Monday, July 28, 2008

အစိုးရအဝေးပြေး ကားခဈေးနှုန်း မှောင်ခိုဖြစ်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

အစိုးရ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက သတ်မှတ် ကားခဈေးနှုန်း ထက် ပိုရောင်းသည့်ကားလိုင်းများကို အရေးယူမည်ဟု ကြေညာခဲ့ပြီးနောက် ခရီးသည်များမှာ ကားခဈေးနှုန်းများကို မှောင်ခိုပေး ၀ယ်နေကြရသည်။

ရန်ကုန်မှ မော်လမြိုင်၊ မန္တလေး အစရှိသည့် နယ်မြို့များကို သွားသည့် ကားခဈေးနှုန်းများမှာ အမှန်မရှိတော့ဘဲ မှောင်ခိုသဘော ရောင်းချနေကြသည်။

ဇူလိုင် (၂၇) ရက်က မော်လမြိုင်သွားရန် ကားလက်မှတ် စုံစမ်းခဲ့သူတဦးက “ကျမ မော်လမြိုင် သွားဖို့ ကားလက်မှတ် ဈေးနှုန်းမေးတော့ ရာဇာမင်းကားလိုင်းက ဈေးနှုန်းကို တယ်လီဖုန်းထဲမှာ မပြောနိုင်ဘူး။ လက်မှတ်ရောင်းဌာနမှာ တခါတည်း လာဝယ်မှ ရမယ်လို့ဆိုတယ်” ဟု ပြောသည်။

အစိုးရ အဝေးပြေးယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက ဇူလိုင် (၂၆) ရက်မှစပြီး ကားခဈေးနှုန်းများကို တိုးမြှင့်ရောင်းချရန် သတ်မှတ်ပေးခဲ့ပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်း သည့် ကားလိုင်းများကိုလည်း ဒဏ်ရိုက် အရေးယူမည်ဟု ကြေညာခဲ့သည့်အတွက် ယခုကဲ့သို့ ကားခဈေးနှုန်းများ မှောင်ခိုရောင်းချလာကြခြင်း ဖြစ်ကြောင်း မန္တလေးယာဉ်လိုင်းတခုမှ အရောင်း စာရေးတဦးက ပြောသည်။

၎င်းက “အခု ညွှန်ကြားချက် မတိုင်မီကတည်းက ကားခဈေးနှုန်းတွေဟာ အစိုးရ သတ်မှတ်ချက် ထက် ပိုများနေတယ်။ ဥပမာ မန္တလေး ကားခဆို အရင်က အစိုးရသတ်မှတ်ချက် ကျပ် (၈,၀၀၀) ခန့်သာ ရှိပေမယ့် ကားဂိတ်တွေမှာ ကျပ် (၁၁,၀၀၀) လောက် ရောင်းကြတယ်။ အခု ရန်ကုန်-မန္တလေးကားခကို ကျပ် (၁၀,၀၀၀) တိုးမြှင့်သတ်မှတ်လိုက်တော့ ကားဂိတ်တွေက ကျပ် (၁၂,၀၀၀) ရောင်းနေကြတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ပြေးဆွဲနေသည့် အဝေးပြေး ကားလိုင်းအားလုံးကို အဝေးပြေးယာဉ်လိုင်း ကြီးကြပ် ထိန်းသိမ်းရေးကော်မတီက ထိန်းချုပ်ထားကာ အဝေးပြေးယာဉ်လိုင်း တည်ထောင်ပြေးဆွဲခွင့် ကိုလည်း စစ်အစိုးရက ထိန်းချုပ်ထားပြီး စစ်မှုထမ်းဟောင်း၊ ကြံ့ဖွံ့ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်သူများသာ လုပ်ခွင့်ရကြသည်။

ထို့ကြောင့် ကားလိုင်းများအကြား ပြိုင်ဆိုင်မှု နည်းပါးပြီး ဈေးနှုန်းကြီးမြင့်ခြင်း၊ ၀န်ဆောင်မှု ညံ့ဖျင်းခြင်းတို့ ရှိသော်လည်း ခရီးသွားပြည်သူများမှာ ရွေးချယ်စရာ မရှိသည့်အပြင် အစိုးရက ဘတ်စ်ကား တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် အဝေးပြေးယာဉ်အများစုမှာ ဟောင်းနွမ်း ချို့ယွင်းနေကြာင်း အဆိုပါ အရောင်းစာရေးဖြစ်သူက ပြောသည်။

အစိုးရက ယာဉ်လိုင်းများကို ဒီဇယ်ဆီ ခွဲတမ်းနှင့် ထုတ်ပေးပြီး ကားခဈေးနှုန်းကို သတ်မှတ်ပေး သော်လည်း ကားလိုင်းအားလုံးလိုလိုက တွက်ခြေမကိုက်၍ ကားခဈေးနှုန်းများကို တိုးမြှင့် ကောက်ခံလျက်ရှိကြကြောင်း သိရသည်။

ကားခဈေးနှုန်း တိုးမြှင့်ကောက်ခံ၍ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိမ်းသိမ်းရေး ကော်မတီကို တိုင်ကြားသည့်အခါတွင်လည်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ကိုယ်တိုင်လာတိုင်ရမည်၊ မှတ်ပုံ တင် အိမ်ထောင်စုစာရင်းများ ယူလာရမည်၊ အမှုစစ်ဆေးနေစဉ် ခေါ်သည့်အခါ မှန်မှန် လာရမည် ဆိုသည့်အချက်များကြောင့် နယ်အပါအ၀င် ရန်ကုန်မှ ခရီးသွားများက တိုင်ကြားနိုင်ခြင်း မရှိ ကြပေ။

ယခုကဲ့သို့ စစ်အစိုးရက ဈေးနှုန်းသတ်မှတ်မှုများ ရှိသော်လည်း ကားလိုင်းများက ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းသည် ထုံးစံလိုဖြစ်နေပြီး ခရီးသွားပြည်သူများကလည်း မည်သို့မျှ မတတ်နိုင်ဘဲ ပြောသည့်ဈေးနှုန်းအတိုင်း ၀ယ်ယူစီးနင်းနေကြရကြောင်း မြို့ခံများက ပြောသည်။

Source

No comments: