Monday, December 8, 2008

အဖေ့အိမ်ကို လွမ်းမိပါတယ်

ကယားမော်
လောကမှာ အဖေရယ်လို့ မရှိပါပဲ မွေးလာမယ့်သူ ရှိမယ်မထင်၊ ဒါပေမဲ့ အဖေကို အဖေရယ်လို့ မသတ်မှတ်သူ၊ အဖေဖြစ်သူကလည်း ကိုယ့်သားသမီးကို ငါ့သားသမီးပါလား ဆိုပြီး ချစ်ခင်ကြင်နာမှု၊ နွေးထွေးလုံခြုံမှု ပေးနိုင်စွမ်းမရှိပဲ ဥပေက္ခာပြုနိုင်တဲ့ အဖေမျိုးရှိ ကောင်းရှိလိမ့်မယ်။ (ကျမအထင်)

ဒါပေမယ့်လဲ အဖေဟာ အဖေပါပဲ။ သားသမီးဟာလဲ သားသမီးပါပဲ။ သွေးကတော့ ဘယ်တော့မှ သစ္စာဖောက်မသွားဘူးလို့ အဖေများစွာနဲ့ သားသမီးတွေကြားထဲမှာ မတူညီတဲ့ သဘောထားတွေ မေတ္တာသက်ရောက်မှုတွေဟာ တယောက်နဲ့တယောက် ကွဲပြားမှုတွေ အနည်းငယ် ရှိကောင်းရှိနိုင်တယ် ဆိုတာကိုတော့ ယုံမှားသံသယပွားဖွယ်ရာမရှိပေ။ ဘယ်လိုအကြာင်းပဲ ဖြစ်နေပါစေ၊ ကျမအတွက်ကတော့ အဖေဟာ ကျမအတွက်ကတော့ ရသမျိုးစုံ၊ မေတ္တာမျိုးစုံ၊ ပေးနိုင်စွမ်းတဲ့ တစ်ဦးတည်းသော ယောင်္ကျားလူသားတယောက်ပါ။ကျမအဖေဟာ အနုပညာသည်တွေ သရုပ်ဆောင်ထားတဲ့ ဖခင်ရဲ့အချစ်ကို တေးကဗျာ တွေဖွဲ့ပြီး သားသမီးတွေနဲ့ မေတ္တာမပြတတ်ပေမဲ့ အဖေ့ရဲ့မျက်ဝန်းအစုံဟာ ကျမအပေါ် ဘယ်လောက်ထိ နွေးထွေးမှု၊ လုံခြုံမှု ပေးနိုင်သလဲဆိုတာကိုတော့ ကျမသာလျှင် အသိဆုံးပါ၊ သားသမီးတွေဟာ ဘယ်လောက်အသက်တွေကြီးသွားနေပါစေ၊ မိဘမျက်စိရှေ့မှာတော့ သူတို့အတွက်ကလေးတွေလိုပါပဲ၊ ချစ်ခင်မှုအရာ လုံးဝလျော့ပါးမသွားတာကို ကျမကိုယ်တွေ့ ခံစားခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက ဗိုက်အောင့်ဗိုက်နာလေ့ရှိတဲ့ ကျမဟာ တတိယမြောက်ကလေး မွေးဖွားပြီးချိန်မှာ ဗိုက်နာတဲ့ရောဂါ (ငယ်ငယ်ကစပြီး အဲဒီအချိန်ထိ) အပြင်းထန်ဆုံးပါပဲ။ အဲဒီအချိန်မှာ ကျမအလူးအလဲခံစားခဲ့ရပါတယ်။ အဖေဟာ ထိုင်မရ၊ထမရနဲ့ ကျမကို စိတ်ပူနေတာ ကျမမျက်မှောက်တင် အထင်းသားတွေ့ခဲ့ရပါတယ်။ ဗိုက်နာတဲ့ ရောဂါက တညလုံးအိပ်ရတာ အလွန်ဆုံး (၁၀) မိနစ်ပေါ့။ အဲဒီ (၁၀) မိနစ်ပြီးတိုင်း အော်ဟစ်ငိုကြွေးခဲ့ရ တယ်၊ ဒါကို အဖေဟာ စိတ်ပူပြီး ကျမအဖေဟာ သူ့နှုတ်က တတွတ်တွတ်ရွတ်ဆိုလိုက်၊ ဆေးတိုက်လိုက်နဲ့ ပက်လက်ကုလာထိုင်လေးပေါ်မှာ မိုးလင်းပေါက်သွားတာကို ကျမခုထိ မြင်ယောင်နေရဆဲပါ။

အဖေ့ရဲ့ မေတ္တာတွေကို ပြန်မြင်ယောင်တိုင်း မျက်ဝန်းအစုံဟာ မျက်ရည်မိုးတွေ စွေ ခဲ့ရပါတယ်။

အဖေ့ရဲ့ နှုတ်က သူ့သားသမီးတွေ အားလုံးတွေထဲမှာ ဘယ်သူ့ကို အချစ်ဆုံးပါလို့ ဖွင့်ပြောလိုက်တဲ့အချိန် အဲဒီသမီးဟာ ကျမ မဟုတ်ဘူးဆိုတာကို သိခွင့်ရလိုက်ပေမဲ့ ကျမ အပေါ်မှာ ထားတဲ့ အဖေ့ရဲ့ ချစ်ခြင်းမေတ္တာဟာ သူ့သားသမီးတွေ အားလုံးတွေထက် မလျော့ဘူး ဆိုတာကို ကျမယုံကြည်တယ်၊ ဘာကြောင့်လဲဆိုရင် ကျမဟာ အဖေ့သွေးက ဖြစ်တည်လာတဲ့ အဖေ့သမီးအရင်းဖြစ်နေလို့ပါပဲ၊

“တောင်းစုတ် ပလုတ်စုတ်သာ ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူး” ဆိုတဲ့ စကားပုံလိုပဲ အဖေဟာ သူ့သားသမီးတွေ အားလုံးတွေထဲက အဆိုးဆုံးလောက်ကျတဲ့ ကျမကို ပစ်မသွားခဲ့ပါဘူး။

ဆယ်တန်းအောင်ရင် ဆိုင်ကယ်ဝယ်ပေးမယ်လို့ ပြောခဲ့တဲ့ အဖေဟာ ကျမကို “ဆင်စီး ပြီး မြင်ရတာကို မြင်ချင်ခဲ့ပေမဲ့ ကျမဟာ မိုက်တွင်းနက်ထဲ ဆင်းခဲ့သလို ဆယ်တန်းကို အောင်အောင်မဖြေနိုင်ခဲ့ပါဘူး၊ အဖေ့အတွက် ကြေကွဲမှု အဖြစ်ဆုံးအဖြစ်အပျက် တစ်ခုက တော့ သူလုံးဝသဘောမတူတဲ့လူ (နှစ်ဦးနှစ်ဖက် ခါးခါးသီးသီး) ငြင်းဆန်ခဲ့သူကိုမှ ကျမက ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့လို့ပါပဲ၊ ဒီကိစ္စဟာ သာမန်လူတွေလိုပဲ သဘော မတူရင်လဲ ခဏပေါ့။ ပြီးရင်ပြန်ခေါ်လိမ့်မယ့်လို့ ထင်ခဲ့မိပါတယ်။ ကံကြံမ္မာကတော့ အဲဒီလို ဖြစ်အောင် မဖန်တီးခဲ့ပါဘူး၊ ကျမအဖေဟာ ကျမအတွက်ကြောင့် မျက်ရည်မြေခခဲ့ရပါတယ်၊ ဒါတွေတင်မကပဲ အဖေ့အတွက် အသက်အန္တာရာယ်ဖြစ်စေနိုင်မယ်မှန်း ကျမမသိခဲ့လို့ အမှန်ပါ။

မျိုးချစ်ရဲဘော်တစ်ဦးဖြစ်ခဲ့တဲ့ ကျမရဲ့ ခင်ပွန်းလောင်းဟာ အပစ်ခတ်ရပ်စဲယူထားနေတဲ့ အချိန်မှာ သာမန်ပြည်သူတွေ တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် နေထိုင်တော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်မှာ ကျမတို့နှစ်ယောက် လက်ထပ်ဖို့ ဆွေးနွေးပြီးခဲ့ကြတဲ့ည၊ ညသန်းကောင် ကျော်မှာပဲ အချင်းချင်းထဲက သစ္စာဖောက်လို့ နအဖလက်ထဲကို အပ်လိုက်တယ်။

အဲဒီအကြောင်းတွေကို (၂) ရက်အကြာ ကျမအမပြောပြမှ သိခဲ့ရပါတယ် အဲဒီအချိန်မှာ ကျမဟာ ကိုယ်ဝန် (၁) လရှိနေပါပြီ။

ကျမဘာလုပ်ရမလဲ ကျမဦးနှောက်တစ်ခုလုံး ချာချာလည်သွားခဲ့ပါတယ်။ ကျမရဲ့ ဦးနှောက်ဟာ ပူထူပြီး ဘာဆက်လုပ်ရမှန်း မသိတော့လောက်အောင် ပူလောင်ခဲ့ပါတယ်၊ တကယ်လို့ တခုခုဖြစ်သွားခဲ့ရင် မွေးလာမယ့် ကလေးအတွက်အနာဂတ်၊ ပြီးတော့ခေါ်စရာအဖေ ကျမဆက်မတွေးရဲလောက်အောင်ပါပဲ။ ဒီလိုနဲ့ နှစ်ဖက်သော မိဘတွေ သိသွားချိန်မှာ အစကနဦးကတည်းက သဘောထားအတိုင်း စွန့်ကြမှာ ကြောက်တဲ့အတွက် သူတို့ မစွန့်ခင် ကျမဟာ အ၀တ်အထည် အနည်းအကျဉ်းကို ယူပြီး မိဘအိမ်ကနေ ဆင်းလာ ခဲ့ရပါတယ်။

ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားပါဘူး၊ ကျမအဖေကို သူပုန်ယောက္ခမဆိုပြီးတော့ အကြိမ်ကြိမ်လာရောက်ဖမ်းဆီးပြီး ခြိမ်ခြောက်ကြိမ်းမောင်းတာတွေ လုပ်ခဲ့တယ်။ ဒီအချိန်မှာ ကျမအဖေရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ ကြောက်ရွံ့တုန်လှုပ်နေမယ်ဆိုတာ ကျမမတွေးရဲ လောက်အောင်ပါပဲ။

ဒီအချိန်မှာ ကျမအဖေဟာ ငါ့သမီးငါ့ကို သေတွင်းပို့လိုက်ပြီလို့ ပြောတာကို ကြားလိုက်ရတော့ ကျမရဲ့ နှလုံးသားကို အက်ဆစ်မီးနဲ့ အပက်ခံရသလို အဖတ်ဆယ်လို့ မရတော့တဲ့ စိတ်ဓါတ်ကျမှု အကြီးအကျယ်ဖြစ်ခဲ့ရပါတယ်၊ ဒါတင်မကဘဲ ကျမအဖေကို ကျမတကယ်သတ်ရာ ကျနေပြီလားလို့ တွေးမိတဲ့အခါ ကျမရဲ့ အသိစိတ်ဟာ ရက်ပေါင်းများစွာ အသိစိတ်ကင်းမဲ့သွားခဲ့ရပြီး ငရဲမင်းကြီးကို ရုတ်တရက်တွေ့လိုက်ရသလို အကြီးအကျယ် ဆုံးသော ကြောက်ရွံ့တုန်လှုပ်မှုတွေ ဖြစ်ခဲ့တယ်။

လောကမှာ သေမထူးနေမထူးဆိုတဲ့ စိတ်ဓါတ်နဲ့ အာဏာရှင်တွေဆီ သွားပြီး ကျမ ယောင်္ကျားကို တွေ့ခွင့်ပေးပါလို့ တိုးလျှိုးတောင်းပန်ခဲ့ပါတယ်၊ ဒါကို သူတို့က “နင့်ယောင်္ကျားကို ငါတို့ဖမ်းတယ်လို့ ဘယ်သူပြောသလဲ ဘာသက်သေအထောက်အထားနဲ့ ပြမှာလဲလို့” မေးတဲ့အခါ ကျမရင်ထဲက စိတ်အားငယ်မှုဟာ ရုတ်ချည်းဒေါသအသွင် ကူးပြောင်းသွား ခဲ့ပါတယ်၊ လက်ညှိးငေါက်ငေါက်ထိုးပြီး နင်တို့မှမဖမ်းရင် ဘယ်သူဖမ်းမှာလဲ အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါမျိုးပေါ့လို့ ရင်ထဲက ကြိုတင်မစဉ်းစားထားတဲ့ စကားလုံးတွေဟာ နှုတ်ဖျားကနေ အပြင်းစားအက်ဆစ်လို ပေါက်ကွဲထွက်ခဲ့တယ်၊ အရာရှိလို့ သူ့ကိုယ်သူဘ၀င်မြင့် နေတဲ့သူက ယောင်္ကျားမှ မရှားပါဘူး သူသေရင် ထပ်ရှာပေါ့လို့ ကျမကို ခနဲ့စော်ကားသွား သေးတယ်၊ ကျမကလဲ ဒေါသဖြစ်ဖြစ်နဲ့ အေးကောင်းပြီ၊ ငါ့ယောင်္ကျား သေပြီကြားရတဲ့နေ့တော့ ငါဟာ ခုနမင်းပြောတဲ့စကားအတိုင်း လုပ်ယုံပဲလို့ စိတ်ပေါက်ပေါက် နဲ့ ပြန်ပြောခဲ့မိတယ်။

ဒီလိုနဲ့ မွေးရက်စေ့ခါနီးနဲ့ မီးဖွားချိန်မှာ ကျမယောင်္ကျားကို သိပ်တမ်းတခဲ့တယ်။ ဒါပေမဲ့ မမြင်ရသေးတဲ့ ရင်သွေးအတွက် အားမာန်တင်းခဲ့ရတယ် ဒီိချိန်မှာ သူ့ကို တမ်းတမိတာတော့ အမှန်ပဲပေါ့။ ဒါပေမဲ့ ကျမရဲ့တမ်းတမှုဟာ လေကို ဖမ်းဆုပ်သလို အရာမရောက်ဘူးဆိုတာ ကျမသိနင့်နေပြီးသားပဲဟာ။

ဒီလိုနဲ့ပဲ ကျမကလဲ ဒီတနေ့အဖို့တော့ နေ၀င်သွားခဲ့ပြီ မနက်ဖြန်အသစ်ပြန်ထွက်လာမဲ့ နေရောင်လို အားအင်မျိုးနဲ့ အားအင်သစ်မွေး စိတ်သစ်ကိုယ်သစ်နဲ့ မိဘကို ၀န်ချတောင်းပန် ပြီးရင် ဒီတသက်လုံး ဒီသမီးနဲ့ပဲ အသက်တာကို လျှောက်လှမ်းမယ်လို့ ပြင်ဆင်ပြီး မိဘအိမ်ကို (ဆင်းသွားတုန်းကတစ်ယောက်၊ ပြန်တက်လာတော့နှစ်ယောက်) ပြန်ခိုခဲ့တယ်။ဒီချိန်မှာ အဖေဟာ ကျမကြောင့် သူခံစားခဲ့ရတာတွေ စိတ်နာခဲ့ရတာတွေ ကင်းစင်ပြီး ကျမကို ပြန်လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ အဖေ့အိမ်မှာ ရောက်လို့မှမကြာ သမီးအဖေပြန်လာပြီ ဆိုတဲ့ သတင်းကြားတော့ ကျမဟာ အိမ်မက်ဆိုးကနေ လန့်နိုးဘူးလို့ ပြူးတူးကြောင်တောင်နဲ့ ကိုယ်နားကို ကိုယ်မယုံနိုင်ခဲ့ဘူး။

ဒီလိုပဲ အတိုချုံးပြီး ပြောရမယ်ဆိုရင် အတူပြန်နေထိုင်ကြတာ (၅) နှစ်ကျော်အထိပါပဲ။ မိဘရိပ်မှာ ဒီငါးနှစ်ထဲမှာလဲ လွတ်လပ်စွာ ရှာဖွေစားသောက်ရတာ နေထိုင်ရတာ မရှိတဲ့ အပြင် သံသယမျက်လုံးတွေ သံသယမေးခွန်းကို မကြာခဏဆို ရင်ဆိုင်ရတဲ့အတွက် မထူးပါဘူး ဆိုပြီး ဒီဒုက္ခသည်ကို ရောက်ရှိလာခဲ့ခြင်းပါပဲ၊ခုတော့မိုက်တွင်းနက်တဲ့ သမီးကို နွေးထွေးတဲ့ မေတ္တာနဲ့ မေတ္တာခိုလှုံခွင့်ပြန်ပေးခဲ့ရင် ဖခင်ကို ခြေစုံကန်ပြီး ထွက်လာခဲ့ရသလို ဖြစ်နေပြီလား ဘယ်လောက်ပဲဝေးနေပါစေ အဖေရဲ့ အဖေမေတ္တာ ကျမအပေါ် မပျက်သေးဘူးဆိုတာကို ကြားရတော့ ကျမရင်ထဲမှာ အားအင်သစ် တွေ လောင်းချလိုက်သလိုပဲ၊

အဖေရယ် ဒီဘ၀မှာတော့ အဖေ့ကို ကျေးဇူးဆပ်ဖို့ မပြောနဲ့ အဖေရဲ့ ရောက်ရှိလာမဲ့ နောက်ဆုံးချိန်မှာ ပြုစုခွင့်မရှိတော့တဲ့ သမီးကို ခွင့်လွတ်ပါ အဖေလို့ပဲ ရင်ထဲမှာ ကြေကွဲစွာ တိုးတိတ်ရွတ်ဆိုရင်း ကမ္ဘာမြေကြီး ဆက်လက်တည်ရှိအုံးမယ်ဆိုရင် အဖေ့ရဲ့ ကျေးဇူးကို ဆပ်ခွင့်ရပြီး အဖေ့နားမှာ တစ်သက်လုံးပြုစုခွင့်ရတဲ့ သမီးဖြစ်ရပါစေလို့ အဖေ့အိမ်ကို လွမ်းလိုက်တာအဖေရယ်။

ကယားမော်

ကရင်နီဒုက္ခသည်စခန်း(၁)

No comments: