Wednesday, July 30, 2008

ပဲခူးမြို့ စည်ပင်မှ အိမ်သစ်ဆောက်လုပ်သူများထံမှ အိမ်ခွန်မြင့်မားစွာ ကောက်ခံနေ

IMNA

ပဲခူးမြို့ပေါ်တွင် အိမ်အသစ်ဆောက်သူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်မြင့်မားစွာကောက်ခံလျက်ရှိသည်။

တစ်ထပ်တိုက်အိမ် တစ်လုံးလျှင် အနည်းဆုံး ၅ သောင်းကျပ် အနေဖြင့် အခွန်ပေးဆောင်နေရပြီး နှစ်ထပ်အိမ်၊ သုံးထပ်အိမ်များလျှင် ကျပ် ၃ သိန်းမှ ၄ သိန်းအထိ ပေးဆောင်နေရသည်ဟု မြို့ခံများက ပြောသည်။

“အရင်က ဒီလိုမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် အခုကဒီလို ကောက်ခံနေတာ တော်တော်ဆိုးတယ်ဗျာ” ဟု မြို့ခံ အိမ်ဆောက်သူတစ်ဦးက ပြောပြသည်။

“အဓိကကျတာက နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ မိသားစုဝင်တွေကို ပိုပြီးတောင်းယူနေတာ” ၄င်းမြို့ခံက ပြောသည်။
ယခင်က အိမ်ဆောက်ရာတွင် အာဏာပိုင်များမှ စစ်ဆေးခြင်းမပြုသည့်အပြင် မည်သည့် အခွန်ကြေးမှလည်း မပေးဆောင်ခဲ့ရပေ။

အလားတူ အိမ်အခြေအနေအပေါ် မူတည်၍ တစ်လလျင် ကျပ် ၃၀၀ မှ ၁၀၀၀ ထိ သန့်ရှင်းရေးခွန်အနေဖြင့် စည်ပင်အရာရှိများက ကောက်ခံနေသည်။

စည်ပင်အရာရှိမှ ဒေသခံပြည်သူများကို အခွန်နှုန်းထားမြင့်မြင့်ဖြင့် ကောက်ခံလာခဲ့သည်မှာ သုံးနှစ်ခန့် ရှိသည်။

မြန်မာနိုင်ငံတော်ပိုင်းဒေသများတွင်လည်း အိမ်အသစ်ဆောက်လုပ်ရာတွင် ယခုကဲ့သို့ အခွန်ဆောင်ပေးနေရကာ လွန်ခဲ့သောနှစ်မှစ၍ စည်ပင်အဖွဲ့ဝင်များသည် ကျေးရွာများ သို့ဆင်း၍ သွပ်မိုးအိမ်၊ ပျဉ်ထောင်အိမ်၊ တိုက်အိမ်များကို ဓါတ်ပုံနှင့်တကွရိုက်ကာ အခွန်ဆောင် မှုများပြုလုပ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မွန်ပြည်နယ်ရှိ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် စည်ပင်အဖွဲ့ဝင်များလည်း မိမိတို့ ဓါတ်ပုံရိုက်ထားသော အိမ်များထံတွင် တစ်အိမ်လျှင် ငွေကျပ် လေးသိန်း ကောက်ယူခဲ့သည်။

Source

No comments: