Thursday, July 10, 2008

၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို ပုဒ်မ ပြောင်းတပ်

ကိုစိုး | ဇူလိုင် ၁၀၊ ၂၀၀၈

ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကို စစ်အာဏာပိုင်များက ဆက်လက် ချုပ်နှောင်ထားရန် တရားစွဲဆိုသည့် ပုဒ်မပြောင်းလဲ လိုက်ကြောင်း မိသားစုဝင် တဦးကပြောသည်။

ယမန်နေ့က ထောင်ဝင်စာသွားတွေ့ရာတွင် ၎င်းအား ယခင် ပုဒ်မ ၃၃(က) မှ ယခု ပုဒ်မ ၁၇(၁) သို့ ပြောင်းလဲ လိုက်သည် ကို အာဏာပိုင်များက ယခုလဆန်းက အသိပေးခဲ့သည်ဟု ကိုကိုကြီးကပြောကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ပြောပြသည်။


“အခု ဒီ ပုဒ်မကိုပြောင်းတာ လဆန်း ၃ ရက်နေ့လောက်က သူ့ကို ခေါ်ပြောတာတဲ့၊ မနေ့က ကျနော် သူနဲ့ သွားတွေ့တော့ သူကျနော့်ကို ပြောတာ၊ ဘာဖြစ်လို့ ပြောင်းတာလဲလို့မေးတော့ ပြည်ပြေးအစိုးရ အန်စီဂျီယူဘီ တို့၊ ပြည်သစ်ညွန့်ဝေ ခေါ် မောင်မောင်တို့နဲ့ ဆက်သွယ်လို့ ဆိုပြီးပြောတယ်တဲ့”ဟု ကိုအောင်ထွန်းက ဧရာဝတီသို့ ပြောသည်။

ကိုအောင်ထွန်းက ဆက်လက်ပြီး“သူတို့ကို ထောင်ထဲမှာပဲ အထူးခုံရုံးဖွဲ့ပြီး စစ်တာ၊ ခွေးတိုက်ကို ရှင်းလင်းပြီး ခုံရုံး လုပ်ထားတာ၊ အဲဒီလိုစစ်တာ အခုဆိုရင် စဖမ်းတုန်းက ပုဒ်မ ၁၇/၂၀ ကနေ စလိုက်တာ ၄-၅ ကြိမ် ရှိပြီထင်တယ်” ဟုလည်း ပြောသည်။

ပုဒ်မ ၁၇ (၁) သည် မတရားအသင်းအဖွဲ့နှင့် ဆက်သွယ်သည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံ ရနိုင်ကြောင်း သိရသည်။

လောင်စာဆီဈေးနှုန်း အဆမတန်ကြီးမြှင့်မှုနှင့် ပတ်သက်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုဇေယျ၊ ကိုကျော်ကျော်ထွေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် ၊ ကိုဥာဏ်လင်းထွန်းနှင့် ကိုဇော်ဇော်မင်းတို့အား စစ်အစိုးရက ဆူပူမှုဖြစ်ရန် လှုံ့ဆော်သည်ဟူသော အကြောင်းပြချက်ဖြင့် ၂၀၀၇ ခု နှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စတင်ဖမ်းဆီးချိန်က ၎င်းတို့အား အာဏာပိုင်များက ပုံနှိပ် ဥပဒေ ၁၇(၂၀) ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဲမကြာသေးခင်က တခြားလူတွေကိုလည်း ပုဒ်မ ပြောင်းလိုက်တယ်၊ ကိုနေဘုန်းလတ်ကိုလည်း ဗီဒီယို ပုဒ်မကနေ တခြား ပုဒ်မကို ပြောင်းလိုက်တယ်၊ ဒီလို ပုဒ်မ ပြောင်းပြောင်းနေတာက ဖမ်းထားပြီးတော့ အမှုစစ် တာတွေ ဘာတွေလုပ်ရမယ်၊ သူတို့ကို ဖမ်းထားနိုင်ဖို့ ၊ ဒီလူတွေကို အမိန့်ချဖို့အတွက် သူတို့ဆီမှာ အဆင်သင့် အမှုဆင်နေ တာကြီး တခုက မပြီးပြတ် သေးပုံရတယ်၊ ဒီလူတွေကို ဆက်ချုပ်ထားနိုင်ဖို့အတွက်က အဲဒီလို ပုဒ်မ ခုပြီး တခု ပြောင်းနေမှ ချုပ်ထားလို့ရမှာ”ဟု ပြောသည်။

ယခုအပတ်အတွင်းတွင် ဘလော့ဂါ ကိုနေဘုန်းလတ်ကိုလည်း လျှပ်စစ်ပစ္စည်းဆိုင်ရာ ဥပဒေ၊ ဗီဒီယို ဥပဒေနှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅ (ခ) ပုဒ်မတို့ဖြင့် အာဏာပိုင်များက တရားစွဲဆိုကြောင်း သိရသည်။ ကိုနေဘုန်းလတ်သည် ၎င်း၏ ဘလော့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံ ကာတွန်းကို တင်ထားသည့်အတွက် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရည်ရွယ်သော ကဗျာ ရေးသားသူ ကဗျာဆရာ စောဝေကိုလည်း လွန်ခဲ့သော ဇန်န၀ါရီ လအတွင်းက ဖမ်းဆီးခဲ့သည်။

တချိန်းတည်းတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများထံမှ အနက်ရောင်အ၀တ်အထည်များကို အစိုးရဆန့်ကျင် သည့် အထိမ်းအမှတ် အဖြစ်ဝတ်ဆင်မည်ကို မလိုလားသောကြောင့် ထောင်အာဏာပိုင်များ သိမ်းဆည်းမှုများ ပြုလုပ်နေ ကြောင်း ထောင်ဝင်စာတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသား မိသားစုများက ပြောဆို သည်။

“အခုအပတ် ကျမအကိုကို သွားတွေ့တော့ ထောင်ထဲက အနက်ရောင်အ၀တ်တွေကို လက်မခံဘူးဆိုပြီး၊ နောက်တခါလာရင် တခြားအ၀တ်တွေယူခဲ့ဖို့ပြောတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် မှ ကိုကျော်ကိုကို ၏ ညီမ ဖြစ်သူကပြောပြသည်။

Source

No comments: