Sunday, July 13, 2008

ထိုးစစ်ဒေသက ထွက်ပြေးလာတဲ့ ကရင် ဒုက္ခသည်တွေရဲ့ ဝေဒနာ

စောရန်နိုင်

ဝါးတဲလေးတခုပေါ်မှာထိုင်နေတဲ့ ကရင်အမျိုးသားလေးဟာ ပါးပြင်ပေါ်မှာ သနပ်ခါးတွေ ဖြူဖွေးနေအောင် ချယ်သ လိမ်းထားပါတယ်။ သူနံမည်က ကိုမြစန်းဖြစ်ပါတယ်။ သူက တောင်ငူခရိုင် တင်နထာကျေးရွာ က ပါ။

သူဟာ သတင်းလောကတွေနဲ့ ထိတွေ့ကျင်လည်နေသူ မဟုတ်ဘူးဆိုတာ ကိုသူ့ရဲ့မူလရုပ်လုံးပုံပန်းသဏ္ဍာန်က ပေါ်လွင် နေပေမယ့် သူနဲ့ မိတ်ဆက် အပြီးမှာ သူ့ဆီကချက်ချင်း ကြားလိုက်ရတဲ့ ထူးခြားတဲ့စကားတွေ ကတော့ “ကျနော်တို့က သတင်းထောက်တွေကို ကြိုဆိုလျက်ပါ။ သတင်း ထောက် တွေ ရွာထဲကို လာစေ ချင်တယ်။ သတင်းထောက်တွေနဲ့ တွေ့ချင်တယ်၊ ပြောပြချင်ပါတယ်။ ကျနော်တို့ကို မေးပါ။ ကျနော် တို့အခက်အခဲတွေ ကို ပြောပြပါမယ်။” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။


ကိုမြစန်းရောက်နေတဲ့ နေရာကတော့ အီးတူထ ဆိုတဲ့ ပြည်တွင်း ဒုက္ခသည် စခန်းတခုမှာပါ။ အီးတူထစခန်းဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နယ်နမိတ်ကို ပိုင်းခြားထားတဲ့ သံလွင်မြစ်ရဲ့ မြစ်ကမ်းနှံဘေးမှာ တည်ရှိတဲ့ ရွာလေးတ ရွာ သို့မဟုတ် ဒုက္ခသည်စခန်းတခု ဖြစ်ပါတယ်။

နအဖထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ ဒေသခံရွာသား ၃၀၀၀၀ သောင်းကျော်ထဲက ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခ သည်စခန်းထဲကို ၀င်ရောက်အခြေမချလိုသော၊ ဒါမှမဟုတ် ၀င်ရောက်အခြေချခွင့်မရသော အိုးအိမ်မဲ့ပြည်တွင်း ဒုက္ခများအတွက် ၂၀၀၆ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အီးတူထစခန်းမှာ အိမ် ခြေ ၆၀၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်သွားပါပြီ။ အရင်က ဆိုရင် ဒီဒုက္ခသည်ရွာကလေးကို သတင်း ထောက် တယောက်စ နှစ်ယောက်စပဲ ရောက်ဖူးပါတယ်။

သတင်းနဲ့အတွေ့အကြုံမရှိပေမဲ့ သတင်းထောက်ကို လုံးဝမရှိန်တဲ့ ကိုမြစန်းဟာ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ ခံ စားချက်ပေါင်းများစွာကို သဘာဝကျကျ ရင်ဖွင့်ချင်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီဒုက္ခသည်စခန်းမှာ ရောက်ရှိလာတဲ့သူတွေအားလုံးဟာ ရင်နာစရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် ကြုံ တွေ့ရလို့ ဘ၀ပျက်ခဲ့ရတဲ့ သူတွေချည်းပါပဲ။ ကိုမြစန်း လိုပါပဲ ထောင်နဲ့ချီတဲ့ အီးတူထစခန်းက ရွာသူရွာသား တွေကလည်း တချိန်က ရင်ထဲမှာ ကြိတ်မှိတ်မြိုသိပ် ထားခဲ့ရတဲ့ ကိုယ်စီ ခံစားချက်တွေနဲ့ ပြည့်နှက်လို့ ရင်ဖွင့် ချင်ကြတဲ့သူချည်းပါပဲ။
တောင်ငူခရိုင်၊ ညာမူဒဲကျေးရွာမှ ကရင်အမျိုးသမီး တဦးဖြစ်တဲ့ နော်ဆာ လယ်ဝါး ကတော့ အတိတ်က ရင်နာစရာ အဖြစ်အပျက်တွေ ပြန်လည်စဉ်း စားမိတိုင်း ထွက်လာတဲ့ ဒေါသတွေဟာ ပေါက်ကွဲစရာမရှိလို့ ကလေးတွေ အပေါ်ပဲ ပုံချနေမိတယ်လို့ ပြောပါတယ်။ “အရင်က အဖြစ်အပျက်တွေ ပြန်စဉ်းစားရင် ထမင်းတောင်မစား ချင်ပါဘူး။ စားလို့လည်းမ၀င်ပါ ဘူး။ ကလေးတွေ ပြောစကား နားမထောင်ရင် ဒေါသထွက်လာ တယ်။ တခါတလေ ဒေါသ ထွက်လာရင် ကလေးကို ရိုက်သတ်ချင် တယ်။” လို့ ကရင်စကားနဲ့ ပြောပြသွားပါတယ်။

သူမ ခံစားနေရတာတွေဟာ တကယ်တော့လည်း ရူးသွပ်နိုင်လောက်ပါတယ်။ သူ့ခင်ပွန်းကို စစ်ဆင်ရေး အတော အတွင်းမှာ နအဖစစ်တပ်က ဖမ်းမိပြီး အညာအတာကင်းမဲ့ကာ လူမဆန်စွာ သတ်လိုက် တဲ့အတွက် ကလေး တွေနဲ့ ကျန်ရစ်ခဲ့တဲ့ မုဆိုးမ တယောက်ပါ။ ရက်ရက်စက်စက် အသတ်ခံရတဲ့ သူ့ခင်ပွန်းသည်၏ အဖြစ်ဆိုးကို ဆို့နင့်နာကြင်စွာ ခံစားနေရတဲ့အကြောင်းကို ပြောပြနေစဉ်မှာပဲ နင့်မွန်းတုန်ယင် တဲ့လေသံနဲ့အတူ မျည်ဝန်းထဲ က မျက်ရည်စက် လေးတွေ ပါးပြင်ပေါ် စတင်စီးဆင်းလာပါတော့တယ်။

ဟန်ဆောင်လို့မရမှန်းသိလိုက်တဲ့အတွက် မျက်ရည်တွေနဲ့အတူ သူမ ဆက်ပြီးရင်ဖွင့်ပါတယ်။ မောပန်း အားငယ် စွာနဲ့ သူက “ဒီကျမသမီးလေးဟာ သူ့အဖေကို ဗမာစစ်တပ်တွေသတ်တဲ့အချိန်မှာ အသက်တနှစ်ပဲ ရှိ သေးတယ်။ မိုးတွင်းမှာ ဆိုတော့ သွားရလာရ၊ သယ်ရပြုရတာ တအားခက်ခဲတယ်။ ကူမယ့်လူလည်း မရှိဘူးလေ။ ကလေးတဖက်နဲ့ ဆိုတော့ အခက်အခဲကတော့ အများကြီးပေါ့ရှင်။” လို့ ပြောပါတယ်။

နော်ဆာလယ်ဝါးဟာ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ရွာသားတယောက်ဖြစ်ပါတယ်။ သူ့ခင်ပွန်းကလည်း အရပ်သားတယောက်ဖြစ်ပြီး အီးတူထစခန်းမရောက်လာခင် တောတောင်ထဲ ပုန်းအောင်နေတဲ့အချိန်မှာပဲ အ သတ်ခံရတာ ဖြစ်ပါတယ်။

ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ သူ့ခင်ပွန်း ဘယ်လိုဆုံးပါးသွားသည့်အကြောင်းကို ပူလောင်ဆူပွက်တဲ့ ပါးပြင်ပေါ်က မျက်ရည်စက်နဲ့အတူ ဆို့နင့်ကွဲအက်တဲ့လေသံနဲ့ အခုလို ဆက်ပြောပြပါတယ်။

“သူ့ကိုသတ်တာက သူ့လက်ကို နောက်ကြောမှာကြိုးနဲ့ ချည်ထားတယ်။ နောက်ပြီး မျက်လုံးနှစ်လုံး စလုံးကို ဖေါက်ထုတ်တယ်။ ပြီးတော့ ဒီလိုပဲ တောထဲမှာ လွှတ်လိုက်တယ်။ ဒီလူတွေလုပ်တာက နည်း နည်းလေး မဟုတ်ဘူး။ သူ့ကိုအဲ့လိုလွှတ်လိုက်တော့ သူလည်းလမ်းမမြင်ဘာမမြင်နဲ့ တောထဲမှာ ထ မင်းမစားရ ဘာမစရားရ အဲ့လိုလျှောက်သွားရင်းနဲ့ သွေးလွန်ပြီးသေသွားတယ်လေ။”

သူ့ခင်ပွန်းဟာ တောင်ယာတဲက အပြန်လမ်းမှာ နအဖစစ်တပ်က ဖမ်းမိတာပါ။ သူ့ခင်ပွန်း အဖမ်းခံရတဲ့ အချိန် တုန်းကတော့ သူမကိုယ်တိုင်မသိပါဘူး။ တောင်ယာက ပြန်လာမယ့် ခင်ပွန်းသည်ကို မျှော်လင့်ချက် ကြီးစွာနဲ့ သူမဟာ အိမ်ကနေ စောင့်မျှော်နေခဲ့မိတယ်။ ဒါပေမယ့် တပတ်လောက်အကြာမှာ မမျှော်လင့် ထားတဲ့ သတင်း ဆိုးက သူမရဲ့နားတစုံမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ အဲ့ဒါကတော့ နအဖစစ်သားက သူ့ခင်ပွန်း ကို ဖမ်းမိလို့ပါပဲ။ အဲ့ဒီအချိန်မှာ သူမဟာ အလူးအလဲ ပေါ့။

ဖြစ်ပျက်သမျှကို သင်္ခါရတရားလို့ ပြောနိုင်ပေမယ့် မနစ်လိုဖွယ်ရာ ဘ၀ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆက်လက် နစ် မွန်း ရှင်သန်နေရတဲ့ နေ့ရက်များရဲ့ နေ၀င်ချိန်ဟာ သူမအတွက် ကြာရှည်လွန်းပါတော့တယ်တဲ့။

တကယ်တော့ ၂၀၀၆ ခုနှစ်အစောပိုင်းက တောင်ငူနဲ့ ညောင်လေးပင်ခရိုင်မှာ စတင်ခဲ့တဲ့ နအဖရဲ့ထိုးစစ်ကြောင့် ထွက်ပြေးလာကြတဲ့ ရွာသူရွာသားတိုင်းဟာ အမျိုးမျိုးသော ဒုက္ခတွေကိုယ်စီနဲ့ပါ။ စစ်ဆင်ရေးအတွင်းမှာ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု ဆုံးရှုံးသွားတဲ့သူ၊ အတင်းအဓမ္မပြုကျင့်ခံခဲ့ရတဲ့သူ၊ မတရားအသတ်ခံရလို့ ဘ၀အဆုံးသတ် ခဲ့ရသူ၊ မြေမြုပ်မိုင်း နင်းမိလို့ ဒုက္ခိတ ဘ၀ရောက်ခဲ့ရသူ၊ ခင်ပွန်းသည် အသတ်ခံရလို့ မုဆိုးမဘ၀ ရောက်ရတဲ့သူတွေ အီးတူထ စခန်းမှာ ဒုနဲ့ဒေးပါ။
၂၀၀၆ ခုနှစ် အစောပိုင်းကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ကာလမှာ မြန်မာစစ်တပ် များဟာ တောင်ငူခရိုင်မှာ ရွာပေါင်း ၅၄ ရွာ၊ ညောင်လေးပင်ခရိုင်အတွင်းမှာ ရွာပေါင်း ၁၀၀ နဲ့ ဖာပွန်ခရိုင်က ရွာပေါင်း ၁၀ ရွာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ နအဖစစ်တပ်များက ရွာပေါင်း ၂၈၀၀ ရွာကို ဖျက်ဆီးခဲ့တဲ့အတွက် နအဖ စစ်အစိုးရဟာ ကမ္ဘာပေါ်တွင် အဆိုးဆုံး အစိုးရအဖြစ် အသိမှတ်ပြုခံရကြောင်း ၂၀၀၆ ခုနှစ် မေလ ၃ ရက် နေ့ထုတ် ကရင်အမျိုးသမီးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေညာမှာ ဖေါ်ပြ ထားပါတယ်။

အသက် ၆၀ ကျော် အရွယ်ရှိတဲ့ ဆံပင်ဖြူဖြူ၊ ခပ်ပိန်ပိန် အမျိုးသမီးကြီးတယောက်ဖြစ်တဲ့ နော်ဆာဖေါ ကလည်း ဆာလယ်ဝါး လိုပဲ ဘ၀တူတယောက်ပါ။ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို သူမ အတွက်တော့ မနေ့ကလိုပါပဲတဲ့။

နော်ဆာဖေါ ညည်းတွားပြောပြသွားတာက “ရွာကိုသတိရတယ်။ အေးအေးဆေးဆေး တောင်ယာလုပ်စား တာ ပျော်တယ်။ နအဖစစ်သားမလာရင် နေလို့ပျော်တယ်။ နအဖစစ်သားတွေ လာပြီးမီးရှို့ရင် နေလို့ မပျော် တော့ဘူး။ ထွက်ပြေးရတယ်။”

မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်စူးပြီး တခြားနေရာကို ခရီးထွက်သွားတဲ့ သူမရဲ့ခင်ပွန်းဟာ မမျှော် လင့်ဘဲ နအဖစစ်တပ်က ဖမ်းမိလို့ အသတ်ခံရတာပါ။

သူမယောက်ျား အသတ်ခံရတဲ့အကြောင်းကို သူက “ဆီဖိုး၊ ဆားဖိုး၊ ငါးပိဖိုး သွားရှာမယ်လို့ ပြောထား ပြီးတော့ ခရီးထွက်တာပေါ့။ အကြာကြီးပဲ၊ ကျမတို့ဆီလည်း ပြန်မရောက်လာဘူး။ ကျမက မျှော်နေ တာပေါ့။ ဒါပေမယ့် ပြန်မလာဘူး။ နောက်တော့ သူ့ကို နအဖက ဖမ်းမိလို့ ပြန်ကြားရတယ်။ သူ့ကို ဖမ်းတာက ဟို့း့  တခြားရွာတရွာက ဖမ်းမိတာ။ အဲ့ဒီနားက ရွာသားတွေလည်း သူ့ကို မထောက်ခံ ရဲဘူးလေ။ နအဖစစ်သားက သူ့ကို သေနတ်ရှိတယ် လို့ပြောပြီးတော့ သူ့ကိုဖမ်းပြီးသတ် လိုက်တယ် ။” လို့ ပြောပြပါတယ်။

အမှန်တကယ်တော့ သူ့ခင်ပွန်းဟာ ကေအဲန်ယူစစ်သားမဟုတ်ဘဲ ရိုးရိုးအရပ်သား တယောက်ပါ။

နော်ဆာဖေါဟာ အိမ်ထောင်ကျပြီးသား သူမရဲ့သမီးတယောက်နဲ့အတူ ထွက်ပြေးလာပြီး သူ့မှာ အရွယ်ရောက် ပြီးသား သားသမီး ၃ ယောက် ကျန်ခဲ့ပါတယ်။ တောတောင်ထဲမှာ ပုန်းအောင်နေရတဲ့ ရွာက ကျန်ခဲ့တဲ့ သားသမီး ၃ ယောက်ကို ပြန်လည်သတိရတိုင်း သူမ တယောက်တည်း စကားတွေ ပြောပြောနေတတ်တယ်လို့ သူ့အိမ်နီး ချင်း တွေက ပြောပါတယ်။

ထွက်ပြေးလာစဉ်က တောတောင်ထဲပုန်းအောင်းနေရတဲ့အတွက် ထမင်းမစားရဘဲ ၀ါးမြှစ်၊ အသီးအရွက်နဲ့ သစ်ဥ များ စားရတဲ့နေ့တွေလည်းရှိသလို တခါတလေဆိုလည်း ဘာမှ မစားရဘဲ အစာငတ်ခံနေရပါတယ်တဲ့။

နအဖစစ်သား ဖမ်းမိလို့ အသတ်ခံရမှာကို ကြောက်ပြီး နေ့မရှောင် ညမရှောင်ဘဲ လျောက်လှမ်းခဲ့ရတဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ခရီးစဉ်ကို သူက ဆက်ပြီး ညည်းညူသွားပါတယ်။

“ကျမတို့ လမ်းမှာ ထွက်ပြေးလာတာ တလောက်ကြာတယ်။ နအဖစစ်သားတွေ ကျမတို့ကို လိုက် တယ်။ ညဘက်လည်း သွားရတာပဲ။ ထွက်ပြေးလာတုန်းကဆိုရင် ညဘက်မှာပဲ လမ်းဖြတ်ကူးရတယ်၊ ဘာမှမမြင်ရဘူး။ အသက်က လည်းကြီးပြီးဆိုတော့ အာ့း့  တအား ပင်ပန်းတယ်။”

စစ်ဆင်ရေးကာလအတွင်း နအဖစစ်တပ်များသည်၊ ရွာကိုမီးရှို့ဖျက်ဆီးခြင်း၊ ရွာအနီးတွင် မြေမြုပ်မိုင်းများ ထောင် ထားခြင်း၊ ရွာသားများကို မတရားသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ရွာသားပိုင်ပစ္စည်းများကို သိမ်းယူ ခြင်းနဲ့ တောထဲမှာ ရွာသားတွေ သိုဝှက်ထားတဲ့ ရိက္ခာများကိုတွေ့လျှင် မီးရှို့ဖျက်ဆီးပစ်တယ်လို့ ထွက်ပြေးလာ တဲ့ ရွာသားတွေက ပြောပြကြပါတယ်။

၂၀၀၆ ခုနှစ်အစောပိုင်းမှ စတင်ခဲ့တဲ့ တောင်ငူ၊ ညောင်လေးပင်ခရိုင်အတွင်း နအဖ၏ စစ်ဆင်ရေးဟာ ယခုနှစ် အ စောပိုင်းတွင် အနည်းငယ်လျှော့ကျခဲ့ပြီး ယခုနှစ် ဧပြီလမှာ ညောင်လေးပင်နဲ့ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေး ပြန် လည်ပြုလုပ်လာတဲ့အကြောင်းကို ကရင်ပြည်နယ် အိုးအိမ့်မဲ့ဒုက္ခသည်များ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ (Committee for Internally Displaced Karen People) အဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ထိုးစစ်ရေးလုပ်လာ တဲ့အတွက် ဒေသခံရွာပေါင်း ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၄၀၀၀ ကျော်က တောတောင်ထဲကို ထွက်ပြေး ပုန်းရှောင်လျက်ရှိပါတယ်။

နအဖက အရပ်သားတွေအပေါ် ထိုးစစ်ဆင်တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း က “တွေ့တဲ့ရွာမှန်သမျှ အကုန်လုံး လက်နက်ကြီးတွေနဲ့ ပစ်ချ၊ ထွက်ပြေးတယ်ဆိုရင် သူတို့ ဖျက်ဆီးတယ်။ သူတို့က (Genocide) လုပ်တာပဲ။ ရွာသားတွေက လုံးဝ အသက်ရှင်ရပ်တည်လို့ မရတော့အောင် ပန်းကန်တွေ ထိုးဖေါက်တယ်၊ ထမင်းအိုးတွေ ထိုး ဖေါက်တယ်၊ စပါးကျီတွေ မီးရှို့တယ်၊ တောင်ယာတွေ မီးရှို့လိုက်တယ်၊ ဘာမှလုပ်စားလို့ မရတော့ ဘူး။ အဲ့လိုဆိုတော့ ဒါက လူတွေအကုန်လုံးမျိုးတုံးသွားအောင် သူက လုပ်တယ်။” လို့ ပြောပါတယ်။

ညောင်လေးပင်ခရိုင်မှာ လက်ရှိထိုးစစ်ဆင်လှုပ်ရှားနေတဲ့ နအဖတပ်တွေကတော့ တပ်မ ၁၁ လက်အောက်ခံ ခမ ရ ၂၁၆၊ ၂၁၅၊ ၂၁၈၊ ၂၂၀ စတဲ့ တပ်ရင်းတွေဖြစ်ကြပြီး ဖာပွန်ခရိုင်အတွင်းမှာတော့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၁၀၃၊ ၃၀၁၊ ၄၁၆၊ ခလရ ၁၃ နဲ့ စကခ ၁ လက်အောက်ခံတပ်ရင်းများ ဖြစ်ကြ ပါတယ်လို့ (CIDKP) မှ တာဝန်ရှိ အဖွဲ့ခေါင်းဆောင်တဦး က ပြောပါတယ်။

၂၀၀၆ ခုနှစ်အစောပိုင်းက စတင်ခဲ့တဲ့ နအဖထိုးစစ်ကြောင့် တောင်ငူ၊ ညောင်လေးပင်နဲ့ ဖာပွန်ခရိုင်မှ ထွက်ပြေး ပုန်းရှောင်နေရတဲ့ ဒေသခံဦးရေ ၃၀၀၀၀ ကျော်ရှိပြီး ၁၆၀၀၀ ကျော်မှာ ယခုအခါ တောတောင်ထဲကို အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည်အဖြစ်နဲ့ ပုန်းအောင်းလျက်ရှိတယ်လို့ ကရင်ပြည်အတွင်း လူမှုကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ် တဲ့ (Free Burma Rangers) အဖွဲ့ က ခန့်မှန်းပါတယ်။

၁၉၇၄ ခုနှစ်ကတည်းက နအဖဟာ ကရင်လူထုတွေအပေါ် တောက်လျှောက်ထိုးစစ်ဆင်လာခဲ့ပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတော အတွင်းတွင် အနည်းငယ်လျှော့ချခဲ့ပြီးနောက် သိပ်မကြာခင်မှာ ထပ်ပြီး စစ်ဆင်ရေးကြီးတွေ ပြုလုပ်လာခဲ့ကာ ၂၀၀၄ ခုနှစ်အတွင်း နအဖနဲ့ ကေအဲန်ယူအကြား နှုတ်ဂတိအရ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်တွင်တကြိမ် အနည်းငယ်လျှော့ချခဲ့ပြီး ၁၉၉၆ ခုနှစ် အစောပိုင်းကစပြီး ယခုထိ သက်ဆိုင် ရာဒေသထဲကို ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း က ပြောပါ တယ်။

ဒေသခံပြည်သူလူထုတွေ ပြည်တွင်းစစ်ကို ၁၉၇၄ ခုနှစ်ကစပြီး နှစ်ပေါင်းများစွာ ခံစားလာရပေမယ့် သူတို့ တ တွေရဲ့ ဘ၀တွေဟာ ယခုချိန်ထိ မအေးချမ်းနိုင်သေးပါဘူး။

ဒီလို ဒုက္ခတွေမျိုးစုံ ကြုံခဲ့ရတဲ့ တောင်ငူခရိုင် တင်နထာကျေးရွာက ကိုမြစန်းက သူ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို အခု လို ပြောပြခဲ့ပါတယ်။ “ကမ္ဘာကို ပြောချင်တာကတော့ ကျနော်တို့ပြည်သူတွေ အေးချမ်းမှုကိုပဲ လိုချင် တယ်လေ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေ။ လူ့အခွင့်အရေးဆိုတာလည်း ကျနော်တို့ စာစောင်ထဲမှာလည်း နည်းနည်းပါးပါး ဖတ်ဖူးတယ်၊ ရေဒီယိုထဲမှာလည်း နားထောင်ဖူးတယ်။ လူ့ အခွင့်ရေး ဆိုတာကတော့ ကျနော်တို့ ပြည်သူလူထုနဲ့ အထိုက်တန်ဆုံး စကားလုံးတလုံးနဲ့ အထိုက် တန်ဆုံးရဲ့ အခွင့်အရေးတခုကိုး။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုက အေးချမ်းတဲ့အရိပ် အောက်မှာ နေချင်တယ်။ အေးချမ်းတဲ့အရိပ် ရှိအောင်၊ အေးချမ်း သာယာအောင် ကမ္ဘာက စစ်အာ ဏာရှင်ကျသွားအောင် ကမ္ဘာက တိုက်တွန်းပေးပါ၊ လုပ်ပေးပါ အမြန်ဆုံး နည်းနဲ့ လုပ်ပေးပါလို့ ကမ္ဘာ သိအောင် ကျနော်တို့ ပြောချင်ပါတယ်။”

No comments: