Wednesday, July 16, 2008

စစ်တွေတွင် နအဖ စစ်အစိုးရနှင့် ဆက်စပ်မှု ရှိသော အအေးခန်း တချို့ ပိတ်လိုက်ရ

Narinjara News 7/16/2008

ရခိုင်ပြည်နယ် စစ်တွေတွင် နအဖ စစ်အစိုးရနှင့် နီးစပ်မှု ရှိသော ပုဇွန် ထုတ်လုပ်သည့် အအေးခန်း တချို့ကို များမကြာခင်က ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။

အဆိုပါ ပိတ်လိုက်ရသော အအေးခန်းများမှာ ရွှေသ၀ဏ်နှင့် ရွှေယမုံ အအေးခန်းများ ဖြစ်ပြီး စစ်တွေ ဆတ်ရိုးကျ ချောင်း တဖက်ကမ်းတွင် တည်ရှိသည်။

အဆိုပါ အအေးခန်း နှစ်ခုစလုံးမှာ နစကနှင့် နီးစပ်သူများက ဖွင့်လှစ်ထားသော အအေးခန်း စက်ရုံများ ဖြစ်ပြီး ရွှေသ၀ဏ် အအေးခန်းမှာ ဗိုလ်ချုပ် ရွှေမန်းသား ပိုင်ဆိုင်သော ပုဇွန်ထုတ်လုပ်သည့် အအေးခန်း ဖြစ်ကြောင်း စစ်တွေက လာသော သတင်းများ အရ သိရှိရသည်။


အမေရိကန် အစိုးရမှ မြန်မာ့ နိုင်ငံအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေး ယူပြီး နောက်ပိုင်း စစ်အစိုးရနဲ့ စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် အမေရိကန် ဘဏ်များနှင့် ငွေလွဲပြောင်း လုပ်ရာတွင် ပြဿနာများ ပေါ်ပေါက်လာရာမှ ယခုကဲ့သို့ စစ်အစိုးရနှင့် နီးစပ်သော အအေးခန်းများ ပိတ်သွားခြင်း ဖြစ်ကြောင်း စစ်တွေ စီးပွားရေး သတင်းရပ်ကွက်က ဆိုသည်။

အမည်မဖေါ်လိုသူ စီးပွားရေး သမားတဦးက “အဓိကတော့ သူတို့ တင်ပို့နေတဲ့ ပုဇွန်တွေကို စင်္ကာပူက လက်မခံတော့ သူတို့ စက်ရုံတွေကို ပိတ်ဖို့ ဖြစ်သွားတာပါ။ အရင်ကတော့ သူတို့ အအေးခန်းက ထုတ်လုပ်တဲ့ ပုဇွန်တွေကို စင်္ကာပူကို တင်ပို့ခဲ့ကြတာပါ၊ နောက်ပိုင်းတော့ အမေရိကန် အစိုးရက တင်းတင်းကျပ်ကျပ် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လာတော့ သူတို့လည်း မြန်မာက ပုဇွန်တွေကို မ၀ယ်ရဲတော့ ခုလို နအဖ စစ်အစိုးရ ဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ စစ်တွေက အအေးခန်းတွေ ပိတ်သွားရတာပါ၊ ” ဟု ပြောသည်။

အအေးခန်းများ ပိတ်သွားသဖြင့် အဆိုပါ အအေးခန်း စက်ရုံနှစ်ရုံတွင် အလုပ် လုပ်ကိုင်နေသာ အလုပ်သမား ၂၀၀ ခန့်မှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့သည်။

အလုပ်သမားများအား လုပ်ခ သုံးလစီပေးပြီး အလုပ်မှ ဖြုတ်ပစ်ခဲ့ကြောင်း အဆိုပါ စက်ရုံတွင် အလုပ် လုပ်ကိုင်ခဲ့သူ တဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

Source

No comments: