Monday, December 8, 2008

မြန်မာနိုင်ငံ မသွားသင့်သေးဟု ဘန်ကီမွန်းယူဆ

NEJ/ ၈ ဒီဇင်ဘာ ၂၀၀၈

လူသားချင်းစာနာသည့် အကူအညီများပေးအပ်ရေး ကိစ္စနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရေး မြန်မာနိုင်ငံသို့ လတ်တလော ထပ်မံသွားရောက်ရန်အစီအစဉ်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယခုလ (၅) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သတင်းထောက်များအား ပြောသည်။

မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံကို သွားဖို့ ကျနော်အဆင်သင့်ရှိတယ်ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သင့်တော်တဲ့ အချိန်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထပ်ပြီးပြောချင်ပါတယ်။ လတ်တလောအခြေအနေတွေအရ ကျနော် မြန်မာနိုင်ငံကို ထပ်သွားဖို့ သင့်တော်တဲ့အချိန်လို့ မထင်ပါဘူး။ အဓိပ္ပာယ်ရှိပြီး အလုပ်ဖြစ်မယ်ဆိုရင် ကျနော်သွားဖို့ အဆင်သင့်ရှိနေပါတယ်” ဟု ပြောကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များအား မစ္စတာဘန်ကီးမွန်းက ယင်းသို့ပြောခြင်းဖြစ် သည်။ ထို့အပြင် မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒအတွင်း အရေးပါ သည့်မူတခုဖြစ်ကြောင်း တရားဝင်ကြေညာထားပြီးဖြစ်ကြောင်း၊ လတ်တလော မြန်မာစစ်အစိုးရ၏ လုပ်ဆောင်မှုများ (နိုင်ငံရေး တက်ကြွသူများကို ထောင်ဒဏ်များနှစ်ရှည်ချမှတ်နေခြင်း) သည် အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်များကို ခြိမ်းခြောက်ရာရောက်သည်သာမက ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ စိုးရိမ်မှုများကို အလေးမထားရာ ရောက်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုမှ ဆုံးဖြတ်အတည်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရေးကိုလည်း မြန်မာစစ်အစိုးရအား ၎င်းအနေဖြင့် တောင်းဆိုတိုက်တွန်းပြီးဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။ ထို့အပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တာဝန်ပေးချက်အရ ဆောင်ရွက်နေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ အီဘရာဟင် ဂမ်ဘာရီတို့၏ အခန်းကဏ္ဍမှာမူ ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက် လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုတွင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန်တို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ယခင်နှစ် အောက်တိုဘာ (၁၁) ရက် ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရက အကောင်အထည်ဖော်ရန် ဖိအားပေးရေးအတွက် မစ္စတာဘန်ကီမွန်းအနေဖြင့် ယခုနှစ်ကုန်၌ မြန်မာနိုင်ငံသို့သွားရောက်ပါဟု ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင် (၁၁၂) ဦးက ယခု လ (၃) ရက်နေ့တွင် တောင်းဆိုခဲ့သည်။

မြန်မာစစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းများ တိုးမြှင့်ပြုလုပ်လျက်ရှိရာ ၂၀၀၇ ခု ဇွန်လတွင် နိုင်ငံရေး အကျဉ်းသား (၁,၂၀၀) ဦးရှိရာမှ ယခုအခါ (၂,၁၀၀) ဦး ကျော်သွားပြီဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့ခေါင်းဆောင်များ၏ တိုက်တွန်း တောင်းဆိုစာ၌ ဖော်ပြထားသည်။

No comments: