Monday, July 7, 2008

ဘူးသီးတောင် မောင်တော ကားလမ်း ပြန်လည် ပြုပြင်ရာတွင် လုပ်အားပေးခိုင်းစေနေ

Narinjara News

မောင်တောမြို့မှ အမှတ် (၂)ရဲ တပ်ရင်းနှင့် လူထိန်းတပ်ရင်းမှ ဦးဆောင်ပြီး များမကြာခင်က ပြိုကျ ပျက်စီးသွားသော မောင်တော-ဘူးသီးတောင် ကားလမ်းကို ပြန်လည် ပြုပြင်နေရာတွင် ဒေသခံ လူထုများအား အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေနေကြောင်း အရပ်သား တဦးက ပြောသည်။

လုပ်အားပေး စေခိုင်း ခံနေရသူ တနေ့ကို အနည်းဆုံး လူဦးရေ ၈၀ ကနေ ၁၀၀ အထိရှိပြီး အများစုမှာ မူဆလင် ဘာသာဝင်များကြောင်း သတင်း တရပ်က ဖေါ်ပြသည်။

အဆိုပါ အရပ်သားက “လုပ်အားပေး စေခိုင်းနေတာက ဒီနေ့နဲ့ပါ ဆိုရင် ၄ ရက်မြောက် ဖြစ်ပါပြီ။ တံတားနဲ့ လမ်း စတင် ပျက်စီး သွားတာက ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပါတယ်။ ခုချိန်ထိ သူတို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်အားခ လုံးဝ မပေးသေးပါဘူး၊ မိုးပြင်ထဲမှာပဲ မနားတမ်း လမ်းရှင်း၊ မြေပေါက်၊ မြေထမ်း၊ သစ်ခုတ်၊ ၀ါးခုတ်နှင့် လမ်းဖို့ စတဲ့ အလုပ်ကြမ်းတွေ လုပ်နေကြရတာပါ။ ဆိုးတာက အရွယ်မရောက် သေးတဲ့ ကလေးတွေလည်း လုပ်အားပေး နေရတဲ့ အထဲမှာ ပါဝင် နေပါတယ်။” ဟု ပြောသည်။

ဇူလှိုင်လ ၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တောကားလမ်း အကြားရှိ ဘူးသီးတောင် ဘက်က ၆မိုင်တံတားနဲ့ မောင်တောဘက်က ၇မိုင် တံတားပျက် စီးသွားခဲ့ပြီး လမ်းတလျောက်တွင်လည်း မြေပြိုမှုများကြောင့် လမ်းများ ပိတ်ဆို့သွားခဲ့သည်။

သို့အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား တခုတည်းသော ဆက်သွယ်ရေး ဘူးသီးတောင်- မောင်တောလမ်းတွင် ကားအသွား အလာနှင့် ကုန်စည်တင်ပို့မှုများ လုံးဝ ရပ်တန့်သွားခဲ့သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းအား အနည်းဆုံး တလနီးပါးခန့် အချိန်ယူ တည်ဆောက်ရမည့် အနေအထားသို့ ရောက်ရှိနေသဖြင့် လမ်းမပြီး သမျှ ဒေသခံ ပြည်များ အနေဖြင့် လုပ်အားပေး စေခိုင်း ခံရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

ဘူးသီးတောင် မောင်တောကားလမ်းမှာ ၁၆ မိုင်ရှည်လျားပြီး အစိုးရမှ စနစ်တကျ ပြုပြင်တည်ဆောက်ပေးမှု မရှိသဖြင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီ ရောက်တိုင်း ယခုကဲ့သို့ လမ်းပိတ်ဆို့မှုနှင့် နှစ်စဉ် ကြုံတွေ့နေရသည်။

အဆိုပါ ကားလမ်းကို အင်္ဂလိပ်တို့ ဖေါက်လုပ်ခဲ့ပြီး အဆိုပါ လမ်းနှင့်အတူ ရထားလမ်းကိုပါ ပူးတွဲ ဖေါက်လုပ်ခဲ့သည်။

Source

No comments: