Tuesday, July 15, 2008

ဒုတပ်ရင်းမှူးနှင့် အဖွဲ့ ညစာအရက်ဝိုင်းတွင် ရုတ်တရက် အသတ်ခံရ

သျှမ်းသံတော်ဆင့် သတင်း

သစ်ကုန်သည်များနှင့် ညစာအရက်ဝိုင်း စားသောက်နေကြစဉ် အမည်မသိ လူတစ်စု၏ လျှပ်တပြတ် ၀င်ရောက် ပစ်ခတ်မှုကြောင့် နမ့်ဇန်မြို့နယ် ခိုလမ်အုပ်စု အခြေစိုက် ခလရ ၆၆ ဒုတပ်ရင်းမှူးအပါအ၀င် ဗိုလ်ကြီးတစ်ယောက်နှင့် သစ်ကုန်သည် ၂ ယောက် ပွဲချင်းပြီး သေဆုံးသည်ဟု သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ၁၃ ရက် မိုးမချုပ်မီ ညနေ ၆ နာရီအချိန် ခိုလမ်အုပ်စု ဈေးတန်းရပ်ကွက် (ပေါက်ကတ်) အမည်မသိရသည့် သစ်ကုန်သည်တစ်ဦး၏ အိမ်၌ ခလရ ၆၆ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်သီဟနှင့် ဗိုလ်ကြီးစိုးမင်းအေးတို့ သစ်ကုန်သည်များ အဖွဲ့နှင့်အတူ ညစာအရက်ဝိုင်း၌ ပစ်သတ်ခံရခြင်း ဖြစ်သည်။

“မောင်းပြန်သေနတ်တွေနဲ့ လာပစ်ခတ်တဲ့လူက ၃ ယောက်လို့ ခန့်မှန်းကြတယ်။ ဘယ်အဖွဲ့က ဘယ်သူတွေလဲဆိုတာ မသိရသေးဘူးတဲ့။ ဒီညစာစားပွဲရှိမယ် ဆိုတာ သူတို့ ကြိုသိထားကြတာနဲ့ တူတယ်။ နောက်ယောင်ခံ လာတဲ့ပုံစံဘဲတဲ့။ အော်တိုစက်သေနတ် တွေနဲ့ ပစ်တာ၊ ပြတင်းပေါက်ကနေ ပစ်တယ်လို့ ပြောတယ်။ ခလရ ၆၆ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်သီဟနဲ့ ဗိုလ်ကြီး စိုးမင်းအေး၊ သစ်ကုန်သည် နှစ်ယောက် စုစုပေါင်း ၄ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မကြားရဘူး” ဟု နမ့်ဇန်ဒေသခံ တစ်ဦးက ပြောပြ၏။

၎င်းတို့ အရပ်ဝတ်ဖြင့် ၀ိုင်းထောင် ပျော်ပွဲစားနေကြစဉ် လုံခြုံရေးချထားခြင်း မရှိသဖြင့် အလွယ်တကူ ၀င်ရောက် ပစ်ခတ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဟု ဆို၏။

ထိုပစ်ခတ်မှု မတိုင်မီ လွန်ခဲ့သည့်အပတ်က ကျိုင်းတောင်းမှ သစ်ခုတ်ဖြတ်၊ တင်ပို့ရောင်းချမှုကို ဒေသခံ နအဖအာဏာပိုင်များ ပိတ်ပင်ထားသည် ဟုလည်း ကြားသိရပါသည်။ ခိုလမ်အုပ်စုသည် တောင်ကြီး - ကျိုင်းတုံ ကားလမ်းပေါ်တွင် ရှိပြီး တောင်ကြီးမြို့မှ ၇၅ မိုင်အကွာ (နမ့်ဇန်မြို့နှင့် ကွန်ဟိန်းမြို့ အကြား) ရွာကြီး ဖြစ်ပါသည်။

Source

No comments: