Thursday, July 10, 2008

နာမည်ကြီး စီးပွားရေးသမားနှင့် အပေါင်းအပါ ၆ ဦးကို မူးယစ်ဆေးဝါးမှုနှင့် တရားစွဲပြီ

အေးချမ်းမြေ့/ကြည်ဝေ| ဇူလိုင် ၁၀၊ ၂၀၀၈

ရန်ကုန်မြို့မှ နာမည်ကြီး လူငယ်စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ မောင်ဝိတ်နှင့် အပေါင်း အပါ ၆ ဦးတို့ကို အက်တာစီ ဆေးပြား သုံးစွဲ ဖြန့်ချိမှုဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီး အရေးယူလိုက်ပြီ ဖြစ်ကြောင်း ဇူလိုင် ၁၁ - ၁၇ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားသည်။

မောင်ဝိတ်နှင့်အတူ အဖမ်းခံရသူတို့မှာ မလေးရှားနိုင်ငံသား Mr Peter Too Huat Haw၊ မောင်နေထွန်းလွင်၊ မောင်အောင်မင်း၊ မောင်ကျော်ဖုန်းနိုင်၊ မောင်ကျော်လှိုင်၊ မောင်ကျော်ကျော်ဝင်း တို့ဖြစ်ပြီး ၎င်းတို့ကို လမ်းမတော် ရဲစခန်းက မယ (ပ)၂/၀၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၆ (င)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

“မောင်ဝိတ်ကို မဖမ်းမဖြစ်တော့လို့ ဖမ်းလိုက်ရတယ်လို့ ကြားတယ်။ ပုံမှန်အတိုင်း ထောင်ဒဏ် ချမယ်ဆိုရင် ၁၀ နှစ်ကနေ တသက်တကျွန်းထိ ချရမှာပဲ။ မောင်ဝိတ်က စစ်အစိုးရနဲ့ နီးစပ်တဲ့ သူ ဆိုတော့ သူတို့ ဘယ်လို လုပ်ကြမလဲ မသိဘူး” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်း ရှင် တဦးက သုံးသပ်သည်။

ရန်ကုန်မြို့တွင်း၌လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့် အထက်ဖော်ပြပါ အက်တာစီ မူးယစ်ဆေးပြား သုံးစွဲနေသည်ကို ၎င်း၏မိဘများ သိသွားခဲ့ရာမှစ၍ မူးယစ်ဆေး ဖြန့်ချိသူများနှင့် အဆက်အစပ် ရှိသူအားလုံးကို ခေါ်ယူစစ်ဆေးသဖြင့်ယခုကဲ့သို့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ် စသည့် စစ်တပ် အကြီးအကဲများနှင့် နီးစပ်သူများကိုပါ မဖြစ်မနေ အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမူးယစ်ဆေးပြားကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီးအနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ဆေးပြားတပြား၏ တန်ဖိုးမှာ ကျပ် ၆ သောင်း ဝန်းကျင်ရှိသောကြောင့် လူချမ်းသာ သားသမီးများသာ သုံးစွဲနိုင်ခြင်းဖြစ်သည်။

ဖိုးလပြည့်အပါအဝင် စစ်တပ်အကြီးအကဲများ၏ သားသမီးများပါ မူးယစ်ဆေးကိစ္စနှင့် ပါဝင်ပတ်သက်နေသဖြင့် အသေးစိတ် လိုက်လံစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ဆုံးတွင် မောင်ဝိတ်နှင့် အပေါင်းအပါ ၆ ဦးကိုအမှုဖွင့် အရေးယူလိုက်ခြင်း ဖြစ်၏။

မောင်ဝိတ်သည် မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီကို တည်ထောင်ထားသူဖြစ်ပြီး စစ်ဗိုလ်ချုပ် ကြီး များနှင့် ဆက်ဆံရေး ကောင်းမွန်လျှက် ရှိသော စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ် ထင်ရှားသူ ဖြစ်သည်။

“မောင်ဝိတ်က စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေရဲ့ သားသမီးတွေနဲ့အတူတူ မူးယစ်ဆေးဝါး သုံးစွဲတာ။ ပြီးတော့ နာမည်ကြီး အနုပညာရှင်တွေအတွက် ဖြန့်ပေးနေတာ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ မလေးရှား နိုင်ငံသား Mr Peter Too Huat Haw ထံတွင် အက်တာစီ ဆေးပြားများ ၀ယ်ယူသုံးစွဲခဲ့ရုံမက ကုမ္ပဏီနှစ်ပတ် လည်နေ့များ၊ မွေးနေ့ပွဲများတွင် တခြားသူများ ကိုပါ ဖြန့်ဝေတိုက်ကျွေးခဲ့ခြင်းကြောင့် ဖမ်းဆီးအရေးယူ ခံရခြင်းဖြစ်ကြောင်း ၎င်း မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားသည်။

“သူတို့က ရုံးခန်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် နာမည်ကြီး အနုပညာရှင်တွေကို ဖိတ်ပြီး ပါတီတွေ ကျင်းပကြတယ်။ ပြီးတော့ လာသမျှလူတွေကို မူးယစ်ဆေးဝါး အခမဲ့သုံးစွဲဖို့ ဒီတိုင်းချပေးထား တာ။ စွဲပြီဆိုတော့မှ စရောင်းတာ” ဟု ထိုပါတီပွဲများသို့ ရောက်ဖူးသည့် မောင်ဝိတ်နှင့် နီးစပ်သူ တဦးကပြောပြသည်။

မောင်ဝိတ်နှင့် ၎င်း၏မူးယစ်ဆေးဝါးသုံးစွဲဖော် အပေါင်းအပါများသည် မူးယစ်ဆေးစွဲနေသော ရုပ်ရှင်မင်းသမီးများ၊ မော်ဒယ် များကို စစ်တပ်ဆိုင်ရာ အကြီးအကဲများ၊ ၎င်းတို့၏ သားများနှင့် လိင်ဆက်ဆံရန် တွန်းအားပေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကို ပြည်တွင်း ပြည်ပ သတင်းထောက်များက မေးမြန်းရာတွင်မူ နာမည်ကျော် အနုပညာရှင် တချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါး သုံးစွဲသူ အခြေခံ စာရင်း ကောက်ယူမှုအရ သုံးစွဲသူများ လျော့ကျသွားသည်ဟု ပြောကြားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ဦးရေ ၆၁၄၅၅ ရှိရာမှ၊ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလအထိ စာရင်းကောက်ယူမှုအရ ၅၄၇၀၅ ဦးသာ ရှိတော့သည်ဟု ဆို၏။

၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးရရှိခဲ့သော မူးယစ်ဆေးဝါးမှုများမှာ ဧပြီလအထိ အမှုပေါင်း ၇၅၀ ရှိပြီး ပြစ်မှု ကျူးလွန်သူပေါင်း ၁၀၀၀ ကျော်ရှိကာ ပြစ်မှုကျူးလွန်သူများထဲတွင် အမျိုးသား ၉၀၉ ဦး နှင့် အမျိုးသမီး ၂၁၀ ဦးဖြစ်သည်ဟု မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားသည်။ ၎င်း အမှု များထဲမှ ၄၆၃ မှုကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကာ ထိုပြစ်ဒဏ်ချမှတ်ပြီ်းသည့်ထဲတွင် ဆယ်နှစ် အောက် အမျိုးသား ၂၇၈ ဦးနှင့် အမျိုးသမီး ၄၉ ဦး၊ ၁၀နှစ် အထက် ထောင်ဒဏ်ကျခံရသူ အမျိုးသား ၂၄၂ ဦး၊ နှစ်အကန့်အသတ်မရှိကျခံရသူ ၁ ဦး၊ တသက်တကျွန်း ကျခံရသူ ၂ ဦးတို့ ပါရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖြန့်ချိခြင်း စသည်ဖြင့် ပြုလုပ်လျင် ထောင်ဒဏ် ၅ နှစ်၊ ၁၀ နှစ် နှင့် တသက်တကျွန်းထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ် ဧပြီလအထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၄၀၀၀ ကျော်ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။

Source

No comments: