Saturday, December 6, 2008

အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း (အပိုင်း ၂)


မဇ္ဈိမမှာ မြန်မာအခန်းကဏ္ဍမှ အပိုင်း (၁) ကို ဖေါ်ပြခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမေရိကားက ဘာကြောင့် မြန်မာ့အရေးကို Burma, Burmese ဆိုတဲ့ စာလုံးကို တရားဝင်သုံးပြီး မြန်မာတွေ သိန်းနဲ့ချီပြီး လက်ခံထားရတာ အကြောင်းရှိပါတယ်။ ဒီမိုကရေစီကို မြှင့်တင်ပေးချင်တဲ့ စစ်အင်အားကြီး အမေရိကန်ရဲ့ နိုင်ငံခြားရေး၊ ပြည်တွင်းရေး မူဝါဒအရပါပဲ။ သူရဲ့ ကျစ်လစ်သိပ်သည်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းကို ဦးဘိုဘိုကျော်ငြိမ်းက မဇ္ဈိမမှာ ရေးပြခဲ့ဖူးပါတယ်။ အခု ဒီ အပိုင်း (၂) ကိုရေးရတာလည်း လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဆန်ဖရန်စစ္စကို ဘေးဧရိယာက ဒေးလီစီတီးမြို့မှာ မြန်မာ့ Burmese Language ကို တရားဝင် State Language အဖြစ် အမေရိကန်မှာ ရရှိရေးအတွက် မြန်မာတွေ ဆွေးနွေးပွဲ ဒုတိယနေ့ ပြီးဆုံးသွားခြင်းကို အားရကျေနပ်မှုကြောင့် ဖြစ်ပါတယ်။

"ပညာရေး၊ လူမှုဖူလုံရေး၊ ကျန်းမာရေး အထောက်အကူ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု စသည့် အရေးကိစ္စများတွင် လူနည်းစုများအဖြစ် အထူး ကာကွယ်စောင့်ရှောက် ဦးစားပေးမှုတို့ကို မြန်မာတို့ မရရှိ၊ မသိရှိရဘဲ ဥပက္ခာပြုခံထားရ" ဆိုတဲ့ မြန်မာတွေကို ကယ်ဆယ်ထားတဲ့ အမေရိကားမှာတောင် မြန်မာတွေ နိမ့်ကျနေခြင်းဟာ ဘာကြောင့်လဲဆိုတာ ပြန်လည်သုံးသပ်တဲ့ သဘောပါပဲ။ လာအိုဆိုတဲ့ လူမျိုး အသေးလေးတောင် အမေရိကန်ရဲ့ အသိအမှတ်ပြုခံရတယ်။ မြန်မာပြည်ပေါက် လူမျိုးစုများနဲ့ တရုတ်၊အိန္ဒိယများ အမေရိကားရောက်ရင် မြန်မာစစ်အစိုးရကို စိတ်နာကြပါတယ်။ လူမျိုး နေရာမှာ ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ မွန်၊ တရုတ်၊ အိန္ဒိယ စသဖြင့် ထည့်လိုက်တော့ မြန်မာလို့ စာရင်းပေးသူ တော်တော်နည်းသွားရှာပါတယ်။ ဒီတော့ တရားဝင် စာရင်းမှာ Burmese ဆိုတဲ့ အရေအတွက်ဟာ တော်တော်နည်းသွားတော့ မြန်မာအရေအတွက် သိပ်မရှိဖြစ်သွားပြီး ဦးစားပေးအခွင့်အရေးတွေလည်း မရ ဖြစ်သွားပါတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြောင်းလဲမှုလုပ်နိုင်တာကတော့ မြန်မာပြည်တွင်းကပါ။ ထိုင်းနိုင်ငံရောက် မြန်မာ ၂ သန်းကျော်ကတော့ လူအင်အားနဲ့ လက်နက်အင်အား (မြန်မာနဲ့ လူမျိုးစု အတိုက်အခံများ) အခြေစိုက်တဲ့နေရာဆိုတော့ အရေးပါနေပါတယ်။ စင်္ကာပူမှာတော့ မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးတွေအတွက် နအဖ စစ်အစိုးရကို ကမ္ဘာက လက်မခံတော့ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်ဆွေမျိုးတွေ တိတ်တဆိတ် မင်းမူနေသလို၊ နအဖနဲ့ ဝေးအောင်ကြိုးစားပေမယ့် မကင်းနိုင်သူ မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး လုပ်ကိုင်သူများလည်း အများကြီးပါ။ မြန်မာ့အရေးမှာတော့ အိုဘီပီနဲ့ လမ်းပြကြယ် မြန်မာစာကြည့်တိုက်အပြင် စစ်အစိုးရကို စိုးရိမ်လှုပ်ရှားနေတဲ့ မြန်မာကလပ်၊ အင်ဂျင်နီယာအသင်း၊ ပင်နီစူလာ မြန်မာစီးပွားရေးအသင်းနဲ့ ဘာသာရေးအဖွဲ့တွေ ရှိပါတယ်။ အာစီယံနိုင်ငံတွေမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမျက်မထွက်ဘဲ ကူနေတဲ့ မလေးရှား၊ ဖိလစ်ပိုင်တို့ ရှိပါသေးတယ်။

မြန်မာ Burmese ကို တရားဝင် State Language အဖြစ် ရရှိရေးအတွက် Road Map အချိန် Time Frame ကတော့ အမေရိကန် နိုင်ငံလုံးကျွတ် သန်းကောင်စာရင်းကောက်မယ့် ၂၀၁၀ ခုနှစ်ကို သတ်မှတ်ပါတယ်။ သိပ်နီးကပ်တော့ အမေရိကန်အစိုးရနဲ့ ပြည်နယ်အစိုးရတွေကို တောင်းဆိုမှု တင်သွင်းဖို့ အမြန်လိုအပ်နေပါပြီ။ အမေရိကန်စနစ်က အသေးစိတ် စနစ်တကျ လုပ်တတ်တော့ နှေးကွေးတယ်။ ဒါကြောင့် မြန်မာအရေအတွက် သိန်းနဲ့ချီပြီး အမေရိကားမှာ ရောက်နေကြောင်းကို စာရင်းကောက်ဖို့ အရေးတကြီး လိုနေတယ်ဆိုတာကို ဆွေးနွေးကြပါတယ်။

"ကယ်လီဖိုးနီးယား ဘေးဧရိယာတွင် နေထိုင်ကြသည့် မြန်မာအစုအဖွဲ့ အချို့နှင့် စိတ်ဝင်စားသူတို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်တွင် လွန်ခဲ့သည် ရက်သတ္တပတ် တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၆၊ ၂၀၀၈) က အလွတ်သဘော တွေ့ဆုံကြပြီး မိမိတို့ သဘောထားများကို ထုတ်ဖော်တင်ပြကြသည်။ အလွတ်သဘော တွေ့ဆုံပွဲမှာ ၂ နာရီအချိန် (နေ့ခင်း ၂ နာရီမှ ညနေ ၄ နာရီ) အတွင်း တက်ရောက်သူ လူဦးရေ ၂၅ ဦးခန့်နှင့် ကျင်းပခဲ့သည်။ တဦးလျှင် စကားပြောချိန် ၃ မိနစ်မှ ၅ မိနစ်အတွင်း အလှည့်ကျ စာရင်းသွင်း ဆွေးနွေးပြီး ဆွေးနွေးပွဲ ကြီးကြပ်သူအဖြစ် ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယက မေတ္တာဖြင့် ဆောင်ရွက်ပေးသည်" လို့ မိုးမခ အထောက်တော် ဦးထိန်လင်းက ဆောင်းပါးရေးခဲ့တယ်။

ဒီတခေါက် ဒုတိယအကြိမ် အစည်းအဝေးမှာတော့ ဆန်ဖရန်စစ္စကို ဘေးဧရိယာက မြန်မာအသင်းပေါင်း ၄၀ ဖွဲ့ကျော်ကို ပါဝင်လာစေရေး၊ လက်ရှိ အစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီက လူချင်းတွေ့ဖို့ မလွယ်လို့ မိုဘိုင်းဖုန်း ကွန်ဖရင့် အပတ်စဉ်လုပ်ပြီး၊ အများစု အစည်းအဝေးကို လစဉ်ကျင်းပရေး စသဖြင့် တင်ပြကြပါတယ်။

အခက်အခဲတွေကတော့ ထုံးစံအတိုင်း အနည်းအကျဉ်း ရှိပါတယ်။ တချို့က Myanmar / Burmese ၂ ခုကို ပြဿနာလုပ်တယ်။ အမေရိကန်မှာလုပ်တော့ အမေရိကန်အစိုးရ အသိအမှတ်ပြုထားတဲ့ Burmese ကို သုံးမှ ဖြစ်မယ်ဆိုတာ အားလုံးနားလည်ပါတယ်။ တချို့လည်း Burmese-Chinese, Burmese-Karen စသဖြင့် တွဲသုံးချင်တယ်။ ဒါတွေက အရေးတကြီး ဆွေးနွေးရမယ့် ကိစ္စတွေမဟုတ်ဘူးဆိုတာ အားလုံးနားလည်ပေမယ့် ပြောဆိုဆွေးနွေးကြတာ ကောင်းပါတယ်။

အမေရိကန်မှာ လုပ်ကိုင်တော့ ငွေချမ်းသာ၊ ရာထူးဂုဏ်၊ သြဇာ၊ အနှစ် ၃၀ ကျော် အမေရိကားရောက် Burmese US Citizen တွေလည်း စစ်အစိုးရလုပ်သလို ဗိုလ်ကျ၊ အာဏာရှင်လို အတင်းအကျပ် မပြော၊ မလုပ်ကြတာ တွေ့ရတော့ တော်တော်လေး ပီတိခံစားရပါတယ်။ အမေရိကားမှာ လစာ ဒေါ်လာ သောင်းနဲ့ချီပြီး ရတဲ့ ဆရာဝန်များအသင်း၊ အင်ဂျင်နီယာ ပရိုဖက်ရှင်နယ်များ အသင်းတွေက ကိုယ်စားလှယ်တွေလည်း လာရောက်ပြီး ညီညွတ်စွာ အပြုသဘော ဆွေးနွေးကြပါတယ်။ ထုံးစံအတိုင်း မြန်မာ့အရေးလှုပ်ရှားတဲ့ BADA, BAWA, Moemakha, Freemont မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် အဖွဲ့တွေလည်း ပါဝင်ကြပါတယ်။ ဒေလီစီတီ မြန်မာပွဲလမ်းသဘင်တွေ လုပ်နေကျ Jefferson Union High School က ဗုဒ္ဓဘာသာ ဓမ္မအသင်းက အစည်းအဝေးနေရာ စီစဉ်ပေးပါတယ်။ ''ငါ လူကြီးမလုပ်ရလို့ ထွက်မယ်။ သူ လူကြီးလုပ်လွန်းလို့ ထုတ်မယ်'' ဆိုတဲ့ နအဖ အာဏာရှင်စနစ်လည်း ဒီအစည်းအဝေးမှာ မတွေ့ရပါဘူး။

အဓိက အချက်ကတော့ မြန်မာအရေအတွက်ကို အမြန်ဆုံး တရားဝင် အချက်အလက်အဖြစ် ရရှိရေးဖြစ်ပါတယ်။ US Green Card, US Citizen အရေအတွက်ကိုတော့ အစိုးရဆီက တောင်းခံရမှာဖြစ်လို့ ခက်တော့ခက်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ကောက်ခံခဲ့တဲ့ အမေရိကန် သန်းကောင်စာရင်းအရ တသောင်းခွဲလောက်ပဲ ရှိတယ်လို့ သိရတယ်။ http://www.census.gov/population/www/cen2000/briefs/index.html ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဒုက္ခသည်များစွာ အမေရိကန်က လက်ခံခဲ့တယ်။ နိုင်ငံရေးနေထိုင်ခွင့် (ခိုလှုံခွင့်) ကိုလည်း မြန်မာနိုင်ငံသားတွေ လျှောက်ရင် ပေးလိုက်တာ များပါတယ်။

နေထိုင်ခွင့် လျှောက်ရင် ၃ လကနေ ၃ နှစ်အတွင်းမှာ ချပေးလိုက်ပြီး တနှစ်အကြာမှာ US Green Card ပေးလိုက်တယ်။ နောက်ပိုင်း ၅ နှစ်အကြာမှာ အမေရိကန်အတွက် အကျိုးရှိသူတွေကို အမေရိကန် နိုင်ငံသားအဖြစ် အဆင့်မြှင့်ပေးလိုက်တယ်။

အမေရိကားရောက် မြန်မာများ စာရင်းကို ဘယ်လိုကောက်မလဲဆိုတာ ဆွေးနွေးတော့ ဒုက္ခသည်အဖြစ် မြန်မာနယ်စပ်က ရောက်လာသူတွေကလည်း မနည်းပါဘူး။ အစိုးရ တရားဝင်စာရင်း (၂၀၀၇) အရ မြန်မာဒုက္ခသည် သောင်းနဲ့ချီ ရှိပါတယ်။ http://www.census.gov/population/www/cen2000/briefs/index.html ၂၀၀၈ မှာ ဒုက္ခသည် စခန်းတွေမှာ မှတ်ပုံတင်ထားသူ မြောက်မြားစွာ ရောက်လာပြန်တယ်။ စံချိန်တင်သွားတယ်။ အမေရိကန်ကို နည်းမျိုးစုံနဲ့ လာပြီး ခိုလှုံခွင့် Asylum ရရှိသွားသူတွေကတော့ နယ်စပ်ကလာတဲ့ ဒုက္ခသည် အရေအတွက်ထက် အများကြီး သာမှာပါ။ သမရိုးကျ နည်းလမ်းနဲ့ Green Card Migrant Visa ရပြီး လာသူတွေကလည်း မနည်းပါဘူး။ ကျောင်းလာတက်သူ Student Visa, အလုပ်လာလုပ်သူ H1 Visa. ဘာသာရေးလူမှုရေး၊ မှီခို စသဖြင့် ခေတ္တလိုလို၊ အမြဲတမ်းလိုလို အမေရိကားရောက်နေသူ မြန်မာတွေလည်း မနည်းပါဘူး။ အမေရိကန် ဒီဗွီ DV ပေါက်ပြီး မိသားစုလိုက် ရောက်နေသူတွေလည်း တပုံတပင် ဖြစ်ပါတယ်။

ပြီးတော့ လိမ်ညာပြီး Asylum လျှောက်ပေမယ့် ယုတ္တိမရှိဖြစ်တဲ့အပြင် ကိုယ်အပြစ်ကိုလည်း ၀န်မခံနိုင်တဲ့အတွက် အိုဗာစတေး ဖြစ်သွားသူတွေ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အမေရိကားမှာ ဆူရှီဆိုင်၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်းတွေမှာပဲ လုပ်ကိုင်နေသူ မြန်မာများစွာလည်း ရှိပါသေးတယ်။

တိုင်ဝမ်ရောက် မြန်မာတရုတ်တွေလည်း ရေကြည်ရာမြက်နုရာ အမေရိကားကို အလွယ်တကူရတဲ့ တိုင်ဝမ်ပတ်စပို့နဲ့ ရောက်လာပြီး အလုပ်လုပ်၊ ငွေရှာကြတယ်။ Asylum လျှောက်ပြီး အဆင်ပြေခဲ့ကြတယ်။ ဒါပေမဲ့ 9/11 အကြမ်းဖက်မှုပြီးတဲ့အချိန် အမေရိကန်အ၀င် လေဆိပ်မှာ လက်ဗွေ လက် ၁၀ ချောင်းစလုံး နှိပ်ရတော့ ပတ်စပို့ ပျောက်သွားပြီဆိုပြီး လိမ်ညာ Asylum လျှောက်လို့ မရတော့ဘူး။ တချို့ နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်မှာ Green Card အမြဲနေထိုင်ခွင့်ရသူ ဒုက္ခသည်တွေ၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှားတွေမှာ ပီအာ အမြဲတမ်း အလုပ်လုပ်ကိုင်နေထိုင်မှု ရသူတွေလည်း အမေရိကန်က ပိုကောင်းမလားဆိုပြီး အမေရိကားကို ရောက်နေကြတယ်။ သူတို့လို လူတွေကတော့ လက်ဗွေယူထားပြီးဖြစ်လို့ အမေရိကန် ဥပဒေအရ Asylum လျှောက်ရင် တော်တော်ခက်ခက်ခဲခဲ ဖြစ်ရတယ်။ အဲဒီလို အခြေအနေမဲ့ မြန်မာတွေ အရေအတွက်လည်း ထည့်ရပါမယ်။

မြန်မာတွေ လူရာဝင်ရေးအတွက် မြန်မာတွေကပဲ ကြိုးစားရတာ သဘာဝကျပါတယ်။ အမေရိကန်က အင်္ဂလိပ်ဘာသာစကားကို တရားဝင်ဘာသာအဖြစ် သုံးပါတယ်။ စင်္ကာပူ၊ သြစတြေးလျား၊ နယူးဇီလန်၊ ကနေဒါ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ အင်္ဂလိပ်ဘာသာစကားပဲ တရားဝင်သုံးတာက အင်္ဂလိပ်နိုင်ငံ၊ အင်္ဂလိပ်လူမျိုးကို သစ္စာရှိလွန်းလို့ မဟုတ်ပါဘူး။ သုံးသင့်တဲ့ ဆက်သွယ်ရေး ဘာသာစကား ဖြစ်လို့ပါ။ ဒါကိုနားလည်ရင် စစ်အစိုးရကို စိတ်နာနေတဲ့ မြန်မာလူမျိုးစုနဲ့ တရုတ်၊ အိန္ဒိယတွေလည်း ဘာသာစကားနဲ့ စစ်အစိုးရ ဒီ၂ ခုကို ကွဲပြားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ ကွန်ပြူတာခေတ်ဆိုတော့ အချက်အလက်တွေကို ကွန်ပြူတာ ကျွမ်းကျင်တဲ့ Experts မြန်မာတွေ၊ မြန်မာ့အရေးနဲ့ လူမှုရေး အားပေးသူတွေနဲ့ အမေရိကန်မှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်ကျောင်းသားတွေ ကူညီမှုနဲ့ လျင်မြန်စွာ လုပ်နိုင်မှာပါ။ ပိုက်ဆံအားကိုးပြီး ငွေအားနဲ့ လုပ်ရင်တော့ တချိန်မှာ အမေရိကန်နိုင်ငံကြီး စီးပွားရေးကပ်ဖြစ်သလို အဆင်မပြေဖြစ်မှာကိုလည်း သဘောပေါက်ကြပါတယ်။ ယုံကြည်ချက်ရှိတဲ့ မြန်မာမျိုးဆက်သစ်တွေ ဆက်လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါတယ်။

ဘာ အခက်အခဲပဲ ရှိပါစေ၊ ဒီ ၂၀၁၀ အမေရိကန် သန်းကောင်းစာရင်းမှာ မြန်မာဘာသာစကား Burmese ကို တရားဝင် အသိအမှတ်ပြုခံရရေးကို အမေရိကန်ရောက် မြန်မာနိုင်ငံသား အားလုံးနဲ့ မြန်မာအဖွဲ့အစည်း အားလုံး ညီညွတ်စွာ လုပ်ဆောင်မှာဖြစ်လို့ အားရစွာ တင်ပြလိုက်ရပါတယ်။

ဆန်းသစ်

No comments: