Monday, December 15, 2008

လက်နက်ကိုင် အဖွဲ့အစည်း တခုမှ စစ်တကောင်း တောင်တန်းနယ်မှ အရပ် လူကြီး ၃ ဦး ပြန်ပေးဆွဲပြီး ကျပ်ငွေ ၇ သိန်းတောင်းခံ

Narinjara News 12/15/2008

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ်မှ အရပ်လူကြီး ၃ ဦးကို လက်နက်ကိုင် အဖွဲ့အစည်းမှ ဒီဇင်္ဘာလ ၁၄ ရက်နေ့ ညက ပြန်ပေးဆွဲသွားခဲ့ပြီး ငွေကျပ် ၇သိန်း တောင်းခံထားသည်ဟု ပြန်ပေးဆွဲခံရသူ တဦး၏သားက နိရဉ္စရာသို့ ပြောသည်။

ပြန်ပေးဆွဲခံရသူများမှာ ရုံမော်မြို့နယ် ပိုင်ဒူ တိုက်နယ် ရော်နီ ကျေးရွာမှ လင်းကြေး အမျိုးသား ကာလာဘာရီ ဦးရမ်ထောင် (၄၅ နှစ်)၊ အရပ်လူကြီး မုန်းခြစ် ( ၅၀ နှစ်)နှင့် ဒိုင်းနက် အမျိုးသား ဦးဒေါင်ရိုင် ( ၅၀ နှစ်ကျော်) တို့ ဖြစ်သည်။

ပြန်ပေးဆွဲခံရသူ ဦးရမ်ထောင်၏သား လာလပေါ့က “ မနေ့ညနေက ကျားပြောက် အ၀တ်အစားတွေကို ၀တ်ဆင်ထားတဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့ တဖွဲ့ ရွာထဲကို ၀င်လာပြီး ကျွန်တော် အဖေ အပါအ၀င် နောက်ထပ် လူ ၂ ဦးကို ဖမ်းခေါ်သွားပါတယ်။ ငွေ တာကာ ၇ သိန်းတောင်းပါတယ် ” ဟု ပြောသည်။

သို့သော်လည်း အဆိုပါ လက်နက်ကိုင် အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဖြစ်သည်ကို သူက ထုတ်ဖေါ် ပြောကြားခြင်းမရှိသေးပေ။

စစ်တကောင်းတောင်တန်းနယ်တွင် ဒေသခံ အရပ်လူကြီးများ ဖြစ်သည့် ဦးပန်းထွန်းဦး အပါအ၀င် မြိုခေါင်းဆောင် နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသအတွင်း အခြေအနေမှာ အထူးတင်းမာနေသည့် နောက်ပိုင်း ယခုကဲ့သို့ ပြန်ပေးဆွဲမှု ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဦးပန်းထွန်းဦး အပါအ၀င် မြိုခေါင်းဆောင်များ သတ်ဖြတ်ခံရမှုကြောင့် ဒေသခံ ပြည်သူများက ရခိုင်ပြည်သားများအပေါ် အထူးနာကျည်းနေပြီး ရိုးသားစွာ လုပ်ကိုင် စားသောက်နေသူများ၏ လုံခြုံရေးကို စိုးရိမ်နေရသည်ဟု သိရသည်။

ဘင်ဒရိုဘင်တွင် နေထိုင်သူ ရခိုင်အမျိုးသား ကိုမြတ်ထွန်းက “ ယခင်ကနဲ့ စာရင် ကျနော်တို့ အပေါ် ဒေသခံတွေ ဆက်ဆံတာ လုံးဝ အပြောင်းအလဲ ဖြစ်သွားပါပြီ။ ကျွန်တော်တို့နဲ့ ခု စစ်တကောင်တောင်တန်းနယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ ဘာမှ မပတ်သက်ပါဘူး။ ဒါပေမယ့် ရခိုင်ပြည်သားဆိုရင် အကုန်လုံးကို သူတို့က ကြည့်မရတဲ့ အဆင့်ကို ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ထမင်းဆိုင်ကိုလည်း ဒေသခံတွေ အရင်ကလို လုံးဝမလာတော့ပါဘူး။ လာတဲ့ လူတွေကိုလည်း သစ္စာဖေါက် အဖြစ် သတ်မှတ်မယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါကြောင့် အရင်ကလို လုံးဝ အရောင်းအချ မကောင်းတော့ပါဘူး။ မိသားစု လုံခြုံရေးကိုတောင် စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိပါတယ် ” ဟု ပြောသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် နောက်ထပ် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း တခုမှ ပြန်ပေးဆွဲ ငွေတောင်းသဖြင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသတွင်း နေထိုင်သူများက ပြောသည်။


No comments: