Wednesday, July 30, 2008

အာဏာပိုင်တို့၏လာဘ်စားမှုကြောင့် တရားဝင်ပိတ်ထားသောဂိတ်မှ ထိုင်းဘက်သို့ တရားမဝင် သစ်ကားများ ဝင်ရောက်နေဆဲ

Kaowao: ဇူလိုင် ၊၃၀၊၂၀၀၈

ဘုရားသုံးဆူ။ ။ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို နေပြည်တော်၏အမိန့်ဖြင့် ပိတ်ထားသော်လည်း မြို့ပေါ် အာဏာပိုင်တို့က ၎င်းတို့နှင့်နီးစပ်သူများနှင့်လာဘ်ပေးနိုင်သောစီးပွားရေးသမားများကို ထိုင်းနိုင်ငံဘက်သို့ သစ်တင်သွင်း ခွင့် ပေးထားဆဲဖြစ်ပြီး ယင်းပိတ်ထားသောဂိတ်မှသာ ဖြတ်သန်းသွားနေဆဲ ဖြစ်ကြောင်း မြို့ပေါ်စီးပွားရေးသမားအသိုင်း အဝိုင်းမှ သိရသည်။

ယခု တစ်လအတွင်း ဂိတ်လမ်းကြောင်းမှ ထိုင်းဘက်သို့ သစ်ကား အစီးရေ ၆၀ နီးပါး ဖြတ်သန်းခဲ့ကြောင်း စီးပွားရေးသမား များက ပြောကြားသည်။ ယင်းသစ်ကားများကို ခလရ ၃၄ တပ်ရင်းမှူး ဒု ဗိုလ်မှုးကြီး အေးကိုကို၏အမိန့်ဖြင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သစ်ကားအစီးရေ ၃၇ စီး၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပါကေးများ တင်ဆောင်ထားသော ကားအစီးရေ ၁၈ စီးအား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း မျက်မြင်သက်သေများ၏အဆိုအရ သိရသည်။

"ဆယ်ဘီးကား တစ်စီးကို ဘတ်ငွေ ၇ သောင်း ပေးရတယ်။ ကားအသေးတွေကျတော့ ၃ သောင်း ယူတယ်။ ခလရ ၃၄ တပ်ရင်းက ဒု ဗိုလ်မှုးကြီး အေးကိုကို က ဒီကားတွေကို ဖြတ်ခွင့်ပေးတာ" ဖြစ်ကြောင် ဘုရားသုံးဆူမြို့ပေါ် အာဏာပိုင် နှင့်နီးစပ်သူ အမည်မဖော်လိုသူ စီးပွားရေးသမားတစ်ဦးက Kaowao သို့ ပြောကြားသည်။ ၎င်း၏အဆိုအရ မေလကုန်ပိုင်း တွင် တာဝန်ထမ်းဆောင်ရန် ဘုရားသုံးဆူနယ်စပ်သို့ ရောက်လာသော ဒု ဗိုလ်မှူးကြီး အေးကိုကိုနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့အကြား ယင်းသစ်တင်ပို့ခြင်းနှင့်ဝေစုခွဲတမ်း မမျှတခြင်းကြောင့် ပြေလည်မှုများ မရှိကြောင်း သိရသည်။

၁၇ လ ကျော် ပိတ်ထားဆဲဖြစ်သော ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံနှင့်ဖက်စပ်ကုန်သွယ်မှု ပြုလုပ်နေသော ခဲမဖြူ တင်ပို့ကားများသာ သီးသန့်ဖြတ်သန်းခွင့်ပြုထားသော်လည်း အာဏာပိုင်တို့က တရားမဝင် သစ်ကားများကို ကြားညှပ် ဖြတ်သန်းစေပြီး ထိုလမ်းကြောင်းမှ တစ်လလျှင် ပါကေးကားငယ်များနှင့်သစ်ကားကြီး အစီးပေါင်း ၅၀ ကျော် တရားမဝင် ဖြတ်သန်းနေသည်။

လွန်ခဲ့သော မေလနှောင်းပိုင်းမှစ၍ ဖြတ်သန်းခဲ့သောကားများမှာ သစ်ကားကြီးများနှင့်ပါကေးကားများသာ ဖြစ်ပြီး များသော အားဖြင့် နံနက်ပိုင်းတွင် နာရီဝက်အကြာ ဖြတ်သန်းခွင့်ပြုသည်။ သို့သော် အခြား ဟင်းသီးဟင်းရွက်ကားများနှင့် ကုန်ပစ္စည်း တင်ပို့ကားများကိုမူ မြန်မာအာဏာပိုင်တို့က ယင်းဂိတ်ကြီးမှ ဖြတ်သန်းခွင့် မပြု၍ အခြားတရားမဝင် ဖွင့်လှစ်ထားသော ဂိတ်များမှ ဖြတ်သန်းသွားလာကြရသည်။ တရားမဝင်ဂိတ်များကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ငြိမ်းချမ်းရေးအဖွဲ့တို့က သီးသန့်စီ ဖွင့်လှစ်ထားကြသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၈ ခုနှစ် လဆန်းပိုင်း တစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများသို့ တရားမဝင် ခိုးထုတ် ရန် အစီးရေ ၈၀ မှ သစ်တန်ချိန်ပေါင်း ၈၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ ၁၄ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်က ပြောကြား ခဲ့သည်။

Source

No comments: