Tuesday, July 15, 2008

ဂန်ဘာရီ မြန်မာပြည် ခရီးစဉ် ရွှေ့ဆိုင်း

ဧရာဝတီ | ဇူလိုင် ၁၅၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ ၏ ယခုလအတွင်း မြန်မာနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်ကို အချိန်ရွေ့ဆိုင်း လိုက်သည်။

ယင်းသို့ ရွေ့ဆိုင်းရခြင်းမှာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ရလဒ်ကောင်း များပေါ်ထွက်လာရန် မလွယ်ကူသော အခြေအနေ ဖြစ်သော ကြောင့်ဟု သိရသည်။

ယခုအချိန်တွင် ကုလသမဂ္ဂသည် အာဆီယံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ နာဂစ် မုန်တိုင်း ဒဏ်ခံရသည့် ဒေသ များတွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ကယ်ဆယ်ရေးများနှင့် အလုပ်များနေသည့်အတွက်ကြောင့် ကုလ သမဂ္ဂအနေ နှင့် နောက်ထပ် လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ဖြစ်သည်ဟု ကုလသမဂ္ဂ တာဝန်ရှိ သူ တဦးက ပြောသည်။


မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများလွတ် မြောက်ရေးတို့ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

ယခုလ ၁၁ရက်နေ့ကလည်း မစ္စတာဂန်ဘာရီသည် အထွေထွေညီလာခံ ဥက္ကဌ မစ္စတာ ဆာဂျန် ကာရမ် (Srgjan Kerim) နှင့် တွေ့ဆုံကာ စစ်အစိုးရ၏ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုအခြေအနေနှင့် မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေး အခြေအနေများကို ဆွေးနွေးခဲ့သေးသည်။

မစ္စတာ ဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်းကလည်း မြန်မာနိုင်ငံသို့၂ ကြိမ် လာရောက်၍ စစ်အစိုးရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်း ခရီးစဉ်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အရာရှိချုပ် John Holms ကလည်း မြန်မာနိုင်ငံတွင်း မုန်တိုင်း ဒဏ်သင့်ဒေသနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂ၏ ကူညီပေးရေး ရည်မှန်းချက်များကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

ကုလသမဂ္ဂအနေနှင့် ကမ္ဘာ့အရေးများကိုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ချက် များနှင့် နိုင်ငံရေးပြဿနာများအတွက် တိကျ ခိုင်မာသည့်ရလဒ်များ အကောင်အထည် ပေါ် လာရန် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောဆိုသည်။

Source

No comments: