Monday, July 7, 2008

လေဘေးသင့် နေပြည်တော်ဝန်ထမ်းများကို ကွက်ပြီး ချေးငွေထုတ်ပေး

NEJ/ ၇ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ၀န်ထမ်းများကို စစ်အစိုးရက ချေးငွေထုတ်ပေးရန် ညွှန်ကြားခဲ့သော် လည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်သူ ၀န်ထမ်းများကသာ ချေးငွေအမြန်ရရှိကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော့်အိမ်က တောင်ဒဂုံမှာ၊ လေဘေးကြောင့် အိမ်အတော် ပျက်စီးသွားတယ်၊ ဒါနဲ့ ဌာနကနေ လစာ (၃) လစာနဲ့ ညီမျှတဲ့ ချေးငွေ ထုတ်ချေးပေးမယ်ပြောတယ်။ (၂) နှစ်အတွင်း ပြန်ဆပ်ရမယ်။ အဲဒါနဲ့ လျှောက်လွှာတင်ပါဆို တင်ထားတာ ခုထိမရသေးဘူး။ တခြား နေပြည် တော်နဲ့ ဧရာဝတီတိုင်းက တချို့ဝန်ထမ်းတွေတော့ ရကြတယ်” ဟု ပြောသည်။

လေဘေးကျရောက်ပြီး (၂) လ ကျော်သည့်တိုင် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့် ၀န်ထမ်း
များကို ထုတ်ပေးမည့် ကယ်ဆယ်ရေးချေးငွေ ယခုထိ မရသေးကြောင်း ၎င်းကပြောသည်။

စစ်အစိုးရက မုန်တိုင်းဒဏ်ခံရသည့် နေပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ၀န်ထမ်းများကို ယခုကဲ့သို့ ချေးငွေများ ထုတ်ပေးရန် မေ (၁၂) ရက်က ညွှန်ကြားချက်ထုတ်ခဲ့ပြီး အဆိုပါအမိန့်သည် လေဘေးသင့်ဒေသတွင် မိသားစုရှိပြီး နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ လည်း အကျုံးဝင်သည်။

လျှောက်ထားသူသည် သက်ဆိုင်ရာဌာနတွင်းမှ အသိသက်သေ (၂) ဦး၊ ထောက်ခံသူ (၂) ဦး၏ ထောက်ခံချက်များနှင့်တကွ ပြည်နယ်၊ တိုင်း အခွန်ဦးစီးမှူးရုံးများမှတဆင့် လျှောက်ထားကြရပြီး လျှောက်လွှာကို လက်ခံပါက လစာ (၃) လစာနှင့် ညီမျှသည့်ငွေကို ထုတ်ပေးမည်ဖြစ်ကာ (၂၄) လအတွင်း လစာထဲမှ အရစ်ကျ ဖြတ်တောက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက် မုန်တိုင်းတိုက်ခတ်စဉ် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ပြည်သူများနည်းတူ ၀န်ထမ်းအချို့လည်း သေဆုံး၊ ဒဏ်ရာရ၊ အိမ်ယာပျက်စီးမှုများ ရှိခဲ့သည်။
ထိုသို့ မုန်တိုင်းဒဏ်ခံရသည့် ၀န်ထမ်းများအနက် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသူ
ဝန်ထမ်းများကသာ ၎င်းတို့၏ လေဘေးသင့် မိသားစုများအတွက် ချေးငွေ အမြန်ရရှိခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများမှာမူ ချေးငွေ ရရှိခြင်း မရှိသေးကြောင်း၊ ၀န်ထမ်းအချင်းချင်း နေပြည်တော်နှင့် အခြားမြို့နယ် ခွဲခြားအခွင့်အရေး ပေးသည့်အပေါ် မကျေမလည် ဖြစ်နေကြောင်း ၀န်ထမ်းအသိုင်းအ၀န်းမှ ပြောသည်။

အင်းစိန်မြို့ခံတဦးက ၎င်း၏ သမီးတယောက်သည် နေပြည်တော်၌ ကျောင်းဆရာမအဖြစ် တာဝန်
ထမ်းဆောင်နေကြောင်း၊ ၎င်းတို့အိမ် မုန်တိုင်းဒဏ်ခံရသည့်အတွက် နေပြည်တော်တွင် ချေးငွေ လျှောက်ထားရန် အိမ်ထောင်စု စာရင်းပုံစံ ပို့ပေးခဲ့ရကြောင်း၊ မေလမကုန်မီ ချေးငွေ ကျပ် (၁) သိန်း (၈) သောင်းနှင့် ဆန်တအိတ်ရကြောင်း ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှ လေဘေးဒဏ်ခံရပြီး လျှောက်ထားသည့် ၀န်ထမ်းများမှာမူ ယနေ့တိုင် ချေး ငွေ မရရှိသေး၍ မြို့နယ်ရုံးမှတဆင့် တိုင်းအခွန်ဦးစီးမှူးရုံးသို့ စုံစမ်းကြည့်ရာ အထက်သို့ တင်ပြ ထားကြောင်းသာ ပြောပြီး မည်သည့်အကြောင်းမှ ပြန်ကြားခြင်းမရှိသေးကြောင်း ပြောသည်။

Source

No comments: