Friday, December 12, 2008

ယူရိုငွေနှင့်ပဲရောင်းမည့်ကိစ္စ ကုန်သည်များ ယုံကြည်မှုမရှိ

NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈


အိန္ဒိယကို ပဲရောင်းသည့်အခါ ဒေါ်လာနှင့် ငွေပေးချေမှုအစား ယူရိုငွေ (သို့မဟုတ်) စင်ကာပူဒေါ်လာကို အသုံးပြုမည်ဆိုသည့် ရန်ကုန် ကုန်သည်ကြီးများအသင်း (ယူအမ်အက်ဖ်စီစီအိုင်) ၏ ပြောကြားချက်အပေါ် ကုန်သည်များက အယုံအကြည်မရှိဟု ပြောသည်။


လာမည့် ၂ဝဝ၉ ခုနှစ်တွင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲတန်ချိန် (၁) သန်းဝယ်ယူမည်ဖြစ်ပြီး ဝယ်ယူသည့်အခါ လက်ရှိပုံစံ စင်ကာပူနိုင်ငံမှ ပွဲစားများကို ကြားခံမထားဘဲ တိုက်ရိုက်ဝယ်ကာ ယခင်ဝယ်ယူမှုပုံစံ ဒေါ်လာဖြင့် ငွေပေးချေမှုအစား ယူရိုငွေ (သို့မဟုတ်) စင်ကာပူဒေါ်လာကို အသုံးပြုမည် စသည်ဖြင့် ယူအမ်အက်ဖ်စီစီအိုင် အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်၏ ထုတ်ဖော်ပြောဆိုချက်ကို ကုန်သည်များအသိုင်းအဝန်းမှ ယုံကြည်မှု မရှိသကဲ့သို့ အချို့ စိတ်ဝင်စားမှု မရှိကြကြောင်းလည်း သိရသည်။

လက်ရှိ ပဲအရောင်းအဝယ် လုပ်ငန်းအတွက် ငွေကြေးရရန်၊ ပေးရန် ရှိသည်များကို ရှင်းလင်းနေရသူ ကုန်သည်တဦးက “ဦးစိန်ဝင်းလှိုင်ပြောတာက နောက်နှစ်မှာ ဝယ်မယ့်ကိစ္စ၊ လက်ရှိ ဒီမြန်မာဈေးကွက်ထဲမှာ ရှိနေတဲ့ တန်ချိန် (၁) သိန်းနီးပါးကို ဝယ်မှ အဆင်ပြေမှာ။ သူက ဘာမှ အချက်အလက် တိတိကျကျ မပြောနိုင်ဘဲ နဲ့ လာမယ့်နှစ် တန်ချိန် (၁) သန်းလောက်ဝယ်မယ်၊ ဒီနှစ်မှာကိုပဲ (၈) သောင်းဝယ်မယ် ဆိုတာလောက်ပဲ ပြောတော့ လက်ရှိ ပဲဈေးကွက်မှာ ဈေးတွေ ကျမြဲ ကျလျက်၊ ဝယ်လက်မရှိလို့ ပဲတွေ ပုံမြဲ ပုံနေလျက်ပဲ” ဟု ပြောပြသည်။

နောက်ထပ် ကုန်သည်တဦးကလည်း အရောင်းအဝယ် လုပ်ရာတွင် စင်ကာပူကုန်သည်နှင့် ကြားခံလုပ်သည် ဖြစ်စေ၊ အိန္ဒိယအစိုးရနှင့် တိုက်ရိုက် လုပ်ကိုင်ရသည်ဖြစ်စေ ထိုက်သင့်သည့် ဈေးနှုန်းရရန် အရေးကြီးဆုံး ဖြစ်ကြောင်း၊ လောလောဆယ် အိန္ဒိယအစိုးရက ပဲဝယ်မည်ဆိုသည့် အကြမ်းဖျဉ်း သဘောသည် ဈေးနှုန်းနှင့် ပတ်သက်ပြီး မပါသကဲ့သို့ ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးမည်ဆိုသည့် ကတိမျိုးလည်း မပါခြင်းကြောင့် ဘာမှ သေချာမှု မရှိပါဘူးဟု ပြောသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းကာလ မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယသို့ ရောင်းချရာတွင် အိန္ဒိယမှ ရူပီးငွေဖြင့် ပေးချေမည်ဟုသာ အရောင်းအ၀ယ်စာချုပ် (L/C) တွင် ဖော်ပြလေ့ရှိသည်။ မြန်မာပဲကုန်သည်များအနေဖြင့် ရူပီးငွေကို တိုက်ရိုက်လက်ခံနိုင်သည့် ဘဏ်စနစ်မရှိသည့်အတွက် ရူပီးငွေမှ ဒေါ်လာသို့ ပြောင်းသည့် (ACU) စနစ်ကို အချိန်အတော်ကြာ အသုံးပြုခဲ့ရသည်။

ပဲအရောင်းအဝယ် လုပ်ရာတွင် စင်ကာပူဘဏ်တခုကို ကြားခံမလုပ်ဘဲ အိန္ဒိယဘဏ်နှင့် မြန်မာနိုင်ငံက နိုင်ငံခြားငွေ ကိုင်တွယ်သည့် ဘဏ်တခုခု တိုက်ရိုက် ချိတ်ဆက် လုပ်မည်ဆိုသည့်ကိစ္စ မည်သို့ အကျိုးထူးမလဲဟု နိုင်ငံခြားဘဏ်တခု၏ ရန်ကုန်ရုံးခွဲမှ အရာရှိကြီးတဦးကို မေးမြန်းခဲ့သည်။

၎င်းက ဘဏ်နှစ်ခုတည်း တိုက်ရိုက် အလုပ်လုပ်မည်ဆိုပါက အိန္ဒိယဘက်မှ မြန်မာဘက် ပို့မည့် ပို့ကုန်၊ မြန်မာဘက်မှ အိန္ဒိယဘက် ပို့မည့် ပို့ကုန်များကို တွက်ချက်ပြီး ကုန်ပစ္စည်း ဖလှယ်သည့်အနေဖြင့် လုပ်မှသာ ဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်အတိုင်း လုပ်မည်ဆိုပါက မြန်မာနိုင်ငံနှင့် အရောင်းအဝယ် အကူးအသန်း၊ ငွေပေးငွေယူ အများအပြား လုပ်နေသည့် ဘဏ်တခုနှင့်မူ ချိတ်ဆက်ရန် လိုကြောင်း၊ လောလောဆယ် စင်ကာပူဘဏ်ပင် ဖြစ်ကြောင်း ရှင်းပြသည်။

၎င်းက ဆက်လက်ရှင်းပြရာတွင် ယူရို သို့မဟုတ် စင်ကာပူဒေါ်လာနှင့် တွက်ချက်မည်ဆိုပါက ယူရို သို့မဟုတ် စင်ကာပူဒေါ်လာကို အမေရိကန်ဒေါ်လာအဖြစ် ပြောင်းပြီးမှသာ ဘဏ်အချင်းချင်း ငွေပေးငွေယူ လုပ်၍ရမည်ဖြစ်သည့်အတွက် ငွေလဲလှယ်ခ အိန္ဒိယဘဏ်ဘက်ကသာ ရသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာဘက်က နစ်နာနိုင်ကြောင်း၊ မည်သည့်နည်းနဲ့ ကုန်သွယ်သည်ဖြစ်စေ ကုန်သည်များအတွက်မှာမူ မိမိကုန်ပစ္စည်း တန်ဖိုးငွေ အမြင့်ဆုံးရပြီး၊ မိမိဘဏ်ငွေစာရင်းထဲ အမြန်ဆုံး ရောက်ရန်ပင်ဖြစ်ကြောင်း၊ လောလောဆယ် အိန္ဒိယ မြန်မာ သဘောတူညီချက်ဆိုသည်မှာလည်း ဆွေးနွေးဆဲ အဆင့်သာ ရှိသေးပြီး ဘာမှ ရေရေရာရာ မရှိသေးကြောင်း ရှင်းပြသည်။

လောလောဆယ် ပဲဈေးကွက်မှာ နိုင်ငံခြား ဝယ်လက်မရှိသည့်အတွက် ဈေးနှုန်းများကျဆင်းနေရာမှာ မတ်ပဲ (၃) တင်းဝင်အိတ် တအိတ် ကျပ် (၄ဝ,ဝဝဝ) အောက်ထိ ရောက်ရှိနေသည်။ ဝယ်ယူမည့်သူ မရှိသည့်အတွက် ပဲဖိုးငွေ ပေးစရာ ယူစရာ ရှိသူများကလည်း တဦးကိုတဦး ပဲဖြင့်ပင် ပြန်လည် ငွေချေနေကြသည်ကို တွေ့မြင်ရသည်။ ဥပမာ ကုန်သည်တဦးထံ အခြားကုန်သည်တဦးက ရစရာငွေ ကျပ် သိန်း (၅ဝဝ) ရှိပါက အဆိုပါ ကျပ် သိန်း (၅ဝဝ) တန်ဖိုးနှင့်ညီမျှသည့် ပဲများကို လက်ရှိပေါက်ဈေးဖြင့် ဈေးညှိနှိုင်းပြီး ပေးချေခြင်းမျိုး ဖြစ်သည်။

မြန်မာ့ကောက်ပဲသီးနှံများကို ဝယ်ယူမည်ဟု ကမ်းလှမ်းမှုမျိုးသည် အိန္ဒိယ နိုင်ငံသာမက အင်ဒိုနီးရှားနိုင်ငံ ကလည်း ရှိခဲ့ကြောင်း ကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လကုန်၌ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ကောက်ပဲသီးနှံများ ဝယ်ယူလိုပြီး ၎င်းတို့၏ ဓာတ်မြေသြဇာကို ရောင်းလိုကြောင်း ကမ်းလှမ်းမှုမျိုး ရှိသော်လည်း ဓာတ်မြေသြဇာ ဈေးနှုန်းကို လက်ရှိ တတန် ဒေါ်လာ (၃ဝဝ) ကျော် ပေါက်ဈေးရှိနေသည်ကို ဒေါ်လာ (၄ဝဝ) နီးပါးဖြင့် ရောင်းမည်ဆိုသည့်အတွက် ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ကြောင်း သိရသည်။

လောလောဆယ် မြန်မာကုန်သည်များ ရင်ဆိုင်နေရသည့် ပြဿနာက ပဲအပါအဝင် မြန်မာ့ကောက်ပဲသီးနှံများ ဈေးနှုန်း အလွန်အမင်း ကျဆင်းနေသည့်အတွက် ငွေကြေးအမြောက်အမြား အဆုံးရှုံးခံပြီး မရောင်းလိုသည့် ပြဿနာသာ ဖြစ်ကြောင်း၊ ဦးဝင်းမြင့်၊ ဦးစိန်ဝင်းလှိုင် အပါအဝင် ယူအမ်အက်ဖ်စီစီအိုင် တာဝန်ရှိသူများကလည်း အဆိုပါကိစ္စ ဘာမှ စွမ်းဆောင်ပေးနိုင်ခြင်း မရှိဘဲ ဈေးကွက်ရှာရန် အစ္စရေးသွားမည်၊ အာဖရိကတိုက် သွားမည် စသဖြင့် ကုန်သည်ကြီးများ အသင်းပိုင်ငွေများဖြင့် ခရီးထွက်ရန်သာ ပြင်နေကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဝေဖန်သုံးသပ်နေကြသည်။

No comments: