ မတတ်နိုင်ကြောင်း ဟိုမိန်းဒေသခံများက ပြောကြသည်။
“မဟာကြာက ဟိုမိန်းမှာ မနေဘူး။ နမ့်ဇန်မှာဘဲ အနေများတယ်။ တောင်ကြီးမှာလဲ အိမ်ရှိတယ်။ ဟိုမိန်းက သူ့တပ်ဖွဲ့ကို သူ့သားခွန်နုက ကိုင်လာတာ ၃-၄ နှစ်ရှိပြီ။ ထိုင်းနယ်စပ်က WNA ဌာနချုပ် လွယ်ဝဟေ့ ၀တပ်စခန်းနဲ့ မျက်နှာချင်းဆိုင် တပ်စိုက်ထားတဲ့ သူ့ကာကွယ်ရေးတပ် တောင်ကုန်း အမှတ် ၁၉ နဲ့ ၂၀ ကို တိုင်းမှူးသွား စစ်ဆေးမယ်ဆိုလို့ သူ့ကို ခေါ်လာတာ ဖြစ်မယ်။ တပ်အမှတ် ၁၉-၂၀ တောင်ကုန်း နေရာမှာ မကြာခင် နအဖစစ်တပ်နဲ့ အစားထိုးမယ်လို့ ၁၉ ရက်နေ့ သွားစစ်ဆေးတုံး တိုင်းမှူး ပြောသွားတယ်။ မဟာကြာ ဘက်ကတော့ အခက်တွေ့ နေမှာဘဲ” ဟု ဟိုမိန်းကားဒရိုင်ဘာ တစ်ဦးက ပြောပြ၏။
ထိုသို့ လူသူလက်နက်အင်အား ၂၀၀ ခန့်ရှိ မဟာကြာ၏ ကာကွယ်ရေးတပ်ဖွဲ့ ပြည်သူ့စစ် တပ်စခန်းများအား နအဖစစ်တပ်ဖြင့် အစားထိုးရန် ပြောရခြင်းမှာ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ဆဲ ၀အမျိုးသားတပ်မတော် WNA ဌာနချုပ် လွယ်ဝဟေ့တပ်စခန်းနှင့် ရော၊ SSA-S တပ်ဖွဲ့များနှင့်ပါ လျှို့ဝှက် ဆက်သွယ်ဖွယ် ရှိသည်ကို သံသယ ဖြစ်ပုံရသည်ဟု ဟိုမိန်းသတင်းရပ်ကွက်က ဆို၏။ လွယ်ဝဟေ့ ခေါ် နယ်ခြားလွယ်တောင်မြောက်နှင့် မျက်နှာချင်းဆိုင် ဟိုမိန်းပြည်သူ့စစ် တပ်စိုက်ထားသော တောင်ကုန်းအမှတ် ၁၉-၂၀ သည် ၁၉၈၅- ၈၆ က ယခင် SUA လွယ်မော်တပ်နှင့် တရုပ်ဖြူ KMT တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွါးခဲ့ဖူးသော နေရာဖြစ်သည်။ ၁၉၉၆ ခွန်ဆာ MTA လက်နက်ချပြီးနောက်ပိုင်း ဟိုမိန်းသို့ န၀တ၏ ဌာနဆိုင်ရာဝန်ထမ်း ချထားသော်လည်း မဟာကြာ အဖွဲ့သည် ဒေသဖွံ့ဖြိုးရေး တပ်ဖွဲ့အမည်ဖြင့် ဒေသတွင်းသြဇာ ရှိဆဲဖြစ်သည်။ ဟိုမိန်းသည်လည်း လင်းခေးခရိုင်အောက် မြို့နယ်ခွဲ တစ်ခု ဖြစ်လာခဲ့သည်။
သြဂတ်စ် ၂၀ ရက်နေ့ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်နှင့်အဖွဲ့ တောင်ကြီးသို့ ပြန်လည် ထွက်ခွါသွားခဲ့၏။
သြဂတ်စ်လ ၂၄ ရက်နေ့၌လည်း လားရှိုးအခြေစိုက် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ကွတ်ခိုင်မြို့နယ် အပစ်ရပ် KDA ကောင်းခါးဌာနချုပ် မထူးနော်အဖွဲ့၊ အင်အား ၇၀၀-၈၀၀ ခန့်ရှိ တန့်ယန်းမြို့နယ် ၀မ့်ပန်ဌာနေ ပြည်သူ့စစ် ဗိုလ်မွန်းအဖွဲ့၊ တပ်အင်အား ၃၀၀-၄၀၀ ရှိ မိုင်းရယ်မြို့နယ် မိုင်းဟ ဌာနေပြည်သူ့စစ် လောမားအဖွဲ့ တို့မှ ထိပ်တန်း ကိုယ်စားလှယ်များအား လားရှိုးသို့ ဆင့်ခေါ်၍ ရှင်းလင်းမှာကြားမှု ပြုလုပ်ခဲ့သည်ဟု ဆို၏။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ရှမ်းပြည်မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်ရန် ထိုးဖောက် ၀င်ရောက်လာလျှင် နအဖ ဗမာစစ်တပ်နှင့် အတူ ပါဝင်ပူးပေါင်း တားဆီး ကာကွယ်နိုင်ရေးအတွက် တပ်အင်အားများ ပြင်ဆင်ထားစေလိုကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးမှ အချိန်မရွေး ရှေ့တန်းထွက်နိုင်ရန် လေ့ကျင့်ထားသင့်ကြောင်း ပြောဆိုခဲ့သည်။
၂၉၊၀၈၊၀၈ နေ့ကလည်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ဦးစိုင်းလင်း ဦးဆောင်သော အပစ်ရပ်အထူးဒေသ ၄ NDAA ဌာနချုပ် မိုင်းလားသို့ နေ့ချင်းပြန် သွားရောက်ပြီး ၂၀၀၉ အတွင်း လက်နက်ကိုင်တပ်များ အသွင်ကူးပြောင်းရေးကိစ္စ ထပ်မံ အသိပေး ပြောဆိုခဲ့၏။ စစ်ရုံးချုပ် ညွှန်ကြားချက်အတိုင်း လာရောက် အကြောင်းကြားခြင်း ဖြစ်ကြောင်း၊ အခြေအနေ အချိန်အခါအပေါ် မူတည်၍ မီးစင်ကြည့် ကတတ်ကြရမည် ဖြစ်ကြောင်း တြိဂံတိုင်းမှူးက အချိုသပ် နှစ်သိမ့်ခဲ့၏။ “ဗိုလ်ချုပ်ကျော်ဖြိုးက ပုဂ္ဂိုလ်ရေး ငွေကြေးအခက်အခဲကိစ္စ ညည်းတွားပြလို့ မိုင်းလားလူကြီးတွေ သူ့ကို ပေါ့ကက်မန်းနီး ယွမ် ၄-၅ သောင်း လှူဒါန်းစွန့်ကြဲ လိုက်သေး တယ် ဆိုဘဲ”- ဟု အထူး ၄ အဖွဲ့နှင့် ၀င်ဆန့်သူ ကျိုင်းတုံလူငယ်တစ်ဦးက ပြောပြသည်။
သြဂတ်စ် ၁၆ - ၁၈၊၀၈၊၀၈ ကလည်း မိုင်းတုံမြို့နယ် နယ်စပ်ဒေသသို့ တြိဂံတိုင်းမှူးအသစ် ဗိုလ်ချုပ်ကျော်ဖြိုး ခရီးလှည့်လည် စစ်ဆေးခဲ့ပြီး၊ SSA ဗိုလ်မှူးကြီးယွက်စစ် အဖွဲ့သည် ထိုင်းတို့၏ ခြံစည်းရိုး ဖြစ်ကြောင်း အစည်းအဝေး၌ ပြောခဲ့ဖူးသည်။
ထိုစဉ် တြိဂံတိုင်းမှူးက “အစိုးရ အရာရှိ၊ ၀န်ထမ်းများအားလုံး မှောင်ခို ကုန်သည်ပွဲစားတွေ၊ မူးယစ်ဆေး ရောင်းဝယ်သူတွေနဲ့ မကင်းတဲ့ လက်ဆောင်ပစ္စည်းတွေ လာဘ်ထိုးငွေတွေ မယူရဘူး။ သိရှိရင် ရာထူးက ထုတ်ဖြုတ်ပစ်မယ်။ ပြစ်ဒဏ်ခံရမယ်”ဟု သတိပေးမှာ ကြားခဲ့သော်လည်း တိုင်းမှူးကိုယ်တိုင်မှာ အပစ်ရပ် UWSA စစ်ဒေသ ၁၇၁ ပိုင် ရော်ဘာခြံမြေအတွင်း နအဖ အမြောက်တပ်စခန်းအသစ် တည်ဆောက်မည်ဟု ဆိုခဲ့သဖြင့် စီးပွါးရေး အကွက်မြင်သော ၀တို့ထံမှ (နားလည်မှု လက်ဆောင်ငွေ) ကျပ် ၃၈ သိန်း ရယူခဲ့၏။ သြဂတ်စ် ၁၈ ရက် မိုင်းကျွတ် မူလတန်းကျောင်းသစ်ဖွင့်ပွဲ၌ ဒေသခံ ၀ ခေါင်းဆောင်များ ဆက်သခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
Source
No comments:
Post a Comment