Friday, July 18, 2008

နယူးဇီလန်ရောက် ရခိုင်များက ဘင်္ဂလာဒေ့ခ်ျ နိုင်ငံရှိ ဇိနမဉ္ဖူ မိဘမဲ့ ပရဟိတကျောင်းသို့ ငွေများလှူဒါန်း

Narinjara News


မောင်သစ်အောင် (နိရဉ္စရာ)နယူးဇီလန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများက ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ်ရှိ မိဘမဲ့ ပရဟိတ ဂေဟာတခုသို့ ငွေများပေးပို့ လှူဒါန်း ခဲ့ကြသည်။

အဆိုပါ ပရဟိတကျောင်းမှာ ရခိုင်ပြည်မှ လာရောက်သီတင်းသုံးနေသော အရှင်နန္ဒမာလမှ စစ်တ ကောင်း တောင်တန်းနယ် အင်းသုံးဆယ်အရပ်တွင် ဖွင့်လှစ်ထားသော ဇိနမဉ္ဖူ မိဘမဲ့ ပရဟိတကျောင်း ဖြစ်သည်။

အဆိုပါ ငွေများကို နယူးဇီလန်တွင် ရောက်ရှိနေကြသော ကိုသာစိန်ထွန်းနှင့် ဦးမောင်ရွှေသိန်း မိသားစုတို့က နိရဉ္စရာသတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်မှတဆင့် ပေးပို့လှူဒါန်းခြင်း ဖြစ်သည်။

စုစုပေါင်း လှူဒါန်းသော ငွေပမာဏမှာ ဘင်္ဂလာတာကာငွေ ၁၅၆၃၈ ဖြစ်သည်။

အဆိုပါငွေအား အရှင်နန္ဒမာလမှ ကော့စ်ဘဇားရှိ နိရဉ္စရာသတင်းဌာန ဆက်သွယ်ရေးရုံးသို့ ကြွရောက် လက်ခံယူခဲ့သည်။

အရှင် နန္ဒမာလက ငွေလက်ခံယူပြီးနောက် ယခုကဲ့သို့ မိန်းကြားသည်။

“နယူး ဇီလန်နိုင်ငံမှ ဦးသာစိန်ထွန်းနဲ့ ဦးမောင်ရွှေသိန်း မိသားစု လှူဒါန်းတဲ့ အလှူ ငွေဟာ လက်ရှိ မိုးတွင်းကာလ အခက်အခဲကျနေတဲ့ အချိန်မှာ လှူဒါန်းတာ ဖြစ်တာကြောင့် အထူးအကျိုး ရှိလှပါတယ်။ အေးဒီ အလှူငွေတွေထဲက တချို့ကို မိုးတွေရွာပြီး ခေါင်းမိုးတွေ ပြိုပျက်နေတဲ့ ကျောင်းသူတွေနေထိုင်တဲ့ အဆောင်ကို ဆောက်လုပ်ရာမှာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဦးသာစိန်ထွန်းနဲ့ ဦးမောင်ရွှေသိန်း မိသားစုတွေလို ဦးဇင်းတို့ ပရိဟိတ ကျောင်းကို တတ်အားသရွေ့ ကူညီနေကြတဲ့ နိုင်ငံတကာရောက် တခြားတကာ တကာမ များကိုလည်း အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားချင်ပါတယ်။”

အင်းသုံးဆယ် ဇိနမဉ္ဖူပရဟိတကျောင်းကို အရှင် နန္ဒမာလအနေဖြင့် ယာခုတ်၊ လယ်ထွန်၊ ငှက်ပျောပင်စိုက်၊ သရက်ပင်စိုက်သည့် အလုပ်များကို လုပ်ကိုင် တည်ဆောက်ခဲ့ရပြီး ယခုအခါ ဘင်္ဂလာဒေခ်ျ့အစိုးရက တရားဝင် အသိအမှတ် ပြုထားပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဇိနမဉ္ဖူပရဟိတကျောင်းတွင် ယခုအခါ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ကျောင်းသူများ အပါအ၀င် ကျောင်းသား ၆၀ ကျော်ရှိပြီး သူငယ်တန်းမှ ၆ တန်း အထိ အတန်းပညာများကို သင်ကြားပေးနေသည်သာမက ရခိုင်စာပေကိုလည်း သင်ကြား ပေးနေကြောင်း သတင်းရရှိသည်။

Source

No comments: