Wednesday, July 30, 2008

မြန်မာအမျိုးသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်မှု ပိုများလာ

IMNA

မြန်မာအမျိုးသမီးများ အိမ်နီချင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်အလုပ်ရှာချိန်တွင် မလေးရှာနိုင်ငံသို့ အမျိုးသမီးများ တရားဝင် အလုပ်ဝင်ရောက်လုပ်ကိုင်မှု ပိုမိုများပြားလာသည်။

တစ်နေ့လျင် နိုင်ငံခြားသို့တရားဝင်ဖြင့် သွားရောက်လုပ်ကိုင်နေသော အမျိုးသမီး အရေအတွက်မှာ ပျမ်းမျှ အယောက် ၁၀၀ ခန့်ရှိပြီး နိုင်ငံကူးလက်မှတ် သွားရောက်လျောက် နေသော အမျိုးသမီးအရေအတွက်မှာလည်း တစ်နေ့လျင် အယောက် ၂၀၀ နှင့်အထက်ရှိသည်ဟု ရန်ကုန်မြို့ ရှိ နိုင်ငံခြား အလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။

“မိန်းကလေးတွေတော်တော်များများက မလေးရှားကိုပဲ သွားကြတာများတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မလေးရှားမှာက အလုပ်တွေကပေါတယ်လေ။ ပြီးတော့ မြန်မာအစိုးရနဲ့ မလေးအစိုးရက မြန်မာပြည်ကအလုပ်သမားတွေကို မလေးရှားမှာ သွားရောက်လုပ်ကိုင်ဖို့အတွက် သဘော တူညီချက်တွေ ယူထားကြပြီးသားမို့လေ၊ အရင်နှစ်တွေတုန်းကအမျိုးသမီးတွေက သိပ်မသွားကြဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ သွားကြတာများတယ်” ဟု ယင်းဝန်ထမ်းကပြောသည်၊

“ကျတော်တို့ ကုမ္ပဏီကခေါ်တဲ့ အမျိုးသမီးတွေရဲ့ လစာဆိုရင် ၇၅၀ နဲ့ ၈၀၀ ရင်းဂစ်မှာရှိတယ်။ သူတို့အတွက်အဆင်ပြေအောင်လည်း အရစ်ကျစနစ်နဲ့ ပြန်ဆပ်ခိုင်းတယ်။ တစ်လဆိုရင် ၄၅၀ ရင်းဂစ်နဲ့ ရှစ်လစာ ဖြတ်တယ်။ မလေးရှားမှာဆိုရင် အထည်ချုပ် စက်ရုံနဲ့ လက်အိတ်စက်ရုံတွေမှာ အမျိုးသမီးတွေ အလုပ်လုပ်ကြတာများတယ်” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းအမျိုးမျိုးတို့ကြောင့် မိသားစု စားဝတ်နေရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေကြရသော မြန်မာအမျိုးသမီးအများစုသည် ယခုနှစ်တွင် နိုင်ငံခြားသို့နည်းစုံဖြင့် သွားရောက်လုပ်ကိုင်နေကြရသည်ဟု မလေးရှား နိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ပြောကြတာကတော့ ပထမပိုင်းမှာ သူတို့ခင်ပွန်းတွေကို အရင်လွှတ်တယ်။ ခင် ပွန်းသည် တွေကသွားပြီးတော့ ပိုက်ဆံမပို့နိုင်ကြတဲ့အပြင် အကြွေးတွေရဲ့အတိုးတွေကပဲ တက်တက်လာနေတော့ အိမ်မှာရှိတဲ့ဇနီးသည်တွေက အိမ်မှာနေလို့ရှိရင်လည်း ဘာမှ မထူးတော့ဘူးဆိုပြီးတော့ သူတို့ခင်ပွန်းတွေဆီကို လိုက်လာကြတယ်” ဟု ၄င်းအမျိုးသမီး က ဆက်ပြောသည်၊

မြန်မာအမျိုးသမီးအချို့သည် အိမ်တွင်းမိသားစုအကြပ်အတည်းကို ဖြေရှင်းနိုင် ရန်အတွက်မိမိတို့ ဘ၀ကိုရင်းနှီးပြီး နိုင်ငံရပ်ခြားဒေသတွင် ရှာဖွေလုပ်ကိုင်နေကြသည် မှာလည်း အမှန်တကယ်ပင် ရင်နင့်စရာဖြစ်ရသည်ဟု မလေးရှားနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှား နေသော အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့လည်း မြန်မာနိုင်ငံမှ အမျိုးသမီးအများအပြား လာရောက်အလုပ်ရှာဖွေ ကြပြီး အချို့မှာ လိင်ဆက်ဆံရေးလုပ်ငန်းများနှင့် ထိုင်းစီးပွားရေးသမားများထံတွင် လူကုန် သည်ပွဲစားတို့၏ရောင်းစားခြင်းကို ခံရသည်။ သို့အတွက်ကြောင့် အမျိုးသမီးများကူးသန်း ရောင်းဝယ်မှုပပျောက်ရန်အတွက် မြန်မာအမျိုးသမီးရေးရာကော်မတီက တိုက်တွန်း နှိုးဆော်သည်။

အမျိုးသမီးများ၏အခြေခံပြဿနာများကို ဖော်ထုတ်ဖြေရှင်းခြင်းမရှိဘဲနှင့် အမျိုးသမီးကူးသန်းရောင်းဝယ်မှု မပျောက်ပျက်နိုင်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

Source

No comments: