Monday, December 8, 2008

သောက်ရေသန့်စက်ကို ရောင်းစားရန် အာဏာပိုင်များ ဖြုတ်ယူသိမ်းဆည်း

ဖြိုးကြီး .

နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းထားသည့် သောက်ရေသန့်စက်ကို မြို့နယ်အာဏာပိုင်များက ရောင်းစားရန် ဖြုတ်ယူသိမ်းဆည်းခဲ့သည်။

ဘိုကလေးမြို့ပေါ် ကန်တော်ကြီးသောက်ရေကန်တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က လှူဒါန်းထားသည့် ရေသန့်စက်ကို မြို့နယ်(မယက)အာဏာပိုင်များက ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဖြုတ်ယူကာ ရောင်းချရန်ပြုလုပ်နေသည်ကို အလှူရှင်များက မကျေနပ်သဖြင့် ယမန်နေ့က ပြန်ပေးခဲ့ခြင်းဖြစ်သည်။

“အဲဒီရေသန့်စက်ကို ကန်တော်ကြီးဘောင်ဘေးမှာ လှူထားတာ၊ အဲဒါကို (မယက)အဖွဲ့တွေက သိမ်းလိုက်ပြီး ရောင်းစားဖို့လုပ်တာကို (MSF)က လက်မခံဘဲ လိုက်တောင်းတော့ မနေ့က ပြန်ပေးလိုက်တယ်၊ ဒါပေမဲ့ ဘာ ကြောင့် ဖြုတ်သိမ်းရတာလဲဆိုတာကို တာဝန်ခံက မေးတယ်၊ အဲဒါ အခုထိတော့ ပြန်တပ်ဆင်တာ မတွေ့ရသေး ဘူး”ဟု (MSF)ဝန်ထမ်းတဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် တမြို့လုံး အားထားသောက်သုံးနေရသည့် ကန်တော်ကြီးရေကန်မှာ ညစ်ညမ်းမှုများဖြစ်ခဲ့သည့်အတွက် ဒေသခံများ သောက်သုံးရေအတွက် ရေသန့်စက်ကို (MSF)မှ လှူဒါန်းတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီကန်တော်ကြီးရေကို မှီတင်းရတဲ့ လူထုက မနည်းဘူးလေ၊ ဘိုကလေးမြို့ပေါ်မှာ တခြားနေရာကရေတွေက သုံးရုံအဆင့်လောက်ပဲ ရတာ၊ သောက်ရေကန်ဆိုတာ အင်မတန်နည်းပါတယ်၊ အားလုံမှီခိုနေရတဲ့ သဘောပါပဲ၊ အဲဒါကို အခုလို ဖြုတ်ယူသွားတော့ မြို့နေလူထုအတွက် ကျန်းမာရေး စိုးရိမ်ရတာပေါ့”ဟု မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့နေလူထုမှာ အဆိုပါရေသန့်စက်မှထုတ်လုပ်သည့် သောက်ရေသန့်ကို တမြို့လုံးနီးပါး သောက်သုံးနိုင်ရန် လုံလောက်သည့် အတိုင်းအတာရှိကြောင်း မြိ့ခံက ဆက်ပြောသည်။

“အဲဒီစက်က ထုတ်လုပ်တဲ့ရေကို ရေထမ်းသမားတွေက ကယ်ရီလုပ်ပြီး မြို့ထဲမှာ ပြန်ဖြန့်ဝေတယ်၊ ရေထမ်းသမားတွေကို အိမ်ရှင်တွေက တလှည်းကို ဘယ်လောက်နှုန်းဆိုပြီး ပေးထားတာ၊ ကိုယ့်ဟာကိုယ် သွားယူမယ်ဆိုရင်လဲ အခမဲ့ယူလို့ရတဲ့ ကိစ္စပါ၊ ရေသန့်စက်က တမြို့လုံးသုံးလို့ ရတဲ့ အနေအထားလောက်ကို သူတို့က လုပ်ပေးထားတာ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြစ်ဝကျွန်းပေါ် ပင်လယ်ပိုင်းဒေသများတွင် သောက်သုံးရေအခက်အခဲ အကြီးမားဆုံး ကြုံတွေ့ခဲ့ရပြီး မသန့်ရှင်းသည့် ရေများကို သောက်သုံးသဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ရသည်။

No comments: